အိလိယဒ်
From Wikipedia, the free encyclopedia
Remove ads
အိလိယဒ် (သို့) ဣလိယဒ် (ရှေးဟောင်းဂရိ: Ἰλιάς, Iliás, Attic Greek: [iː.li.ás]; အင်္ဂလိပ်: Iliad; /ˈɪliəd/;[၂]) သည် ရှေးဟောင်းဂရိကဗျာလင်္ကာတစ်ပုဒ်ဖြင့်၍ "ဖိသံရှည်-ဖိသံတို-ဖိသံတို ခြောက်ပါဒအဖွဲ့" (dactylic hexameter[မှတ်စု ၁]) ဖြင့် ရေးစပ်ထားခြင်းဖြစ်သည်။ ဤကဗျာရှည်ကို ဟိုးမားရေးစပ်ခဲ့သည်ဟု မှတ်ယူကြ၍ ဘီစီ ၈ ရာစုဝန်းကျင်ခန့်ကဟု သတ်မှတ်ယူဆကြပေသည်။ အိလိယဒ်ကဗျာသည် အနောက်တိုင်းစာပေလက်ရာများထဲက အောဒဆီကဗျာနှင့်အတူ ရှေးအကျဆုံးစာရင်းဝင်ဖြစ်ပြီး အောဒဆီသည် အိလိယဒ်ပါ အဖြစ်အပျက်များနောက် သူရဲကောင်း အောဒစ်ဆီးယပ်စ်၏ ဇာတ်လမ်းကြောင်းရာဖြစ်သည်။[၄] ခေတ်သစ်အများလက်ခံမူဖြစ်သော အိလိယဒ်သည် စာကြောင်းရေ ၁၅,၆၉၃ ပါဝင်၍ ၂၄ အုပ်အထိရှိသည်။ စာပေကို ဟိုးမားခေတ် ဂရိဘာသာစကားဖြင့် ရေးဖွဲ့ထားကာ ထိုစကားသည် အိုင်ယောနစ်ဂရိစကားနှင့် အခြားဒေသယိစကားများ ရောနှောပေါင်းစပ်ထားသည့် ပုံစံဖြစ်လေသည်။ ရှေးဟောင်းဂရိကဗျာလင်္ကာစု (Epic Cycle) ထဲသို့ ထည့်သွင်းဖော်ပြလေ့ရှိကြသည်။
ဇာတ်လမ်းသည် ထရိုဂျန်စစ်ပွဲ၏ ဆယ်နှစ်မြောက်တွင် ထရွိုင်မြို့ကို ဂရိခေါ် အခီးယန်ဇ် မဟာမိတ် တပ်ပေါင်းစုကြီးက တိုက်ခိုက်ချေမှုန်းခြင်းအကြောင်းဖြစ်၍ အာခိလိဇ်နှင့် အဲဂါမန်းနန်ဘုရင်တို့ကြား အခြေတင်စကားများမှုပေါ်ပေါက်ခဲ့သည့် ရက်သတ္တပတ်ကာလအချို့တွင် ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများ၊ အဖြစ်အပျက်များအကြောင်းကို ရေးစပ်သီကုံးထားခြင်းဖြစ်သည်။
စစ်ပွဲ၏ နောက်ဆုံးနှစ်များရှိ ရက်သတ္တပတ်အနည်းငယ်ကိုသာ စပ်ဆိုထားသော်လည်း ထရွိုင်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်သော ဂရိ ဒဏ္ဍာရီအကြောင်းအရာများကိုလည်း သွယ်ဝိုက်ဖော်ပြထား၏ ။ ဥပမာအနေဖြင့် စစ်သည်များ စုဝေးကြခြင်း၊ စစ်ဖြစ်ရသည့်အကြောင်းစသည်တို့လည်း ပါဝင်လေသည်။ ထို့နောက် ကဗျာရှည်သည် အာခိလိဇ်၏ အနာဂတ်တွင်ဖြစ်ပျက်မည့် မရှောင်လွှဲနိငင်သော သေခြင်းတရား၊ ထရွိုင်မြို့ပျက်သုဉ်းခြင်း စသည့် ကဗျာတွင် မပါဝင်တော့သော အနာဂတ်အဖြစ်အပျက်များ ကြိုတင်ဟောကိန်းများလည်းပါဝင်သည်ဖြစ်ရာ ထရိုဂျန်စစ်ပွဲနှင့်ပတ်သက်၍ အနည်းနှင့်အများဆိုသလို ပြည့်စုံသောကဗျာရှည်တစ်ပုဒ်ပင်ဖြစ်သည်။
Remove ads
မှတ်စု
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads