ဩဘာသ
From Wikipedia, the free encyclopedia
မင်းဘူး ဦးဩဘာသသည် ဇာတ်ကြီးဆယ်ဘွဲ့မှ ၈-ဘွဲ့ကို စကားပြေဖြင့် ရေးသားခဲ့ပြီး ကျန်နှစ်စောင်ကို မပြုစုနိုင်ပဲ ပျံလွန်တော်မူခဲ့သော ဆရာတော်ဖြစ်သည်။ ဦးဩဘာသသည် မင်းဘူးမြို့တွင် ဖွားမြင်သည်။ ဖွားသက္ကရာဇ်ကို သေချာမသိရပေ။ သက္ကရာဇ် ၁၀၁၄-၁၁၂၄ အတွင်း ဖွားမြင်သည်ဟု ထင်သည်။ ဇာတ်တော်နိဂုံးများတွင် ရေးသားချက်အရ စကု အပိုင်၊ ရပ်သာမြို့ မင်းပူးရွာ အသည်ကြီး၏ သားဖြစ်ကြောင်း သိရသည်။
ငယ်ရွယ်စဉ်ကပင် သာမဏေပြု၍ ကျမ်းဂန်များကို လေ့လာဆည်းပူးဟန် တူသည်။ ဦးဩဘာသ၏ ဆရာတော်ကား မင်းဘူးရွာ အနောက်ဘက်ရှိ လေသာကျောင်း ဆရာတော်ဖြစ်သည်။ မဟာဇနက္က ဇာတ်တော်ကြီး နိဂုံးအရ မောင်ထောက် တောင်းပန်အပ်သောကြောင့် ဇာတ်တော်ကြီး ဆယ်စောင်လုံးကို ရေးသားမည်ဟု အကြံပြုသော်လည်း အကြံမမြောက်။ ဇာတ်တော်ကြီး ၈-စောင်ကိုသာ ရေးသားခဲ့ပြီး ကျန်နှစ်စောင်ကို မပြုစုနိုင်ပဲ ပျံလွန်တော် မူခဲ့လေသည်။ ဇာတ်တော်ကြီး ဆယ်စောင်ရှိသည့်အနက် ကျန်နှစ်စောင်ကို အခြားပညာရှိ ပုဂ္ဂိုလ်များက ရေးသားပြုစုကြသည်။
ဦးဩဘာသသည် နာရဒဇာတ်တော် ဝတ္တုကို နှစ်လနှင့် အပြီးရေးပြီး ဝိဓူရဇာတ်တော် ဝတ္တုကို နှစ်လနှင့် အပြီးရေးသည်။ ကျန်ဇာတ်တော်များကိုလည်း ခုနှစ်လနှင့် အပြီးရေးသည်။ ဇာတ်တော်ကြီး ဝတ္တုများ ရေးသားရာတွင် ကျော်ဇောသဖြင့် မင်းဘူးဆရာတော်ဟု ခေါ်သည်။ ဦးဩဘာသ မရေးဖြစ်သော ဇာတ်တော်မှာ ဘူရိဒတ္တဇာတ်နှင့် သုဝဏ္ဏသာမဇာတ်တို့ ဖြစ်သည်။
ဇာတ်တော်ဘွဲ့တို့၏ အမည်အပြည့်အစုံနှင့် ရေးသားသူနှင့် ပြီးစီးခုနှစ်မှာ-
- စန္ဒကုမာရဇာတ်တော် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊
- နာရဒဇာတ်တော် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊
- ဝိဓူရဇာတ်တော် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ဝါခေါင်လ၊
- ဝေဿန္တရာဇာတ်တော် (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊
- မဟောသဓဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊
- မဟာဇနက္ကဇာတ်တော်(မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊
- နေမိဇာတ်တော်(မင်းဘူးဆရာတော် ဦးဩဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ဝါဆိုလ၊
- ဘူရိဒတ္တဇာတ်တော်(ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊
- တေမိယဇာတ်တော်(မင်းဘူးဆရာတော် ဦးဩဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊
- သုဝဏ္ဏသာမဇာတ်တော်(ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊ [1]
- ဦးဩဘာသသည် နာရဒဇာတ်တော် ဝတ္တုကို နှစ်လနှင့် အပြီးရေးပြီး ဝိဓူရဇာတ်တော် ဝတ္တုကို နှစ်လနှင့် အပြီးရေးသည်။ ကျန်ဇာတ်တော်များကိုလည်း ခုနှစ်လနှင့် အပြီးရေးသည်။