အိမ်စောင့်အစိုးရ (၁၉၅၈)
From Wikipedia, the free encyclopedia
Remove ads
အိမ်စောင့်အစိုးရ သည် ၁၉၅၈-ခုနှစ်တွင် အာဏာရ အရပ်သားဝန်ကြီးချုပ် ဦးနုထံမှ နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းမှ လွှဲပြောင်းရယူပြီးနောက် ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ဖြစ်သည်။ ဤအစိုးရမှာ မြန်မာ့သမိုင်းတွင် ပထမဆုံးသော အိမ်စောင့်အစိုးရအဖွဲ့ဖြစ်သည်။ ၁၉၆၀-ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပြီးနောက် အနိုင်ရရှိခဲ့သော ဦးနုကို အာဏာ ပြန်လွှဲပေးခဲ့သည်။[၁]
အိမ်စောင့်အစိုးရသည် အောက်ပါလုပ်ငန်းစဉ်လေးရပ်ကို ချမှတ်၍ အုပ်ချုပ်ခဲ့သည်။[၂]
- တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး
- တရားဥပဒေပြန်လည်စိုးမိုးလာပြီး နိုင်ငံရေးပါတီများကလည်း ကူညီဆောင်ရွက်မည်ဆိုလျှင် ခြောက်လအတွင်း လွတ်လပ်၍တရားမျှတသော ပါလီမန်ရွေးကောက်ပွဲကျင်းပရေး
- နေထိုင်စားသောက်မှုစရိတ် လျှော့ချပေးရေး
- နိုင်ငံအတွင်းစီးပွားရေးပျက်ပြားနေခြင်းကို ပြန်လည်ပြုပြင်ရေး
Remove ads
သမိုင်းကြောင်း
အာဏာရ ဖဆပလပါတီသည် ၁၉၅၈ခုနှစ် ဧပြီလတွင် သန့်ရှင်း နှင့် တည်မြဲ ဟူ၍ နှစ်ခြမ်းပြိုကွဲပြီးနောက် နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးနေခဲ့သည်။၁၉၅၈ခုနှစ် စက်တင်ဘာ ၂၆ရက်နေ့ နံနက်တွင် တပ်မတော်မှ ဗိုလ်မှူးကြီးအောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးမောင်မောင်တို့က ဦးနု၏ နေအိမ်သို့ လာရောက် တွေ့ဆုံခဲ့ကြသည်။ ညနေပိုင်းတွင် အာဏာရ သန့်ရှင်းဖဆပလ အလုပ်အမှုဆောင် အစည်းအဝေး၊ လက်ရှိ အစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေးတို့ကို ဆက်တိုက် ကျင်းပခဲ့သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်နေဝင်းမှ ခေတ္တလာရောက်တွေ့ဆုံခဲ့သည်။ ဝန်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာ ၂၈ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်အဖြစ် တင်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။[၁]အာဏာရ ဝန်ကြီးချုပ် ဦးနုက စစ်သေနာပတိချုပ် ဗိုလ်ချုပ်နေဝင်းထံသို့ ယာယီအိမ်စောင့်အစိုးရ ဖွဲ့စည်းပြီး တိုင်းပြည်အား ထိန်းသိမ်းရန် စာဖြင့် အကြောင်းကြားခဲ့သည်။ ထိုစာတွင် ၁၉၅၉ခုနှစ် ဧပြီလ နောက်ဆုံးထား၍ ၆လအတွင်း ရွေးကောက်ပွဲကျင်းပရန် ပါဝင်ခဲ့သည်။
ထို့နောက် ၁၉၅၈ခုနှစ် အောက်တိုဘာလတွင် အိမ်စောင့်အစိုးရဖွဲ့စည်းကာ ရန်ကုန်မြို့ရှိ သမ္မတအိမ်တော်၌ ကျမ်းကျိန်ခဲ့ကြသည်။ လွှတ်တော်များကို ဖျက်သိမ်းခြင်းမရှိခဲ့ပေ။ဤအစိုးရအဖွဲ့တွင် တပ်မတော်မှ အနည်းငယ်သာ ပါဝင်ပြီး အရပ်သားဝန်ကြီးများနှင့် ဒေသခံခေါင်းဆောင်များ အများစု ပါဝင်ကြသည်။
သတင်းစာများတွင် ဦးနုက နုတ်ထွက်ကာ ဗိုလ်ချုပ်နေဝင်းကို အာဏာ ခေတ္တလွှဲပြောင်းပေးခဲ့သည် ဆိုသော်လည်း အချို့ကမူ အာဏာသိမ်းယူသည်ဟု သတ်မှတ်ကြသည်။[၃]လွတ်လပ်ရေးရရှိသည့် ၁၉၄၈ခုနှစ်မှစတင်ကာ နိုင်ငံရေးအယူဝါဒကွဲပြားမှုများလည်း ကြီးမားလာခဲ့ကြသည်။ဦးနုနှင့် ကွဲပြားခဲ့သော တည်မြဲဖဆပလမှ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့နှင့် သင့်မြတ်ကြသည့် ဆိုရှယ်လစ် စစ်ဗိုလ်အချို့က အာဏာသိမ်းရန် ကြံစည်ခဲ့ကြသည်ဟု အချို့ကဆိုကြသည်။[၄]တပ်မတော်ဘက်မှ ဗိုလ်မှူးကြီးအောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးမောင်မောင်၊ ဦးနုဘက်မှ ဦးအုန်းတို့က စေ့စပ်ညှိနှိုင်းခဲ့ကြသည်။ စေ့စပ်မှုများအရ လွှတ်တော်များကို ဖျက်သိမ်းခြင်းမပြုရန်နှင့် ၆လအကြာတွင် ရွေးကောက်ပွဲကျင်းပရန် ဦးနုမှ တောင်းဆိုကာ အာဏာလွှဲပေးခဲ့သည်။[၅][၆][၇]
အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ခုနှစ် ဧပြီလ ၂၉ရက်တွင် ရှမ်းပြည်စော်ဘွား ၃၄ဦးအာဏာစွန့်လွှတ်ခဲ့ကြသည်။ တောင်ကြီးမြို့တွင် သမ္မတ မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်နေဝင်းတို့၏ ရှေ့၌ လက်မှတ်ရေးထိုးကာ အာဏာစွန့်ခဲ့ကြပြီး ပြည်သူ့အုပ်ချုပ်ရေး စတင်ခဲ့သည်။[၈]
၁၉၅၉ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ဖြစ်သော်လည်း ၁၉၆၀ပြည့်နှစ် ဖေဖော်ဝါရီလတွင်မှ ရွေးကောက်ပွဲ ပြန်လည်ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ဦးနုကပင် ပြန်လည်အနိုင်ရကာ ပထစအစိုးရကို ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ၂နှစ်အကြာ ၁၉၆၂ခုနှစ် မတ်လတွင် တပ်မတော်မှ အာဏာသိမ်းပိုက်ခဲ့သည်။
Remove ads
အစိုးရအဖွဲ့
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads