၁၁၁၁ စစ်ဆင်ရေး
From Wikipedia, the free encyclopedia
၁၁၁၁ စစ်ဆင်ရေး သည် ကရင်နီ တပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ပါဝင်သော ကရင်နီ လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်လျက်ရှိသော စစ်ဆင်ရေးတစ်ခု ဖြစ်သည်။ တော်လှန်ရေးအဖွဲ့များအနေဖြင့် ၁၁၀၇ စစ်ဆင်ရေးကို လုပ်ဆောင်လျက်ရှိရာမှ ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့အား သိမ်းပိုက်နိုင်ရန် ရည်ရွယ်၍ သီးခြားစစ်ဆင်ရေးတစ်ရပ် အနေဖြင့် ကြေညာခဲ့သည်။[၅]
| ||||||||||||||||||||||||||||||||||||
ကယားပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် လူဦး၇ေ ၃၅,၀၀၀ ခန့် စစ်ဘေးရှောင်လျက်ရှိသည်ဟု ဆိုသည်။[၆]
နောက်ခံ
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - လွိုင်ကော်တိုက်ပွဲ (၂၀၂၂) နှင့် လွိုင်ကော်တိုက်ပွဲ (၂၀၂၁)
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ လွိုင်ကော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများ
တပ်မတော်၏ စစ်စခန်းများကို သိမ်းပိုက်ခဲ့ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဆိုသည်။ ထိုတိုက်ပွဲများတွင် အရပ်သား ၁၆ ဦး သေဆုံးခဲ့သည်ဟုလည်း ဆိုသည်။ ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်အရ "မကြာသေးမီက ဖြစ်ပွားသော တိုက်ပွဲများကြောင့် လွိုင်ကော်မြို့မှ စစ်ဘေးရှောင်ဦးရေ ၃၅,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ လွိုင်ကော်မြို့တွင် လူဦးရေ ၅၀,၀၀၀ ခန့် နေထိုင်ကြသည်။ လွိုင်ကော်မြို့သည် စစ်ကောင်စီ၏ အဓိကကျသော ခံတပ်စခန်းနှင့် ကယားပြည်နယ်အတွက် အုပ်ချုပ်ရေး အချက်အချာ ဖြစ်သည်။ [၇]
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ကာ အရပ်သားများ ပိတ်မိနေခဲ့သည်။ လွိုင်ကော်မြို့သည် စစ်ကောင်စီအတွက် ကယားပြည်နယ်အား ထိန်းချုပ်ထားရန် အဓိကကျသည်။[၈]
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် လွိုင်ကော်ခရိုင်တရားရုံး၊ လွိုင်ကော်တက္ကသိုလ်တို့ကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၃၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။ စစ်ဘေးရှောင်ဦးရေ ၄၀,၀၀၀ ခန့်ရှိလာခဲ့ပြီး အနည်းဆုံး ၅၀ ခန့် သေဆုံးခဲ့သည်။[၃]
၁၁၁၁ စစ်ဆင်ရေးစတင်ချိန်မှစ၍ နိုဝင်ဘာလ ၂၂ ရက်၊ ပထမ ၁၀ ရက်အတွင်း အရပ်သားများအပါအဝင် နှစ်ဖက်စလုံးတွင် ၃၁၅ ဦးကျော် သေဆုံးခဲ့ပြီး လွိုင်ကော်မြို့မှ စစ်ဘေးရှောင် ၄၀,၀၀၀ အပါအဝင် စုစုပေါင်း ၁၀၀,၈၀၀ ခန့် စစ်ဘေးရှောင်လျက်ရှိသည်ဟု ဆိုသည်။ KNDF က နောက်ထပ် တပ်မတော်၏ စစ်စခန်းများကို ဆက်လက်သိမ်းပိုက်ရန်ရှိသည်ဟု ဆိုသည်။[၄] နိုဝင်ဘာ ၂၃ ရက်နေ့တွင် တိုက်ပွဲများသည် လွိုင်ကော်မြို့တွင်းအထိ ရောက်ရှိလာခဲ့သည်။[၉] နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဧရာဝတီ သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် KNDF ၏ ဒုတိယစစ်ဦးစီးချုပ်က ကယားပြည်နယ်၏ ၈၀% ကို ထိန်းချုပ်ထားနိုင်ပြီး လွိုင်ကော်မြို့ကို ဝိုင်းရံထားနိုင်ကာ ကြားကာလကရင်နီအစိုးရကို စတင်နေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၁၀] [၁၁]
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအား KNDF က သိမ်းပိုက်ခဲ့သည်။[၁၂] ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကောင်စီ၏ ဒေသကွပ်ကဲရေးဌာနချုပ် (ဒစက-လွိုင်ကော်)၊ လွိုင်ကော်ပြည်သူ့ဆေးရုံ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊ ပြည်နယ်အစိုးရရုံးနှင့် ဘာသာရေးအဆောက်အဦးအချို့တွင် စစ်ကောင်စီတပ်များ ရှိနေဆဲဖြစ်ကြောင်း ဧရာဝတီသတင်းက ဖော်ပြခဲ့သည်။[၁၃] လွိုင်ကော်မြို့၏ ၈၅ % ကို ထိန်းချုပ်ထားနိုင်ပြီဟု တော်လှန်ရေးအဖွဲ့များက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဆိုသည်။ [၁၄]
ဇန်နဝါရီလ ၇ ရက်နေ့တွင် ကရင်နီ လက်နက်ကိုင် တပ်ဖွဲ့ သည် ဖယ်ခုံမြို့ကို ထိုးစစ်ဆင်ခဲ့သည်။ နောက်တစ်နေ့တွင် ရဲစခန်းအပါအဝင် အစိုးရရုံးများကို သိမ်းပိုက်ပြီး မြို့ဧရိယာအများစုကို ထိန်းချုပ်ထားခဲ့သည်။ မြို့နေလူဦးရေ၏ သုံးပုံနှစ်ပုံကျော်သည် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ပြည်နယ်တစ်ဝှမ်းရှိ မြို့များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်း ကိုဗညား က ထပ်လောင်းတင်ပြသည်။ [၁၅]
ဇန်နဝါရီ ၂၉ ရက်နေ့တွင် မော်ချီးမြို့ကို ကရင်နီတပ်များက သိမ်းပိုက်လိုက်သည်။ ကရင်အမျိုးသားအစည်းအရုံး၏ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သော တောင်ငူမြို့ကို ဦးတည်ရန် ကြိုးပမ်းသည့်အနေဖြင့် မော်ချီးကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားလိုက်သည်။ မိုးဗြဲ၊ ဒီးမော့ဆိုနှင့် လွိုင်ကော်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၉ ရက်တွင် KNLA နှင့် PDF တပ်ဖွဲ့များက တပ်မတော်မှ Eurocopter AS365 အား ဆင်းသက်နေစဉ် စက်သေနတ်များ၊ စနိုက်ပါရိုင်ဖယ်များနှင့် RPG များဖြင့် ပစ်ချခဲ့သည်။ အမှတ်(၄၄)ခြေမြန်တပ်မ(၄၄)မှ ဗိုလ်မှူးချုပ်အေးမင်းနောင်နှင့် လေယာဉ်မှူးတို့ သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။[၁၆]
နောက်ဆက်တွဲ သက်ရောက်မှုများ
၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ နန်းမယ်ခုံ နှင့် မိုးဗြဲမြို့ များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ ယင်းအပြင် လွိုင်ကောက်မြို့နယ်ရှိ စခန်း (၁၂) ခု၊ ဒီးမော့ဆိုမြိုနယ်ရှိ စခန်း (၁၃) ခု၊ ဖားဆောင်မြို့နယ်ရှိ စခန်း (၉) ခု၊ ဘောလခဲမြို့နယ်ရှိ စခန်း (၅) ခု၊ ရှားတောမြို့နယ်ရှိ စခန်း (၇)၊ ဖယ်ခုံမြို့နယ်ရှိ (၁၇) ခု ၊ မယ်စဲမြို့နယ်ရှိ (၁) ခုနှင့် ဖရူဆိုမြို့နယ်ရှိ စခန်း (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခု အားသိမ်းပိုက်ထားသည်။[၁၇] တပ်မတော် က စွန့်ခွာသွားသည့် တပ်စခန်း ၁၆ ခုရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.