ဗြဟ္မီ အရေးအသား

From Wikipedia, the free encyclopedia

Remove ads

ဗြဟ္မီပွား အ​ရေးအသားများ (Brahmic scripts) သည် အိန္ဒိယနိုင်ငံရှိ ဗြဟ္မီအက္ခရာမှ ဆင်းသက်​ပေါက်ဖွားလာသည့် အ​ရေးအသားများ ဖြစ်ကြသည်။ ဥပမာအားဖြင့် သက္ကတစာ၊ ဘင်္ဂါလီစာ၊ သီဟိုဠ်စာ၊ တမိလ်စာ၊ တိဘက်စာ၊ မြန်မာစာ၊ ထိုင်းစာ၊ ​လော(လာအို)စာ၊ ခမာစာ အစရှိသည်တို့သည် ထင်ရှား​သော ဗြဟ္မီပွား အရေးအသားများ ဖြစ်ကြသည်။ ဗြဟ္မီပွား အရေးအသားများသည် အာဘူဂီဒါ(Abugida) ​ခေါ် စာ​ရေးသားနည်းစနစ် အမျိုးအစားတွင် ပါဝင်ကြသည်။

ဗြဟ္မီပွား အရေးအသားများကို အိန္ဒိယ​ဒေသ၊ တိဘက်နှင့် အရှေ့တောင်အာရှ​ဒေသတို့တွင် အဓိက အသုံးပြုကြသည်။ အထူးသဖြင့် အင်ဒို-ဥ​ရောပ ဘာသာစကားများ၊ ဒြဝိဒိယန် ဘာသာစကားများ၊ တိဘက်-ဗမာ ဘာသာစကားများ၊ မွန်-ခမာ ဘာသာစကားများ၊ တိုင်-ရှမ်း ဘာသာစကားများ၊ မလ္လာယု-ပိုလီနီးရှား ဘာသာစကားများကို ​ရေးသား​ဖော်ပြရန် သုံးကြသည်။

ဗြဟ္မီပွား အရေးအသားများကို အိန္ဒိယနှင့် အရှေ့တောင်အာရှ​ဒေသတွင်သာမက တရုတ်၊ဂျပန်၊ ကိုရီးယားနိုင်ငံများတွင်လည်း ​တွေ့ရသည်။ ​ရှေးအခါက မဟာယာနကျမ်းစာများကို သိဒ္ဓံ ဟု ​ခေါ်သည့် ဗြဟ္မီပွားအက္ခရာတစ်မျိုးဖြင့် ​ရေးသား​လေ့ ရှိကြသည်။ ယင်းကဲ့သို့ သိဒ္ဓံအက္ခရာဖြင့် ​ရေးထားသော ကျမ်းစာများသည် တရုတ်၊ဂျပန် နိုင်ငံတို့၌ ရှိ​နေဆဲဖြစ်သည်။ ဂျပန်နိုင်ငံတွင်ဆိုလျှင် ရှင်ဂွန်းဂိုဏ်းမှ ဘုန်းကြီးများသည် သိဒ္ဓံအက္ခရာဖြင့် ကျမ်းစာများ ​ရေးသား​နေကြဆဲ ဖြစ်​လေသည်။ ထို့အပြင် ဂျပန်စာမှ ကာတာကာနာ နှင့် ဟီရာဂါနာ အက္ခရာများ၏ ဗျည်း၊သရ အစီအစဉ်များမှာ ဗြဟ္မီပွား အရေးအသားများ၏ အစီအစဉ်နှင့် တူနေသည်။

Remove ads

သမိုင်း​ကြောင်း

ဗြဟ္မီပွား အရေးအသားများ၏ မူလရင်းမြစ်မှာ ဗြဟ္မီ အက္ခရာဖြစ်သည်။ ၎င်းအက္ခရာ ​ပေါ်​ပေါက်လာပုံနှင့် စတင်သုံးစွဲသည့် ခုနှစ်တို့ကို မသိရ​သော်လည်း ​မောရိယ ဧကရာဇ် သီရိဓမ္မာအ​သောကမင်း လက်ထက် ဘီစီသုံးရာစုမှစ၍ ကျယ်ပြန့်စွာ သုံးစွဲလာကြသည်။ သီရိဓမ္မာအ​သောကမင်း၏ အမိန့်​တော်​ကျောက်စာ အများစုကိုလည်း ဗြဟ္မီ အက္ခရာကို သုံးစွဲ၍ ​ရေးသားခဲ့ကြသည်။

ဗြဟ္မီ အက္ခရာသည် အချိန်ကြာလာသည်နှင့်အမျှ ပုံသဏ္ဌာန်​များလည်း ပြောင်းလာခဲ့သည်။ အက္ခရာများသည်လည်း ​ဖြောင့်မတ်သည့် ပုံသဏ္ဌာန်မှ ​ပျော့​ပြောင်း​ကွေးညွတ်သည့် အသွင်သို့ ​ပြောင်းလဲလာသည်။ ထိုအက္ခရာကို ဂုပ္တ​ခေတ်ကို စွဲ၍ ဂုပ္တ အက္ခရာဟု ​ခေါ်ကြသည်။ တဖန် ဂုပ္တ အက္ခရာများမှ နာဂရီ၊ သိဒ္ဓံ၊ သျှာရဒါ အစရှိ​သော စာအရေးအသားများ ဆင့်ကဲထွန်းကားလာသည်။ ယင်းအက္ခရာများမှ တဖန် ဆင့်ကဲဆင့်ကဲ့ ထွန်းကားလာကြသည့် အက္ခရာများမှာကား ​ဒေဝနာဂရီ၊ ဂူဂျာရတီ၊ ဂူရမုခီ (ပန်ချာပီ)၊ ဘင်္ဂလီ၊ တိဗက်၊ ရန်ဂျနာ (နီ​ပေါ)၊ ဆိုယွန်ဘို(မွန်ဂို) အစရှိသည့် အက္ခရာများ ဖြစ်ကြသည်။ ထိုအက္ခရာ အ​ရေးအသားများမှာ အိန္ဒိယနိုင်ငံ​မြောက်ပိုင်းမှ ဆင့်ကဲ​ပေါ်​ပေါက်လာကြသဖြင့် ​မြောက်ပိုင်း ဗြဟ္မီပွား အ​ရေးအသားများ (Northern Brahmic scripts) ဟု​ခေါ်ဆိုသည်။

အိန္ဒိယနိုင်ငံ​​မြောက်ပိုင်းနှင့် အပြိုင် တောင်ပိုင်း​ဒေသ တွင်လည်း ဗြဟ္မီပွား အရေးအသားများ ထွန်းကား​နေခဲ့သည်။ ကန္နဒ အက္ခရာ၊ ပလ္လဝ အက္ခရာ၊​ တေလုဂူ အက္ခရာ၊ ကဒမ္ဗအက္ခရာ အစရှိ​သော အရေးအသားများ ဖြစ်ကြသည်။ ယင်းအက္ခရာတို့မှ ဆင့်ကဲထွန်းကားလာကြသည့် အက္ခရာများမှ များမြောင်လှ​ပေသည်။ ဥပမာ ပြဆိုရ​သော် တမိလ် အက္ခရာ၊ မာလာယလမ် အက္ခရာ၊ ထားနာ အက္ခရာ၊ သီဟိုဠ် အက္ခရာ၊ ပျူအက္ခရာ၊ မွန်မြန်မာအက္ခရာ၊ ခမာအက္ခရာ၊ ထိုင်းအက္ခရာ၊ ​လော(လာအို)အက္ခရာ၊ ယွန်းအက္ခရာ၊ ကဝိအက္ခရာ၊ ဂျာဗား အက္ခရာ၊ ဘာလီ အက္ခရာ အစရှိသည်တို့ ဖြစ်ကြသည်။ ဤအက္ခရာ အရေးအသားများမှာ အိန္ဒိယနိုင်ငံ​တောင်ပိုင်းမှ ဆင့်ကဲ​ပေါ်​ပေါက်လာကြသဖြင့် ​တောင်ပိုင်း ဗြဟ္မီပွား အ​ရေးအသားများ (Southern Brahmic scripts) ဟု​ခေါ်ဆိုသည်။

[]

ဗျည်းနှင့်သရများ နှိုင်းယှဉ်မှု

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads