အာနာပါနဿတိသုတ်

From Wikipedia, the free encyclopedia

Remove ads

သာဝတ္ထိမြို့ ပုဗ္ဗာရုံကျောင်းတော်၌ အရှင်သာရိပုတ္တရာအစရှိသော ၁၀-ပါး သော အဘိညာတမထေရ်မြတ်များ အခြားအဘိညာတသာဝကထေရ်ပေါင်းများစွာတို့နှင့် အတူ သီတင်းသုံးတော်မူနေပုံ၊ မထေရ်ကြီးများ၏ ဩဝါဒ၊ အနုသာသနီကြောင့် ရဟန်းတော်သစ်များ အဆင့်ဆင့် ကသိုဏ်း, ပရိကမ်, မဂ်, ဖိုလ်တရားထူးများကို သိနိုင်ကြပုံ၊ ဘုရားရှင် လိုလားတော်မူသည့်ပရိသတ် အနေအထား၊ အာနာပါနဿတိဘာဝနာ၏ အကျိုးအဆင့်ဆင့်၊ အာနာပါနဿတိဘာဝနာပွားများရာ တောရကျောင်းနှစ်မျိုး၊ ယောဂီပုဂ္ဂိုလ်၏ တရားရှုမှတ်ရာ၌ထားရှိရမည့် ကိုယ်အနေအထားနှင့် ရှုမှတ်ပွားများပုံ၊ အာနာပါနဿတိပွားများရာ၌ ပွားများပုံလေးမျိုး၊ အမှတ် (၁)ပွားများပုံရှစ်မျိုးသည် ကာယာနုပဿနာသတိပဋ္ဌာန်ဖြစ်ပုံ၊ အမှတ် (၂)ပွားများပုံရှစ်မျိုးသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဖြစ်ပုံ၊ အမှတ် (၃)ပွားများပုံရှစ်မျိုးသည် စိတ္တာနုပဿနာသတိပဋ္ဌာန် ဖြစ်ပုံ၊ အမှတ် (၄)ပွားများပုံရှစ်မျိုးသည် ဓမ္မာနုပဿနာသတိပဋ္ဌာန် ဖြစ်ပုံ၊ ယင်းသတိပဋ္ဌာန်လေးမျိုးကို ပွားများနေပါက ဗောဇ္ဈင်ခုနှစ်ပါး ပွားများနေပုံ၊ ဗောဇ္ဈင်ခုနစ်ပါး ပွားများနေခြင်းကြောင့် ဝိဇ္ဇာဝိမုတ္တိဖြစ်သွားပုံ၊ သို့မဟုတ် ဝိဇ္ဇာဝိမုတ္တိဖြစ်အောင် ဗောဇ္ဈင် ခုနှစ်ပါး ပွားများပုံတို့ကို ဘုရားရှင် အဆင့်ဆင့်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -တန်ဆောင်မုန်းလပြည့်နေ့ သန္နိပါတ၌ ရဟန်းတော်များ မရေမတွက်နိုင်အောင် များပြားပုံ၊ ဩဝါဒအနုသာသနီ အမျိုးအစား၊ ဥဠာရဝိသေသ၊ ပဝါရဏာသင်္ဂဟ အကြောင်း၊ ပုဗ္ဗဝိသေသ၊ ပုဋောသေန အဖွင့်၊ အာနာပါနဿတိကျမ်းညွှန်း၊ အာနာပါနဿတိဘာဝနာမဖြစ်သူ၊ ဓမ္မာနုပဿီ၊ ဗောဇ္ဈင်ခုနစ်ပါး ဖြစ်နေပုံ၊ လောကီ လောကုတ္တရာအာနာပါန အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ [] []

Remove ads

အာနာပါန ပထမစတုက္က

၁။ ဒီဃ = ဝင်သက်လေ-ထွက်သက်လေ၏ တို့ကို သိအောင် ကြိုးစားအားထုတ်ခြင်း၊

၂။ ရဿ = ဝင်သက်လေ-ထွက်သက်လေ၏ အရှည်၊ အတို တို့ကို သိအောင် ကြိုးစားအားထုတ်ခြင်း၊

၃။ သဗ္ဗကာယ = ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် အားထုတ်ခြင်း၊

၄။ ပဿမ္ဘယ = ဝင်သက်လေ-ထွက်သက်လေကို ငြိမ်အောင် ငြိမ်းအောင် ကျင့်ခြင်း –

ပထမစတုက္ကကို အာနာပါနကမ္မဋ္ဌာန်းကို အားသစ်စ အာဒိကမ္မိကပုဂ္ဂိုလ်၏ သမထကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ကာယာနုပဿနာသတိပဋ္ဌာန်တည်း။ ဒုတိယစတုက္က, တတိယစတုက္က, စတုတ္ထစတုက္ကဟူသော စတုက္က သုံးခုတို့ကိုကား ဤ ပထမစတုက္က၌ ရအပ်ပြီးသော ဈာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ကုန်၏။

ပထမစတုက္က၌ ဈာန်ကို ရရှိအောင် အားထုတ်ပြီးပါမှ ဒုတိယစတုက္က တတိယစတုက္က စတုတ္ထစတုက္ကတို့ကို အဆင့်ဆင့် ကူးတက်ရမည် ဖြစ်ပေသည်။

Remove ads

အာနာပါန ဒုတိယစတုက္က

၁။ ပီတိကို ထင်ထင်ရှားရှားသိလျက် ဝင်လေ-ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊

အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပီတိနှင့်ယှဉ်သော ပထမဈာန် ဒုတိယဈာန်တို့ကို ဝင်စား၏၊(သမထပိုင်းတည်း။)

ယင်းပထမဈာန် ဒုတိယဈာန်တို့ကို ဝင်စား၍ ယင်းဈာန်မှ ထ၍ ယင်းဈာန်နှင့် ယှဉ်သော ပီတိကို တစ်နည်း – ပီတိကို အဦးမူသဖြင့် ဈာန်နာမ်တရားအားလုံးကို ယင်းတို့၏ ပြိုပြိုပျက်ပျက် ကုန်ကုန် ပျောက်ပျောက်သွားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၏၊(ဝိပဿနာပိုင်းတည်း။)


၂။ သုခကို ထင်ထင်ရှားရှားသိလျက်။ ပ။

သမထပိုင်း၌ ပထမဈာန် ဒုတိယဈာန် တတိယဈာန်တို့ကို အစဉ်အတိုင်း ဝင်စား၍ အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ ယင်းဈာန်နှင့်ယှဉ်သော သုခကို တစ်နည်း သုခကို အဦးမူသဖြင့် ဈာန်နာမ်တရားစုတို့ကို အစဉ်အတိုင်း ယင်းတို့၏အပျက်ကို အာရုံယူ၍ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့သော် သုခကို ထင်ထင်ရှားရှား သိလျက် အသက် ရှူနေသည် မည်၏၊

၃။ စိတ္တသင်္ခါရကို ထင်ထင်ရှားရှားသိလျက်။ ပ။

သမထပိုင်း၌ အာနာပါနဈာန် (၄)ပါးလုံးကို အစဉ်အတိုင်း ဝင်စားလျက် အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ စိတ္တသင်္ခါရ အမည်ရသော ဝေဒနာ သညာ တရားနှစ်ပါးကို, တစ်နည်း သညာနှင့်ယှဉ်သော ဝေဒနာကို, တစ်နည်း ဝေဒနာကို အဦးမူသဖြင့် ဈာန်နာမ်တရားအားလုံးကို ယင်းတို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာရှုလျက် အသက် ရှူနေခဲ့သော် စိတ္တသင်္ခါရတရားကို ထင်ထင်ရှားရှား သိလျက် အသက်ရှူနေသည် မည်၏၊

၄။ စိတ္တသင်္ခါရကို ငြိမ်းစေလျက်။ ပ။

သမထပိုင်း၌ အာနာပါနဈာန် (၄)ပါးတို့ကို အစဉ်အတိုင်းဝင်စားလျက် အသက်ရှူနေခဲ့သော် ရုန့်ရင်းရုန့်ရင်းသော စိတ္တသင်္ခါရတရားကို ငြိမ်းစေလျက် ချုပ်စေလျက် အသက်ရှူနေသည် မည်၏၊ ဝိပဿနာပိုင်း၌ ယင်းဈာန် (၄)ပါးတို့ကို အသီးအသီး ဝင်စား၍ ယင်းဈာန်အသီးအသီးမှ ထသောအခါ ဝေဒနာကို အဦးမူသဖြင့် ယင်းဈာန်နာမ်တရားတို့ကို သိမ်းဆည်းလျက် ယင်းတို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာရှုနေခဲ့သော် ရုန့်ရင်းရုန့်ရင်းသော စိတ္တသင်္ခါရတရားကို ငြိမ်းစေလျက် ချုပ်စေလျက် အသက်ရှူနေသည် မည်၏၊ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ၊၊[]


Remove ads

အာနာပါန တတိယစတုက္က

၁။ ဈာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ဝင်လေ-ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊၊

သမထပိုင်း၌ အာနာပါနဈာန် (၄)ပါးတို့ကို အစဉ်အတိုင်း ဝင်စားလျက် အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ ယင်းဈာန်အသီးအသီးကို ဝင်စား၍ ဈာန်မှ ထတိုင်းထတိုင်း ယင်းဈာန်စိတ်ကို တစ်နည်း ဈာန်စိတ်ကို အဦးမူသဖြင့် ဈာန်နာမ်တရားအားလုံးကို ယင်းတို့၏ အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့သော် ဈာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေသည် မည်၏၊ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။

၂။ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက်။ ပ။

သမထပိုင်း၌ ပီတိနှင့်ယှဉ်သော အာနာပါနပထမဈာန်, ဒုတိယဈာန်ကို ဝင်စားလျက် အသက်ရှူနေ၏၊ ပီတိကြောင့် ဈာန်စိတ်သည် လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက် အသက်ရှူနေပါ၊ ဝိပဿနာပိုင်း၌ကား ပီတိနှင့် ယှဉ်သော အာနာပါနပထမဈာန်, ဒုတိယဈာန်ကို ဝင်စား၍ ယင်းပထမဈာန်, ဒုတိယဈာန်မှ ထ၍ ယင်းဈာန်နှင့် ယှဉ်သော ပီတိကို တစ်နည်း ပီတိကို အဦးမူသဖြင့် ဈာန်နာမ်တရားအားလုံးကို အပျက်ကိုမြင်အောင် ကြည့်၍ ဝိပဿနာရှု၏၊

၃။ စိတ်ကို အာရုံ၌ အညီအညွတ် ကောင်းစွာထားလျက်။ ပ။

သမထပိုင်း၌ အာနာပါနပထမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့သော်, ယင်းဈာန်တို့၏ အာရုံဖြစ်သော အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဈာန်စိတ်ကို အညီအညွတ် ကောင်းစွာထားလျက် အသက်ရှူနေသည် မည်၏၊

ဈာန်စိတ်ကို အဦးမူသဖြင့် ဈာန်နာမ်တရားအားလုံးကို အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှု၏၊ ခဏိကသမာဓိ၏ အစွမ်းဖြင့် ဈာန်စိတ်ကို အဦးမူ၍ သိမ်းဆည်းထားအပ်သော ဈာနဓမ္မ သင်္ခါရတရားစုတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာဟူသော တစ်မျိုးမျိုးသော အခြင်းအရာ၌ ဝိပဿနာစိတ်ကို အညီအညွတ် ကောင်းစွာထားလျက် အသက်ရှူနေပါ။

၄။ စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက်။ ပ။

သမထပိုင်း၌ ပထမဈာန်ဖြင့် နီဝရဏတရားတို့မှ စိတ်ကို လွတ်မြောက်စေလျက် ဒုတိယဈာန်ဖြင့် ဝိတက် ဝိစာရတို့မှ, တတိယဈာန်ဖြင့် ပီတိမှ, စတုတ္ထဈာန်ဖြင့် သုခ ဒုက္ခတို့မှ စိတ်ကို လွတ်မြောက်စေလျက် ယင်းဈာန်တို့ကို ဝင်စားလျက် အသက်ရှူနေပါ။

ဝိပဿနာပိုင်း၌ကား ထိုဈာန်တို့ကို ဝင်စား၍ ထိုဈာန်တို့မှ ထ၍ ဈာန်နှင့်ယှဉ်သော စိတ်ကို (စိတ်ကို အဦးမူ၍ ဈာန်နာမ်တရားအားလုံးကို) ကုန်တတ် ပျက်တတ်သော သဘောကို မြင်အောင်ကြည့်၍ ဝိပဿနာရှု၏၊ []


အာနာပါန စတုတ္ထစတုက္က

၁။ သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်လေ-ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊

၂။ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် ရာဂ၏ကင်းပြတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ (ဝိရာဂါနုပဿနာ)။ ပ။

၃။ သင်္ခါရတရားတို့၏ ခဏအားဖြင့် ချုပ်ခြင်း ခဏဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ (နိရောဓာနုပဿနာ)။ ပ။

၄။ ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်လွှတ်တတ်သော ဝိပဿနာဉာဏ်, သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ စွန့်လွှတ် တတ်သော အရိယမဂ်ဉာဏ်နှင့် ပြည့်စုံအောင် သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် သင်္ခါရတရားတို့၏ ချုပ်ရာ, သင်္ခါရတရားတို့ကို စွန့်လွတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့။ ပ။ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊

စတုတ္ထစတုက္ကကို သုဒ္ဓဝိပဿနာ၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ ရှေးစတုက္က သုံးမျိုးတို့ကိုကား သမထ-ဝိပဿနာ၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။

စတုတ္ထစတုက္ကတွင် အကျုံးဝင်သော အနိစ္စာနုပဿီ-ပုဒ်တွင် ပါဝင်သော အနိစ္စတရားများကို အဋ္ဌကထာဆရာတော်[]က အနိစ္စန္တိ ပဉ္စက္ခန္ဓာ = အနိစ္စ တရားတို့မှာ ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ဖြစ်ကြောင်းကို ဖွင့်ဆိုထားတော်မူ၏၊ ထိုခန္ဓာ (၅)ပါးတို့မှာ ဈာန်နာမ်တရားများ အပါအဝင် ပကိဏ္ဏကသင်္ခါရ အမည်ရသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ပင်တည်း။ ထိုခန္ဓာ (၅)ပါးတို့ကို ဝိပဿနာ ရှုနိုင်ရန် ယင်းခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဖြစ်ပေသည်။ အကြောင်းတရားတို့ကိုလည်း သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဖြစ်ပေသည်။[]

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads