အာကီနို
From Wikipedia, the free encyclopedia
Remove ads
မာရီယာ ကိုရာဇွန် အာကီနို (Maria Corazon "Cory" Sumulong Cojuangco Aquino)(၂၅ ဇန္နဝါရီ ၁၉၃၃ – ၁ ဩဂုတ် ၂၀၀၉) သည် ဖိလစ်ပိုင်နိုင်ငံ၏ ဒီမိုကရေစီ ရှေ့ဆောင် သမ္မတဟောင်းတဦးဖြစ်သည်။ သူမသည် ၁၉၈၆ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံ၏ ၁၁ ဆက်မြောက် သမ္မတအဖြစ် ထမ်းရွက်ခဲ့သည်။ သူမသည်လည်း ဖိလစ်ပိုင်၏ ပထမဦးဆုံးသော အမျိုးသမီး သမ္မတ ဖြစ်သလို အာရှနိုင်ငံများအကြား ပထမဦးဆုံးသော အမျိုးသမီး သမ္မတဖြစ်သည်။ သူမသည် ၂၀၀၉ ဩဂုတ် ၁ ရက်နေ့တွင် အူမကင်ဆာရောဂါကြောင့် ဘဝတပါးသို့ ကူးပြောင်းသွားပြီဖြစ်သည်။
မိမိကိုယ်ကို “အိမ်ထောင်ရှင်မတဦး”သာ ဖြစ်ကြောင်း ခံယူထားသည့် အာကီနိုသည် [၁] ဖိလစ်ပိုင် ဆီးနိတ်အမတ် ဘန်နစ်နို အာကီနို ဂျူနီယာ (Benigno Aquino, Jr.) (၁၉၃၂–၁၉၈၃) နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ဘန်နစ်နို အာကီနိုသည် ထိုစဉ်အခါက အာဏာရှင် သမ္မတ ဖာဒီနန် မားကို့စ် (Ferdinand Marcos) အား ဆန့်ကျင်သည့် အတိုက်အခံ ခေါင်းဆောင်ဖြစ်သည်။
၁၉၈၃ ခုနှစ်တွင် ဘန်နစ်နို အာကီနိုသည် အမေရိကန် ပြည်ထောင်စုသို့ ထွက်ပြေးတိမ်းရှောင်ရာမှ ဖိလစ်ပိုင်သို့ ပြန်လာပြီးနောက် လုပ်ကြံခံခဲ့ရသည်။ နိုင်ငံရေး အတွေ့အကြုံမရှိသည့် အာကီနိုသည် သူမ၏ခင်ပွန်းသည် ကွယ်လွန်ပြီးနောက် အတိုက်အခံ အင်အားစုများအား စည်းလုံးမှုရှိစေသည့် အဓိက ပုဂ္ဂိုလ်တဦးဖြစ်လာခဲ့သည်။ အတိုက်အခံ အင်အားစု၏ နားချဆော်ဩမှုကြောင့် အာကီနိုသည် လက်ရှိသမ္မတ မားကို့စ်နှင့်အပြိုင် ၁၉၈၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲအတွင်း မဲလိမ်မှုများရှိသည်ဟု သတင်းလောကမှ ကျယ်ကျယ်ပျံ့ပျံ့ ဖော်ပြနေသည့်ကြားထဲ သမ္မတ မားကို့စ်က ရွေးကောက်ပွဲကို အနိုင်ရကြောင်း ကြေညာခဲ့သည်။ ထို့နောက် ဖိလစ်ပိုင်တွင် မားကို့စ် အာဏာကျစေသည့် ငြိမ်းချမ်းသည့် “ပြည်သူ့အင်အား တော်လှန်ရေး” (People Power Revolution) စတင်ခဲ့ကာ အာကီနိုအား သမ္မတအဖြစ် တင်မြောက်ခဲ့ကြသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads