ဥပုသ်
From Wikipedia, the free encyclopedia
Remove ads
ဥပုသ် ဟူသောစကားသည် ဥပေါသထ ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကားတည်း။
ဥပုသ်စောင့်ခြင်း
“ဥပ+ ဝသထ” ဟုပုဒ်ခွဲ၊ “ဥပ”- ကျင့်စဉ်တရားနဲ့ပြည့်စုံခြင်း၊ “ဝသထ”- ကျင့်သုံးနေထိုင်ခြင်း၊ ဥပမာ ညစာမစားခြင်း၊ သူ့အသက်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော သီလကို ခံယူဆောက်တည်၍ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ (ဘာဝနာ)ပွားလျက် အကုသိုလ်စိတ်များ မဖြစ်စေဘဲ စိတ်စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို ဥပုသ်စောင့်ခြင်း ဟုခေါ်သည်။
(ဆောင်ပုဒ်) မိမိစိတ်မှာ စင်ကြယ်လာအောင် အင်္ဂါရှစ်တန် သီလခံ၍ ခြိုးခြံအောင့်အည်း တဖြောင့်တည်းဖြင့်၊ စောင့်စည်းအားထုတ် တရားကုတ် ဥပုသ်စောင့် ဟုမှတ်။
Remove ads
အခြားလူမျိုးတို့၏ ဥပုသ်နေ့
ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းလိုလိုပင် ယခုအခါတွင် ခုနစ်ရက်တစ်ပတ်လျှင် တစ်ရက်သက်သက်ကို နေ့အားအဖြစ် သတ်မှတ်ထားလေ့ရှိကြသည်။ ထိုသို့ထားရာတွင် အချို့လူမျိုးများအဖို့ကား ထိုနေ့သည် နေ့စဉ်အလုပ်တာဝန်များကို ရပ်ဆိုင်းထားသော အားလပ်ရက်မျှသာမဟုတ်ဘဲ ဘာသာအယူဝါဒဆိုင်ရာ လောကုတ္တရာလမ်းစဉ်ဖြစ်သော အယူဝါဒဆိုင်ရာကိစ္စများကို ဆောင်ရွက်ရသော နေ့ထူးနေ့မြတ်လည်း ဖြစ်ပေသည်။ ထို့ကြောင့် ထိုကဲ့သို့သောနေ့မျိုးကို သီတင်းနေ့၊ သို့မဟုတ် ဥပုသ်နေ့ဟု ခေါ်လေသည်။
ရှေးနှစ်ပေါင်း များစွာကပင် အီဂျစ်လူမျိုး၊ ဘေဘီလုံလူမျိုး၊ ဟိန္ဒူလူမျိုး၊ ပါးရှန်းလူမျိုး၊ ဂရိလူမျိုးနှင့်ရောမလူမျိုးများသည် ခုနစ်ရက် ရက်သတ္တပတ်တွင် တစ်ရက်ကို အားလပ်ရက်အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ နောက်ခေတ်တွင် ဟီဗြူးလူမျိုးများသည် ဘေဘီလုံလူမျိုးများမှတစ်ဆင့် ခုနစ်ရက် တစ်ပတ်တွင် တစ်ရက်ကို အားလပ်ရက်အဖြစ်ထားသော ဓလေ့ကို ဆက်ခံရရှိဟန်တူလေသည်။ သို့ရာတွင် ဟီဗြူးလူမျိုးတို့၏အားလပ်ရက်မှာ သူတို့၏ အယူဝါဒဆိုင်ရာ နေ့ထူးနေ့မြတ်လည်းဖြစ်ပေသည်။ ထိုနေ့မှာ အီဂျစ်လူမျိုးများ၏ အညှဉ်းဆဲခံ၊ လက်အောက်ခံ ဘဝမှ ဟီဗြူးလူမျိုးများ လွတ်မြောက်သောနေ့ဖြစ်၍ ရက်သတ္တပတ်တွင် ခုနစ်ရက်မြောက်နေ့ဖြစ်သော စနေနေ့ ဖြစ်လေသည်။
အင်္ဂလိပ်၊ အမေရိကန် စသော ခရစ်ယာန်ယုံကြည်သူများ၏ ဥပုသ်နေ့မှာ တနင်္ဂနွေနေ့ဖြစ်၏။ ခရစ်ယာန်များသည် တနင်္ဂနွေကို ဥပုသ်နေ့အဖြစ် သတ်မှတ်ရခြင်းမှာ ထိုနေ့တွင် ခရစ်တော် ရှင်ပြန်ထမြောက်လာသောကြောင့်ဖြစ်သည်။ ရက်သတ္တပတ်၏ ပထမနေ့ဖြစ်သော တနင်္ဂနွေနေ့တိုင်းတွင် ခရစ်ယာန်များသည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများသို့ သွားရောက်၍ ဝတ်တတ်လေ့ရှိကြသည်။
