![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/d9/Arduino_ftdi_chip-1.jpg/640px-Arduino_ftdi_chip-1.jpg&w=640&q=50)
အီလက်ထရွန်းနစ်
အီလက်ထရွန်းအကြောင်းလေ့လာချက် / From Wikipedia, the free encyclopedia
အီလက်ထရွန်းနစ်ဆိုသည်မှာ အီလက်ထရွန်များ အခြေခံကျသော နေရာမှ ပါဝင်သည့် လျှပ်စစ် စွမ်းအင် ကို မည်သို့ ထိန်းချုပ်ရမည် ဆိုသည်ကို လေ့လာသော သိပ္ပံပညာရပ် တစ်မျိုး ဖြစ်သည်။ အီလက်ထရွန်းနစ် သည် လျှပ်စစ်ပတ်လမ်းများနှင့် ၎င်းတို့ အချင်းချင်း မည်သို့ ဆက်သွယ်လုပ်ကိုင်သည် ဆိုသော နည်းပညာများကို လေ့လာသည့် ပညာ ဖြစ်သည်။ ထိုလျှပ်စစ်ပတ်လမ်းများတွင် အစွမ်းကြွ လျှပ်စစ် အစိတ်အပိုင်းများဖြစ်သော လေဟာပြွန်များ၊ ထရန်စစ်စတာများ၊ ဒိုင်အုတ်များနှင့် အိုင်စီပတ်လမ်း များ အပြင် ၎င်းတို့နှင့် ဆက်စပ်နေသော ပြုမဲ့ လျှပ်စစ် အစိတ်အပိုင်းများနှင့် ပါဝင်သည်။ ပုံမှန်အာဖြင့် အီလက်ထရွန်းနစ် ပစ္စည်းများတွင် တပိုင်းလျှပ်ကူးပစ္စည်းများ အခြေခံ အားဖြင့် ပါဝင်ပြီး သို့မဟုတ် တပိုင်းလျှပ်ကူးပစ္စည်းများသာ ပါဝင်ပြီး ပြုမဲ့ ပစ္စည်းများမှ ထောက်ပံပေးထားသည်။ ထိုသို့သော ပတ်လမ်းမျိုးကို အီလက်ထရွန်းနစ် ဆားကစ် ပတ်လမ်း ဟု ခေါ်ကြသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/d/d9/Arduino_ftdi_chip-1.jpg/640px-Arduino_ftdi_chip-1.jpg)
မျဉ်းဖြောင့်မဟုတ်သော လုပ်ဆောင်ပုံ ရှိသည့် အစွမ်းကြွ အစိတ်အပိုင်းနှင့် ၎င်းတို့၏ အီလက်ထရွန်ရွေ့လျားမှုကို ထိန်းချုပ်နိုင်သော စွမ်းအားကြောင့် အားနည်းသော လွှင့်လှိုင်းများကို ချဲ့ခြင်း ပြုလုပ်နိုင်ပြီး အီလက်ထရွန်းနစ်ကို သတင်းအချက်အလက် ဆင့်တက် ပြုပြင်ခြင်းတွင် လည်းကောင်း၊ ကြေးနန်းဆက်သွယ်ရေး တွင် လည်းကောင်း၊ လွှင့်လှိုင်း ဆင့်တက်ပြုပြင်ခြင်းတွင် လည်းကောင်း အသုံးပြုကြသည်။ အီလက်ထရွန်းနစ် ကိရိယာများသည် ခလုပ်များ အဖြစ် လုပ်ဆောင်နိုင်သည့်အတွက် ဒီဂျစ်တယ်နည်းဖြင့် သတင်းအချက်အလက်များ ဆင့်တက်ပြုပြင်ခြင်းကို လုပ်ဆောင်နိုင်သည်။ ကြားဆက် နည်းပညာများဖြစ်ကြသော ဆားကစ်ပြားများ၊ အီလက်ထရွန်းနစ် ထုတ်ပိုးမှု နည်းပညာများ နှင့် အခြားသော မတူကွဲပြားသော ပုံစံများရှိသည့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများက ဆားကစ်၏ လုပ်ဆောင်မှုများကို အပြည့်အဝ ဖြစ်စေပြီး ရောနှောနေသော ကိရိယာများကို ပုံမှန် အလုပ်လုပ်သည့် စနစ်တစ်ခု အဖြစ်သို့ ပြောင်းလဲပေးသည်။
