From Wikipedia, the free encyclopedia
ဦးခြိမ့်သည် မြန်မာဂန္ထဝင်တွင် ကဝိလက္ခဏဒီပနီကျမ်းကို ပြုစုခဲ့၍ မြောင်လှမြို့စား နိုင်ငံခြားဝန်ထောက် မင်းကြီး မဟာမင်းလှ ဇေယျသူဟု ထင်ရှားခဲ့သူ ဖြစ်သည်။ ရတနာသီခခေါ် ရွှေဘိုစီရင်စုခွန်တောင်ကြီးရွာ၌ ဖွားသည်။ ထိုပုဂ္ဂိုလ်သည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီး အိမ်ရှေ့စံ ဘဝမှစ၍ အထွတ်သို့ရောက်သည့်တိုင်အောင် အမှုတော်ကို ဆက်လက်ထမ်းရွက်ရသည်။ ပထမသော် ဦးခြိမ့်သည် လက်ဖက်ရည်တော်အရာ နေမျိုးဇေယျသူဘွဲ့နှင့် သူကောင်းပြုခြင်း ခံရသည်။ ထို့နောက်၌ နေမျိုးမင်းလှဇေယျသူဘွဲ့ကို ခံယူ၍ အာဏာတော်စာရေးအရာနှင့် အမှုထမ်းရွက်ရာ၌ ဗောင်းကတ္တီပါရွှေသားပန်းကို ဆင်ယင်ခွင့်ရသော လွှတ်တော် စာရေးတော်ကြီးအရာဖြင့် ချီးမြှင့်ခြင်းခံရသည်။
ဦးခြိမ့် | |
---|---|
အမည်ရင်း | မောင်ခြိမ့် |
အမည်ကွဲ | နိုင်ငံခြားဝန်ထောက် မင်းကြီး မဟာမင်းလှ ဇေယျသူ |
မွေးသက္ကရာဇ် | ရွှေဘိုစီရင်စုခွန်တောင်ကြီး ရွာ |
နိုင်ငံသား | မြန်မာနိုင်ငံ |
သက္ကရာဇ် ၁၂၃၃ ခုနှစ်တွင် ကင်းဝန်မင်းကြီး အင်္ဂလန်ပြည်သို့ သံတော်ကြီးအဖြစ် သွားရောက်ရာတွင် ဦးခြိမ့်သည် စာရေးတော်ကြီးအရာ သံငယ်အဖြစ် လိုက်ပါရသည်။ ထို့နောက် တစ်ဖန် သက္ကရာဇ် ၁၂၃၅-ခုနှစ် တွင် ကင်းဝန်မင်းကြီး ပြင်သစ်နိုင်ငံသို့ သွားရောက်ပြန်ရာ စာရေးတော်ကြီး ဦးခြိမ့်သည် သံလတ်အဖြစ်ဖြင့် လိုက်ပါထမ်းရွက်ရလေသည်။ အီတလီမင်း၊ ပြင်သစ်မင်းတို့က ချီးမြှင့်သောတံဆိပ်ဘယက်များကို လက်ခံရရှိလေသည်။
ပြင်သစ်နိုင်ငံမှ အပြန်တွင် မင်းကြီးသီရိမဟာဇေယျသူ ဘွဲ့နှင့် နိုင်ငံခြားဝန်ထောက်အရာ ခန့်ထား သူကောင်းပြုခြင်း ခံရ၍ မြောင်လှမြို့ကိုလည်း စားရသည်။ ထို့နောက် ၁၂၃၆ ခုနှစ်တွင် မဇ္ဈိမဒေသ ဗုဒ္ဓဂါယာအရပ် ဗောဓိပင်တော်ကို အလှူတော် အတင်တော်များ လှူဒါန်းရန်ကိစ္စနှင့် အိန္ဒိယဘုရင်ခံမင်းထံ ကရင်နီ (ကယား) နယ်ပယ်တွင် ကချင် တိုက်ခိုက်မှု စကားပြောဆိုရန်ကိစ္စများကို ပြောဆိုဆောင်ရွက်ရန် နိုင်ငံခြား ဝန်ထောက်မင်းကြီး မဟာမင်းလှဇေယျသူဘွဲ့နှင့် သံတော်ကြီးအရာ ခန့်အပ်ခြင်းခံရ၍ အိန္ဒိယပြည်သို့ သွားရောက်ရသည်။ ထို့နောက် အိန္ဒိယမှ ပြန်လာ၍ ၁၂၃၇ ခုနှစ် သို့ရောက်သော် ဗောင်းကတ္တီပါနီရွှေသားပန်း (၁၂) တမာရွက်ထောင် (၁၂)တို့ဖြင့် ထပ်မံချီးမြင့်ခြင်း ခံရသည်။ ၁၂၄ဝ-ပြည့်နှစ်တွင် အီတလီနိုင်ငံ၊ စပိန်နှင့် ပေါ်တူဂီနိုင်ငံများသို့လည်း သံတော်ကြီးအရာဖြင့် သွားရောက် ထမ်းရွက်ခဲ့သည်။ ထိုစဉ်က အီတလီနိုင်ငံက ဒုတိယတံဆိပ်ဘယက်၊ စပိန်မင်းက ပထမရင်သိုင်း တံဆိပ်ဘယက်၊ ပေါ်တူဂီမင်းက ပထမရင်သိုင်းတံဆိပ်များ ချီးမြှင့်ခြင်းခံရလေသည်။ ဦးခြိမ့်သည် မင်းမှုမင်းရေးနှင့် ကဗျာလင်္ကာနှစ်ဖက်လုံးတွင် ထူးချွန်သည်။ စာပေကျမ်းဂန် တတ်မြောက်၍ ပြင်သစ်နိုင်ငံသို့ ရောက်စဉ်က တွေ့မြင်ခဲ့ရသည်များကို တေးထပ်များ ရေးစပ်ခဲ့သည်။ ပြင်သစ်နိုင်ငံတွင် တွေ့မြင်ခဲ့ရသော မီးအိမ်ပျံအကြောင်းကို အောက်ပါအတိုင်း စပ်ဆိုခဲ့သည်။
ဘူးလွန်းခေါ် မီးအိမ်ကြီး၊ ဂစ်ဘားစီးလုပ်တယ်။ ကွင်း မြေပြန့် အလယ်တွင်၊ တောင်သုံးဆယ်အချင်း။ အစောက်မြင့် လေးဆယ်မှန်၊ ကြိုးတန်တန်ဆိုင်းချက်ကရှင်း။ ဖယောင်းဆိုး ပိုးထည်၊ ချုပ်ချည်စုံမယွင်း။ မီးအိမ် ပျံအတွင်းမှာ၊ ဓာတ်ခိုး သွင်းစက်နှောင်။ တရွေ့ရွေ့သူဖောင်း၊ ထက်လမ်းကြောင်း မိုးထိလုအောင်။ ကြိမ်တောင်း ကြီးဆွယ်မြှောင်၊ သုံးအဆောင် စုံများနှင့်၊ လိုက်သွားကြ ပျော်ပျော်ရွှင်ရွှင်၊ မိုးဝကောင်းကင်။ လေလိုက်သင့်ပြန်လျှင်တယ်၊ အပျံတွင်ဈာန်ငြမ်းရှင့်လေး'။ ဟူ၍ဖြစ်သည်။
၁၂၄၂-ခုနှစ်၌ ဦးခြိမ့်သည် စိန္တကျော်သူဦးဩ ပြုစုခဲ့သော မြန်မာစာပေ ဂန္ထဝင်တွင် ထင်ရှားသည့် ကဝိလက္ခဏ သတ်ပုံကျမ်းမှ နက်နဲသိမ်မွေ့၍ အသိခက်သော အချို့အပိုဒ်များကို မင်းတုန်းမင်းတရား မေးသောကြောင့် အထူးထူးသော ဇာတ်နိပါတ် ကျမ်းဂန်ရာဇဝင်စသော အထောက်အထားများနှင့် ညှိနှိုင်း၍ ကဝိလက္ခဏဒီပနီဟူသော ကျမ်းကြီးကို ကြိုးကြိုး စားစား ပြုစုလေသည်။
ထိုကဝိလက္ခဏဒီပနီကျမ်းသည်ကား စာပေလိုက်စားသူတို့ အဖို့ လက်မလွှတ်နိုင်သော ကျမ်းပင်ဖြစ်သည်။ ဦးခြိမ့်သည် စာဖတ်အလွန်ဝါသနာပါသည်။ နန်းတော်သို့ ဝင်ချိန်နှင့် အိပ်ချိန်၌သာ မျက်စိနှင့်စာ လွတ်သည်။ အိမ်သာသွားသည့်အခါ၌ပင် စာကိုကြည့်ရှုလျက် သွားသည်ဟု မှော်ဘီဆရာကြီးက ပညာရှိများအကြောင်း စာတွင်ဖော်ပြထားလေသည်။ ဦးခြိမ့်သည် ခွေးရူးကိုက်၍ ကွယ်လွန်ကြောင်း အဆိုရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.