ညောင်လေးပင်မြို့
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၏ ခရိုင်ရုံးဆိုက်ရာမြို့ညောင်လေးပင်မြို့ သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးရှိ မြို့တစ်မြို့ဖြစ်သည်။ ညောင်လေးပင်ခရိုင် ၏ ရုံးစိုက်ရာမြို့ဖြစ်၏ မော်တော်ကားလမ်းအားဖြင့် ပဲခူးမြို့ မှ ၄၈ မိုင်၊ ရန်ကုန်မြို့ ၈၃ မိုင်၊ နေပြည်တော်မြို့မှ ၁၄၀ မိုင်၊ မန္တလေးမြို့မှ ၃၃၂ မိုင်၊ တောင်ငူမြို့ မှ ၇၄ မိုင်ခန့် ကွာဝေးသည်။ အမှတ်(၁) ပြည်ထောင်စုအဝေးပြေးလမ်းမကြီး မှာလည်း ညောင်လေးပင်မြို့လယ်ကို အလယ်ဗဟိုကျကျ ဖြတ်သန်းသွားသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း သည် မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်မျှမှ ဖြတ်သန်းဖောက်လုပ်သွားသည်။ သို့သော် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် အဝေးပြေးလမ်းမကြီးတို့ကို ညောင်လေးပင်- ကျွန်းကုန်း- ဖဒို- မြို့ချောင်းလမ်း ဖြင့် ၂၄ မိုင် ဆက်သွယ်လမ်းဖြင့် ဆက်သွယ်ထားသည်။ ညောင်လေးပင်မြို့၏ မြောက်ဘက် ၂၈ ကီလိုမီတာခန့်တွင် ကျောက်တံခါးမြို့၊ တောင်ဘက် ၁၇ ကီလိုမီ တာခန့်တွင် ဒိုက်ဦးမြို့၊ အရှေ့ဘက် ၁၉ ကီလိုမီတာခန့်တွင် မဒေါက်မြို့ တို့တည်ရှိသည်။