သကြား
ချိုသောအရသာရှိပြီးရေ၌ပျော်ဝင်နိုင်သောကာဗိုဟိုက်ဒရိတ်များ / From Wikipedia, the free encyclopedia
သကြားသည် လူတို့၏ အရေးကြီးသော အစာတစ်မျိုးဖြစ်သည်။ ဓာတ်ဆီသည် မော်တော်ယာဉ်စက်ကို အပူငွေ့နှင့် စွမ်းအင်ပေးရန်အတွင်မရှိမဖြစ်သကဲ့သို့ သကြားဓာတ်သည်လည်း လူ့ခန္ဓာကိုယ်စက်ကြီးအား အပူငွေ့ နှင့် စွမ်းအင်ပေးရန်အတွက် မရှိမဖြစ်သော အာဟာရဓာတ်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှား ကစား၍ဖြစ်စေ၊ အပင်ပန်းခံ အလုပ်လုပ်၍ဖြစ်စေ၊ အင်အား ကုန်ခမ်းမောပန်းသောအခါ သကြားကို စားကြရသည်။ ဂလူးကို့ ဆေးသကြားကို အင်အားကုန်ခမ်း မောပန်းနေသည့် လူနာများအားတိုက်ခြင်း၊ ထိုးဆေးအဖြစ် ထိုးပေးခြင်းတို့ကိုထောက်၍ သိသာသည်။ ထို့ပြင် သကြား သည် အရသာအရှိဆုံးသော အစာတစ်ခုလည်းဖြစ်သည်။ သာမန်အားဖြင့် လူတို့သည် တစ်နှစ်လျှင် ပျမ်းမျှခြင်းအားဖြင့် မိမိခန္ဓာကိုယ် အလေးချိန်နှင့် အမျှ သကြားစားကြသည်ဟုဆိုသည်။
သကြား တစ်ပေါင်လျှင် အပူ၏ပမာဏဖြစ်သော ကယ်လိုရီ ၁၈ဝဝ ပါရှိသည်။ လူတို့၏ အသက်ရှင် ကျန်းမာရေးအတွက် လိုအပ်သော ဓာတ်တစ်ပါးဖြစ်သည့် ကာဗိုဟိုက်ဒြိတ်ဓာတ်သည် သကြား၌ ရာခိုင်နှုန်း ပြည့်ပါသည်။ အဓိပ္ပာယ်ကား ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ဓာတ်သုံးမျိုးစလုံးပါသည်ဟုဖြစ်သည်။ ထို့ကြောင့် သကြား၏ ဓာတုပုံသေနည်းသည် C12H22O11 ဖြစ်သည်။ မေပယ်ပင်မှရသော သကြား၌ ကာဗိုဟိုက်ဒြိတ် ၈၃ ရာခိုင်နှုန်း၊ ရေ ၁၆ ရာခိုင်နှုန်းနှင့် ဓာတ်ဆားတစ်ရာခိုင်နှုန်းပါသည်။
သကြားကို ခရစ်မပေါ်မီကာလကပင် လူတို့စားသုံးနေကြပြီဟုဆို သည်။ ခရစ်ပေါ်ပြီးအနှစ် ၄ဝဝ ခန့်အကြာတွင် အိန္ဒိယနိုင်ငံ၌ စတင်အသုံး ပြုခဲ့ကြပြီ ဖြစ်ကြောင်းကိုမူ အတိအကျ သိရသည်။ အေဒီ ၅ဝဝ ခန့်တွင် အိန္ဒိယနိုင်ငံမှတစ်ဆင့် အရှေ့အိန္ဒိယကျွန်းစု၊ တရုတ်နိုင်ငံ၊ ပါးရှားနိုင်ငံတို့သို့ လည်းကောင်း၊ ထိုမှအေဒီ ၇ဝဝ ခန့်တွင် စပိန်နိုင်ငံတို့သို့လည်းကောင်း အေဒီ ၉ဝဝခန့်တွင် ဥရောပတောင်ပိုင်း နိုင်ငံများနှင့် အာဖရိကမြောက်ပိုင်း နိုင်ငံများသို့လည်းကောင်း သကြားပြုလုပ်နည်းများ ပျံ့နှံ့ခဲ့သည်။ အလယ်ခေတ်တွင် အီဂျစ်နိုင်ငံသည် သကြားချက်နည်းကို အတော်အဆင့်တန်း မြင့်မြင့် သိရှိနေပြီဖြစ်ကြောင်းသိရသည်။ ၁၆ ရာစုနှစ်ခန့်တွင် အနောက် အိန္ဒိယကျွန်းစုနှင့် တောင်အမေရိကတိုက်တို့သို့ သကြားလုပ်နည်း ရောက်ရှိ ပျံ့နှံ့ခဲ့သည်။ ၁၇ နှင့် ၁ဂ ရာစုနှစ်ခန့်တွင် အမေရိကန်ပြည်ထောင်စု နယူး အင်္ဂလန်ပြည်နယ်မှ ကုန်သည်များသည် ကျူးဗားကျွန်းထွက် သကြားချက်ရာ မှထွက်သော သကာရည်များကို ခိုးသွင်း၍ အရက်ချက်ကာ နိုင်ငံခြားသို့ အရက်ကုန်ကူးကြကြောင်းဖြင့်ဆိုသည်။
သကြားကို ကြံ၊ မုန်လာဥနီ (သကြားမုန်လာ)၊ မေပယ်ပင်၊ စပျစ်သီး၊ပြောင်း၊ သစ်သား စသည်တို့မှ ချက်လုပ်နိုင်သည်။ ဥတုဘောဇန သင်္ဂဟကျမ်း အလိုအရ သကြားကို သစ်မယ်ဇယ်ပွင့်၊ ပျားရည်၊ ဝက်မြေဖြူဥတို့မှ ချက်၍ရကြောင်း သိရသည်။