Remove ads
ဥပေါသထမှ ဥပုသ်
ဗုဒ္ဓဝါဒီ မြန်မာလူမျိုးများတွင် ဥပုသ်နေ့ဟူ၍ သတ်မှတ်ထားခြင်းရှိလေသည်။ ဥပုသ်ဆိုသော စကားသည် "ဥပေါသထ" ဟူသော ပါဠိဘာသာစကားမှ ဖြစ်ပေါ်လာ၍ အဓိပ္ပာယ်မှာ ရတနာသုံးပါးကိုဆည်းကပ်၍ သီတင်းသုံးခြင်း၊ ရှစ်ပါးသီလကိုထိန်းခြင်း၊ သို့မဟုတ် ပါတိမောက်ကိုပြခြင်းဖြစ်သည်။ တစ်ဖန် ဥပုသ်သုံးမျိုး ရှိပြန်ရာ - (၁) ဂေါပါလဥပုသ် (၂) နိဂဏ္ဌဥပုသ် နှင့် (၃) အရိယာဥပုသ် ဟူ၍ ဖြစ်သည်။
ဥပုသ်သုံးမျိုး
(၁) ဂေါပါလဥပုသ်ဆိုသည်မှာ ဥပုသ်သီလကို ဆောက်တည်ပြီးနောက် ရတနာသုံးပါး၏ ဂုဏ်တော်၊ ကျေးဇူးတော်ကို မအောက်မေ့၊ မပွားများဘဲ ဝတ်ရေးစားမှု အစုစုတို့ကိုသာ ကြံစည်အောက်မေ့နေသော ဥပုသ်မျိုး ဖြစ်သဖြင့် အကျိုးပေးနည်းသည်။
(၂) နိဂဏ္ဌဥပုသ်ဆိုသည်မှာ တိတ္ထိတို့ဆောင်သော ဥပုသ်မျိုးဖြစ်သည်။ ဥပမာအားဖြင့် မိုင်တစ်ရာအတွင်းရှိသော သတ္တဝါကိုသာ သတ်ပါမည်၊ မိုင်တစ်ရာအပတွင်ရှိသော သတ္တဝါအပေါင်းကို သတ်ခြင်းမှရှောင်ကြဉ်ပါမည်၊ စသည့် သိက္ခာပုဒ်မျိုးကို ဆောက် တည်ခြင်းဖြစ်၍ အပြစ်ရှိသည်။
(၃) အရိယာဥပုသ်ဆိုသည်မှာ ဥပုသ်ဆောက်တည်ပြီးလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော အသုဘတရားတို့ကို ဆင်ခြင်စဉ်းစားပြီး၊ ရတနာသုံးပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များကို အောက်မေ့ပွားများခြင်းများ ပြုလုပ်သဖြင့် များမြတ်သောအကျိုးရှိ၏။
Remove ads
ဥပုသ်စောင့်သည့်နေ့
ဥပုသ်ဆောက်တည်ရသောနေ့ကား ပကတိဥပုသ်နေ့၊ ပဋိဇာဂရ ဥပုသ်နေ့၊ ပါဋိဟာရိယပက္ခဥပုသ်နေ့ အားဖြင့် သုံးပါးအပြား ရှိ၏။
ထိုသုံးပါးတွင် ပဉ္စမီ-ငါးရက်နေ့၊ အဋ္ဌမီ-ရှစ်ရက်နေ့၊ စတုဒ္ဒသီ-တဆဲ့ လေးရက်နေ့၊ ပန္နရသီ -တစ်ဆဲ့ငါးရက်နေ့ဟူ၍ လဆန်းလဆုတ် လေးရက်စီ အားဖြင့် တစ်လရှစ်ရက်သည် ပကတိ ဥပုသ်မည်၏။
ထိုပကတိဥပုသ်နေ့ကို အကြိုအပိုပြု၍ ဆောက်တည်သော နေ့သည် ပဋိဇာဂရဥပုသ်နေ့မည်၏။ အကြို အပို ပြုဟန်ကား ငါးရက်နေ့ဥပုသ်ကို ကြိုသော် လေးရက်နေ့၊ ပိုသော် ခြောက် ရက်နေ့၊ ရှစ်ရက်နေ့ ဥပုသ်ကို ကြိုသော် ခုနစ်ရက်နေ့၊ ပိုသော် ကိုးရက်နေ့။ တစ်ဆဲ့လေးရက်နေ့ ဥပုသ်ကို ကြိုသော် တစ်ဆဲ့ သုံးရက်နေ့၊ အပိုမရှိ။ တစ်ဆဲ့ငါးရက်နေ့ ဥပုသ်ကို ပိုသော် တစ်ရက်နေ့ အကြိုမရှိ။ ဤသို့ အကြိုအပိုပြု၍ လဆန်း လဆုတ် ခြောက်ရက်စီအားဖြင့် တစ်လလျှင် တစ်ဆဲ့နှစ်ရက် သည် ပဋိဇာဂရဥပုသ်နေ့ မည်၏။
ဝါတွင်းသုံးလသည်လည်းကောင်း၊ သီတင်းကျွတ်လပြည့်နှင့် တန်ဆောင်မုန်းလပြည့်အကြား တစ်လသည် လည်းကောင်း၊ သီတင်းကျွတ်လပြည့်ကျော် အထွတ်တစ်ရက်နေ့မှ လကွယ် နေ့တိုင် တစပက္ခသည် လည်းကောင်း ပါဋိဟာရိယပက္ခဥပုသ်နေ့ မည်၏။
Remove ads
ဥပုသ်နေ့ လုပ်ငန်းများ
ဥပုသ်နေ့များတွင် ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းသော ဗုဒ္ဓဝါဒီများသည် ဥပုသ်သီလဆောက်တည်ကြသည်။ ထိုနေ့မျိုး တွင် ပစ္စည်းဥစ္စာ ကုံလုံပြည့်စုံသူများက ရဟန်းသံဃာတော် များအား လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။ အချို့သောသူများကမူ ဘုရားတန်ဆောင်းများနှင့် ဘုန်းတော် ကြီးကျောင်းများသို့ သွားရောက်၍ ကုသိုလ်ကောင်းမှုပြုလုပ် ကြသည်။ ဗုဒ္ဓဝါဒီများသည် ဥပုသ်ဆောက်တည်ရာ၌ မြတ်စွာ ဘုရား ထံတွင် အာရုံပြု၍ဖြစ်စေ၊ သံဃာတော်များထံမှဖြစ်စေ သီလကို ခံယူဆောက်တည်ကြလေသည်။ ဗုဒ္ဓတရားတော်အရ ဥပုသ်စောင့်သုံးသူတစ်ယောက်သည် ဥပုသ်ဆောက်တည် သည့်နေ့တွင် မွန်းလွဲသည့်အချိန်မှစ၍ နက်ဖြန်မိုးသောက်အထိ ဝိကာလဘောဇနာဟူသောသိက္ခာပုဒ်အရ မည်သည့်အစာ အာဟာရကိုမျှ မှီဝဲခြင်း မပြုနိုင်တော့ပေ။ ထို့အပြင် နေ့စဉ် ပြုလုပ်နေကျဖြစ်သော အိမ်မှုကိစ္စအလုပ်တာဝန်များနှင့် အခြား လောကီရေးရာ လုပ်ငန်းဆောင်တာများကို မပြုလုပ်ကြပဲ ပုတီးစိပ်ခြင်း၊ ဘုရားတရားတော်များကို ဖတ်ကြားနာခံခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းခြင်း အစရှိသော လောကုတ္တရာ ကျင့်စဉ်များကို အားထုတ်ကြလေသည်။[၁]
Remove ads
ဥပုသ်စောင့်ပုံ အစီအစဉ်
- ၁။ နက်ဖြန် ဥပုသ်စောင့်မည်ဟု ကြံစည်သော သူတော်စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ဆောင်ရွက်ခြင်းငှာ မလျော်သောကြောင့် ယနေ့လိုအခါကပင် အိမ်မှုကိစ္စ များကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။
- ၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှက် နက်ဖြန် မိမိစားဖို့အတွက် ပြောပြ စီစဉ် ထားရာ၏။ (ဥပုသ်စောင့်ခိုက် ခါတိုင်းထက် ကောင်းကောင်း စားဖို့ကား မစီမံသင့်)
- ၃။ ချက်ပြုတ် ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန် ကိစ္စနည်းအောင် စားဖွယ်သောက်ဖွယ်များကို ပြီးစီးစေအောင် စီမံထားရာ၏။
- ၄။ နက်ဖြန် နံနက် အာရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။
- ၅။ ပန်းပန်မှု နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။
- ၆။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ (သီလဆောက်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်သည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင်ကား ဘုရားပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟုနှုတ်က မိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏)။
- ၇။ သီလဆောက်တည်ပြီးလျှင် ကျွေးမွေးလှူဒါန်းဖွယ်ရာ ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ စီမံ၍ စားသောက်ရာ၏။ (နေမွန်းမလွဲခင်ထိ တစ်ထပ်(သို့)နှစ်ထပ် ညစာမစားဘဲ နေနိုင်အောင် စားသောက်ခွင့်ရှိ၏)။
- ၈။ ကျွေးမွေးစားသောက်ပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ (ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်၊ စိတ်ကြည်လင်မှ တရားကို အာရုံပြု၍ ကောင်းသည်)။
- ၉။ ထို့နောက် မိမိတစ်ယောက်တည်း နေသင့်သူဖြစ်လျှင် တစ်ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့်တကွ သင့်တော်သော ဆိတ်ငြိမ်ရာ ဌာန၌ (ဗြဟ္မာဥပုသ်ကို စောင့်လိုလျှင် စောင့်ကာ) ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။
- ၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု့ရွတ်ဖတ်နေရာ၏။ (ထိုင်၍ချည်း နေရမည်ဟုမဆိုလို၊ လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင်နေစေလို၏)။
- ၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရားနာရာ၏။
- ၁၂။ ညဉ့်အချိန်သို့ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ဆင်ခြင်ပြီးလျှင် အရိယာသူတော်ကောင်း ရဟန္တာအပေါင်းနှင့် ယနေ့အတွက် မိမိ၏ကိုက်ညီပုံများကို အောက်မေ့ရာ၏။
- ၁၃။ "ရဟန္တာ အရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညစာစားမှု၊ ပန်းနံ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့် ရဟန္တာအရှင်မြတ်များနှင့် တူပေသည်တကား။" ဟု မိမိ၏သီလထူးကို ပီတိဖြစ်ကာ ရဟန္တာ၏စိတ်ကို ဖြစ်စေပြီးလျှင် "ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည်။" ဟု ဆင်ခြင်ရာ၏။
- ၁၄။ နံနက် အရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့သောအခါ အလိုအလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်တော့သည်။ (ယခုကာလ အချို့အရပ်များကဲ့သို့ ငါးပါးသီလ ယူကာ ဥပုသ်ချနေဖွယ် မလိုအပ်ပါ)။ ဤကားဥပုသ်စောင့်ပုံအစီအစဉ်တည်း။[၂]
Remove ads
(၁) ဥပုသ် (၃) မျိုးနဲ့ အကျိုးကျေးဇူး။