အီလက်ထရွန်းနစ်သည် လျှပ်စစ် နှင့် လျှပ်စစ်စက်မှု သိပ္ပံနှင့် နည်းပညာတို့မှမတူ ကွဲပြားခြားနားပြီး ထိုပညာရပ်များမှာ လျှပ်စစ် ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း၊ လွှဲပြောင်းခြင်း၊ သိုလှောင်ခြင်း နှင့် လျှပ်စစ် စွမ်းအင်ကို အခြားပုံစံရှိသော စွမ်းအပ်များမှ ဓာတ်ကြိုးများကို အသုံးပြု၍ ပြောင်းလဲခြင်း၊ မော်တာ၊ ဂျင်နရေတာ၊ ဘက်ထရီ၊ မီးခလုပ်၊ ရီလေး၊ ထရန်စဖော်မာ၊ လျှပ်ခံ နှင့် အခြားသော ပြုမဲ့ လျှပ်စစ် ပစ္စည်းများ အကြောင်းကို လေ့လာသော ပညာရပ်ဖြစ်သည်။ ထိုသို့ ကွဲပြားခြားနားမှုများသည် ၁၉၀၆ ခုနှစ် လီးဒီဖောရက်စ်မှ ထရိုင်အုတ်ကို တီထွင်ခဲ့ရာမှ စတင်ခဲ့ပြီး ထိုကိရိယာမှ စက်မှုပစ္စည်းမဟုတ်သော ကိရိယာဖြင့် အားနည်းသော ရေဒီယို နှင့် အသံ လွှင့်လှိုင်းများကို ချဲ့ခြင်း ပြုလုပ်နိုင်ခဲ့သည်။ ၁၉၅၀ ခုနှစ်အထိ ထိုဘာသာရပ်နယ်ပယ်ကို ရေဒီယိုနည်းပညာဟု ခေါ်ဆိုခဲ့ကြပြီး အကြောင်းမှာ ၎င်း၏ အဓိက အသုံးချမှုမှာ ရေဒီယို ထုတ်လွှင့်စက်များ၊ ဖမ်းယူစက်များနှင့် လေဟာပြွန်များကို ဒီဇိုင်းထုတ်ခြင်း နှင့် သီအိုရီများသာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ယနေ့ခေတ်တွင် အီလက်ထရွန်းနစ် ကိရိယာ အများစုမှာ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများကို အသုံးပြု၍ အီလက်ထရွန်များကို ထိန်းချုပ်ကြသည်။ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများကို လေ့လာသောပညာ နှင့် ဆက်စပ်နေသော နည်းပညာများကို စိုင်ခဲရုပ်ခြေ ရူပဗေဒပညာ၏ ဘာသာရပ်ခွဲများအဖြစ် မှတ်ယူကြပြီး အီလက်ထရွန်းနစ် ပတ်လမ်းများကို ဒီဇိုင်းပြုလုပ်ခြင်း နှင့် တည်ဆောက်ခြင်းဖြင့် လက်တွေ့ ပြဿနာများကို ဖြေရှင်းခြင်းတို့မှာ အီလက်ထရွန်းနစ် နည်းပညာ အောက်တွင် အကျုံးဝင်သည်။ ဤဆောင်းပါးသည် အီလက်ထရွန်းနစ် အား အင်ဂျင်နီယာ ဘာသာရပ် အမြင်မှ ရှုမြင်ထားခြင်း ဖြစ်သည်။