မာရဝိဇယဗုဒ္ဓရုပ်ပွားတော်
ဗုဒ္ဓဘုရားဆင်းတုမာရဝိဇယဗုဒ္ဓရုပ်ပွားတော် သည် ၈၁ ပေ ရှိသော ဘူမိဖဿမုဒြာ စကျင်ကျောက် ရုပ်ပွားတော်ဖြစ်ပြီး မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ရှိသည်။ ရုပ်ပွားတော်သည် စကျင်ကျောက်သားဖြင့် ထုလုပ်ပူဇော်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စကျင်ကျောက်သားရုပ်ပွားတော်များထဲမှ ကမ္ဘာ့အမြင့်ဆုံး နှင့်အလေးချိန်အများဆုံး ရုပ်ပွားတော် တစ်ဆူဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်တောင်မှ ထွက်ရှိသော စကျင်ကျောက်ဖြင့် ထွင်းထုထားသော ရုပ်ပွားတော်အလေးချိန်မှာ ၁,၇၈၂ တန်နှင့် ပလ္လင်တော် အလေးချိန်မှာ ၃,၅၁၀တန်၊ စုစုပေါင်းအလေးချိန် ၅,၂၉၂ တန် ရှိသည်။ ရုပ်ပွားတော်၏ ဉာဏ်တော်အမြင့်မှာ ၆၃ ပေ ရှိပြီး ပလ္လင်တော်အမြင့်မှာ ၁၈ ပေရှိသည်။ ထိုအတိုင်းအတာ ပမာဏကိန်းများကို တစ်လုံးတည်းရအောင် ပေါင်းကြည့်ပါက ၉ ဂဏန်းရကြောင်း တွေ့ရသည်။ ရုပ်ပွားတော်သည် ကျောက်စာများ၊ စေတီငယ်များ၊ သာသနာအဆောက်အဦများနှင့် မုစလိန္နာအိုင်တို့ပါဝင်သော ၉၁ ဟက်တာကျယ်ဝန်းသည့် ပရိဂုဏ်အတွင်းတည်ရှိသည်။