ဥပုသ် ဆိုတာ ပါဠိလို ဥပေါသထ ၊ တနည်း၊ ဥပဝသထ = ကောင်းမြတ်သော အကျင့် ဖြင့် နေထိုင်ခြင်း ဖြစ်ပါတယ်။
ဥပုသ်ဆိုတာ တိကနိပါတ် အင်္ဂုတ္တရ အလို (၃) မျိုးရှိပါတယ်။
(၁) နိဂဏ္ဌဥပုသ်
(၂) ဂေါပါလဥပုသ်
(၃) အရိယာဥပုသ် တို့ဖြစ်ပါတယ်။
(၁) နိဂဏ္ဌဥပုသ် ဆိုတာ …ငါသည် ကနေ့ယူဇနာ ၁၀ဝ အတွင်းရှိသော သတ္တဝါတို့ကိုသာရှောင်မည်။၎င်းမှအပ ငါမရှောင်ဘူး လို့ ဆောက်တည်တဲ့ တိတ္ထိဥပုသ် မျိုးဖြစ်ပါတယ်။ အကျိုးမရှိဘူးဆိုပါတယ်။
(၂) ဂေါပါလဥပုသ် ဆိုတာကတော့ နွားကျောင်းသားဟာ သူ့နွားတို့ကို စားကျက်အတွင်းမှ မထွက်ရအောင် စောင့်ရှောက်ရုံသာ စောင့်ရှောက်နေဘိသကဲ့သို့ သီလခံယူပြီး စားရန်၊သောက်ရန်၊စကားပြောရန်သာ ကြံစည်တယ်။ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အာရုံမပြု၊အချိန်ကုန်အိမ်ပြန်ရန်မျှသာ ဖြစ်သဖြင့် အကျိုးမများလှ။
(၃) အရိယာဥပုသ် ဟူသည်မှာ ဥပုသ်သီလဆောက်တည်ပြီး တရားနာခြင်း ၊ ရတနာ(၃)ပါးဂုဏ်ကျေးဇူးကို အောက်မေ့စီးဖြန်းခြင်း ၊ မေတ္တာပွားခြင်း ၊ လှူဒါန်းခြင်း ၊ သမထ ထူထောင်ခြင်း ၊ ဘာဝနာပွားခြင်း ၊ တရားစကားကို ဆွေးနွေးဟောပြောခြင်း စသည်ဖြင့် ကုသိုလ်အာရုံစိတ်နဲ့ သာနေခြင်း မျိုးဖြစ်ပါတယ်။ အကျိုးကျေးဇူးအများဆုံးဖြစ်ပါတယ်။
ဒါ တိကနိပါတ် အင်္ဂုတ္တရ အလိုအရ အကျိုးကျေးဇူးကွာတယ်လို့ ဖြေရပါမယ်။ [၃]
Remove ads
(၂) ဥပုသ်နဲ့ အရုဏ်တက်ချိန် ။
ကျွန်တော့်ကို ရုရှား၊ အမေရိက ၊အင်္ဂလန်က သူငယ်ချင်းတွေ၊ ညီလေး၊ ညီမလေးတွေ အင်တာနက်ကနေ မေးကြတယ်။ ဒီရက်ပိုင်း အရုဏ်တက်ချိန်ကို အတိအကျမသိတော့ ဥပုသ်သည်တွေ ဘယ်အချိန်ထိ စောင့်ရမှန်းမသိဖြစ်နေကြတယ်။ အာရုံတက်တာ တစ်လနဲ့ တစ်လ မတူပါဘူး။ အဲဒါနဲ့ ပတ်သက်လို့ ကမာရွတ်ရွာမဆရာတော်ဘုရားက အရုဏ်တက်ပုံနဲ့ နေဝင်ပုံကို ဇယားဆွဲပေးထားပါတယ်။
စဉ် | လ | အရုဏ်တက် | နေထွက် | နေဝင် |
၁ | တန်ခူး | ၅းဝ၀ | ၆းဝ၀ | ၆းဝ၀ |
၂ | ကဆုန် | ၄း၅၀ | ၅း၅၀ | ၆း၁၀ |
၃ | နယုန် | ၄း၄၀ | ၅း၄၀ | ၆း၂၀ |
၄ | ဝါဆို | ၄း၃၀ | ၅း၃၀ | ၆း၃၀ |
၅ | ဝါခေါင် | ၄း၄၀ | ၅း၄၀ | ၆း၂၀ |
၆ | တော်သလင်း | ၄း၅၀ | ၅း၅၀ | ၆း၁၀ |
၇ | သီတင်းကျွတ် | ၅းဝ၀ | ၆းဝ၀ | ၆းဝ၀ |
၈ | တန်ဆောင်မုန်း | ၅း၁၀ | ၆း၁၀ | ၅း၅၀ |
၉ | နတ်တော် | ၅း၂၀ | ၆း၂၀ | ၅း၄၀ |
၁၀ | ပြာသို | ၅း၃၀ | ၆း၃၀ | ၅း၃၀ |
၁၁ | တပို့တွဲ | ၅း၂၀ | ၆း၂၀ | ၅း၄၀ |
၁၂ | တပေါင်း | ၅း၁၀ | ၆း၁၀ | ၅း၅၀ |
(၃) ဥပုသ်နဲ့ သီလယူပုံ (၂) မျိုး
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads