အထိန်းတော်သား

From Wikipedia, the free encyclopedia

Remove ads

အထိန်းတော်သား ဆိုသည်မှာ အချို့သော စာစောင်မှတ်တမ်းတို့တွင် ဖော်ပြထားသကဲ့သို့ အထိန်းတော်၏ သား မဟုတ်ပါ။ ငယ်ရွယ်နုနယ်သေးသော မင်းသမီး၊ မင်းသား၊ ကလေးသူငယ်အများကို ထိန်းသိမ်းစောင့်ရှောက်ရသည့် "အထိန်း,အယ" တစ်နည်းအားဖြင့် မင်းညီမင်းသား၊ မင်းသမီး အများနှင့်သာ သက်ဆိုင်လေသောကြောင့် မင်းထိန်း၊ မင်းယပင် ဖြစ်ချေသည်။ ထို့ကြောင့်လည်း ဦးကုလား မဟာ ရာဇဝင်ကြီး၊ ပထမတွဲ စာမျက်နှာ- ၂၄၇ တွင် ဤအနန္တသူရိယ အမတ်ကြီးနှင့် အလောင်းစည်သူမင်းကြီး၏သားတော် မင်းရှင်စောတို့၏ အကြောင်းကို ဆိုရာ၌ အလောင်းစည်သူမင်းကြီး အထိန်းတော်သား အနန္တသူရိယ ဟုဆိုပြီးမှ ဆက်၍တစ်ဖန် ဤဖျင်ကား မင်းထိန်း မင်းယတို့ ဝတ်ထိုက်သော အဝတ်မဟုတ် ဟု အထိန်းတော်သား အနန္တသူရိယအမတ်ကိုပင် မင်းထိန်း၊ မင်းယဟု ရည်ညွှန်းပြဆိုပြန်လေသည်။ တဖန် အထိန်း အယဟု ဆိုပြန်ရာ၌လည်း မင်းတစ်ပါးလက်ထက်တော်တွင် အထိန်း၊ အယ တစ်ဦးတည်းသာ ရှိသည်မဟုတ်။ များပြားလှစွာသော မိဖုရား ကိုယ်လုပ်တော်တို့မှ ဖွားမြင်တော်မူသည့် များပြားလှစွာသော သားတော်၊ သမီးတော်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် များပြားလှစွာသော အထိန်း အယတို့သည် ရှိကုန်၏။

ထိုအထိန်းအယတို့တွင် အရာအထူးအားဖြင့် ကြီးမြင့်သူလည်း ရှိပေသည်။ သိမ်ငယ်သူလည်း ရှိပေသည်။ သို့ရာတွင် ထိုအထိန်းအယတို့သည်ကား အစုတစ်ခု၊ အစို့တစ်ခု၊ အသင်းတစ်ခု အဖွဲ့တစ်ခုကဲ့သို့ ဖြစ်၍နေသောကြောင့် အစုတစ်ခုတွင် အပါအဝင်ဖြစ်သူကို အစုသား၊ အစို့တစ်ခုတွင် အပါအဝင်ဖြစ်သူကို အစုသား၊ အသင်းတစ်ခုတွင် အပါအဝင်ဖြစ်သူကို အသင်းသား၊ အဖွဲ့တစ်ခုတွင် အပါအဝင်ဖြစ်သူကို အဖွဲ့သား ဟု ခေါ်ဆိုကြသကဲ့သို့ အထိန်း အယတစ်စု၊ တစ်စို့၊ တစ်သင်း၊ တစ်ဖွဲ့တွင် ပါဝင်သူကိုလည်း အထိန်းသား၊ မင်းနှင့်သက်ဆိုင်သော အထိန်းတော်သား ဟု တော် ဟူသော မင်းသုံးစကားကို ထည့်၍ ခေါ်ဝေါ်ကြခြင်းမျှ ဖြစ်လေသည်။ သား ဟူသော စကား၏ အသုံးအနှုန်းနှင့် ပတ်သက်၍ ပုံစံသက်သေ ပြရမည် ဆိုသော် အစုသား၊ အစို့သား၊ အသင်းသား၊ အဖွဲ့သား ဟူသော အသုံးအနှုန်း အထောက်အထား တို့သည်ကား ထင်ရှားများပြားလှစွာ ရှိ၏။

ထို့အပြင် ဆွေသား မျိုးသား၊ လေးသား၊ ဒိုင်းသား၊ မိန်းမသား၊ ယောက်ျားသား၊ လှေတော်သား၊ ကိုယ်ရံတော်သား စသည်တို့နှင့် ပတ်သက်သော အသုံးအနှုန်း အထောက်အထားများသည်လည်း ထင်ရှားများပြားလှစွာရှိပေသည်။ ထို့ထက်မှာမူ ရဟန်းသံဃာတော်များနှင့် စပ်လျဉ်း၍ သုသောမိတ-မဟာရာဇဝင်ကြီး၊ တတိယတွဲ၊ စာမျက်နှာ- ၂၁၇ ၌ ငါရဟန်းသား ဖြစ်သည်။ လူမှုနှင့် မစပ်ဟု လေးထပ်ဆရာတော် ဘုရားကြီးက သာလွန်မင်းတရားကြီးအား မိန်ဆိုတော်မူကြောင်း နှင့် ပြဆိုခဲ့ဘူးသည်ကို ထောက်ချင့်ခြင်းအားဖြင့် အထိန်းတော်သားကား အထိန်းတော်၏ သားမဟုတ်၊ အထိန်းတော်၊ အထိန်းပင် ဖြစ်ကြောင်း သိရာ၏။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads