စွမ်းအင်
From Wikipedia, the free encyclopedia
စွမ်းအင်သည် ရူပဗေဒ ပညာရပ်တွင် အလုပ်ပြီးမြောက်မှု အဖြစ်သို့ ပြောင်းလဲနိုင်သော တိုင်းဖွယ် (quantity) ဖြစ်၍ အလုပ်နှင့် ယူနစ်ချင်းလည်း တူသည်။ ဥပမာအားဖြင့် ဒြပ်ဆွဲစက်ကွင်းအတွင်း၌ ဒြပ်ထုကို အမြင့်တစ်ခုတွင် ချိတ်ဆွဲထားပါက အချိတ်ဖြုတ်လိုက်သည်နှင့် ပြုတ်ကျလိုသည့် တင်းအားတမျိုး ရှိနေပြီး ထိုအဖြစ်သည် တည်အောင်းစွမ်းအင် (en:potential energy) ရှိကြောင်းကို ဖော်ညွှန်းနေသည်။ ထို့ကြောင့် ကြိုးကို အထိုက်အလျောက် ရှည်ဆန့်စေလျှင် ထိုရှည်ထွက်အလျားနှင့် ဒြပ်ဆွဲအား၏ မြောက်လဒ်သည် အလုပ်ပြီးမြောက်မှု (work done) ဖြစ်ပြီး တည်အောင်းစွမ်းအင်အချို့က အလုပ် အဖြစ်သို့ ပြောင်းလဲသွားခြင်းဟု နားလည်နိုင်သည်။ ထို့နောက် ကြိုးဖြုတ်လိုက်၍ ပြုတ်ကျရွေ့လျားသွားလျှင် တည်အောင်းစွမ်းအင် တို့က အရွေ့စွမ်းအင် အဖြစ်သို့ အသွင် ကူးပြောင်းသွားခြင်း ဖြစ်မည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(23 Jul 2021) |
စွမ်းအင်မှာ အသွင်အမျိုးမျိုးဖြင့် တည်ရှိပြီး ၎င်းတို့မှာ ရွေ့လျားစွမ်းအင်၊ တည်မြဲစွမ်းအင်၊ အပူစွမ်းအင်၊ အသံစွမ်းအင်၊ လျှပ်စစ်သံလိုက်စွမ်းအင်၊ ဓာတုစွမ်းအင် စသည်တို့ဖြစ်သည်။
ဂျာမန် ရူပဗေဒပညာရှင် Hermann von Helmholtz က စွမ်းအင် အသွင်အားလုံးမှာ တူညီပြီး စွမ်းအင် အသွင်တစ်မျိုး ပျောက်ကွယ် သွားသော်လည်း တူညီသည့် ပမာဏဖြင့် အခြားအသွင်သို့ ပြောင်းလဲသွားသည်ဟု အဆိုပြုခဲ့သည်။ ယင်းအဆိုကို နောင်တွင် စွမ်းအင်တည်မြဲမှု နိယာမဟု လူသိများလာသည်။
အပင်မှန်သမျှသည် ရှင်သန်ကြီးထွားရေးအတွက် ရေ၊ လေနှင့် မြေကြီးထဲမှ အခြားအာဟာရ ဓာတ်များအပြင် အထူးသဖြင့် နေ၏ အပူရှိန်ကို စုပ်ယူရန်လိုပေသည်။ သစ်ပင်ကြီး
များထူထပ်သည့် တောနက်ကြီးများတွင် အချို့သော အပင်ငယ်များသည် နေရောင်ခြည်ကို လုံလောက်စွာ မရကြသဖြင့် ဆက်လက်၍ မကြီးပွားနိုင်ကြတော့ဘဲ၊ သေကြရလေသည်။ ကမ္ဘာဦး အခါမှစ၍ ဤသို့ကြိမ်ဖန်များစွာ ဖြစ်လာခဲ့ရာ ကာလကြာသော်၊ ကနဦးက သေကုန်ကြသော အပင်များသည် တဖြည်းဖြည်း မြေကြီးအောက်ထပ်သို့ ရောက်ရှိကြလေတော့သည်။
ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းစသော ပြင်းထန်သည့် လှုပ်ရှားမှုတို့ကြောင့် ကမ္ဘာ၏ အပေါ်ယံမြေလွှာသည် နေရာအမျိုးမျိုး ပြောင်းခဲ့ရသည်။ တခါတရံ ရှေးကသစ်တော ကြီးများသည် ပင်လယ်ပြင်အောက်သို့ ရောက်သွားတတ်၍ ပင်လယ်အောက်ခံမြေပြင်ကလည်း ကုန်းအဖြစ် ပေါ်လာတတ်လေသည်။
အထက်ပါ ဖြစ်ပျက်ပြောင်းလဲမှုတို့ကြောင့် နှစ်ပေါင်း ထောင်သောင်းကြာအောင် သဲမြေ၊ နုံးမြေနှင့် ရေတို့၏ အဖိအနှိပ်ကို ခံရသောအခါ ရှေးပဝေသဏီက နေ၏စွမ်းအင်ဖြင့် အသက်ရှင်ခဲ့သည့် အပင်ကြီးများသည် မာကျောမည်းနက်သော ကျောက်မီးသွေးဖြစ်သွားကြတော့သည်။ ထို့ကြောင့် မီးရထား၊ မီးသင်္ဘောမှ စ၍ ယာဉ်အမျိုးမျိုး၊ စက်အမျိုးမျိုး၊ အလုပ်ရုံ အမျိုးမျိုးတွင် မသုံးမဖြစ်အောင် အရေးကြီးသည့် ကျောက်မီးသွေးဟူသည်မှာ အခြားမဟုတ်၊ နေ၏အလင်းနှင့် အပူကိုစုဆောင်းကာ၊ နေပူရှိန်စွမ်းအင်ကို သိုလှောင်ထားသည့် ပစ္စည်း ပင် ဖြစ်သည်ဟု ကျွန်ုပ်တို့နားလည်အပ်ပေသည်။
ကျောက်မီးသွေးတွင်သာမဟုတ်၊ အပင်မှန်သမျှတွင်လည်း နေပူရှိန်စွမ်းအင် အနည်းနှင့်အများ ပါရှိသည်ချည်းသာ ဖြစ်၏။ လူတို့စားသုံးသော အသီးအပင်အရွက်တို့၌ နေပူရှိန်စွမ်းအင်
သည် အစာအာဟာရ၏ ဓာတ်စွမ်းအင်အဖြစ်ဖြင့် ပြောင်းလဲပါဝင်သည်။ လူနှင့် တိရစ္ဆာန်တို့သည် အစာအာဟာရကို မမှီဝဲဘဲ
အလုပ် မလုပ်နိုင်။
ထို့ကြောင့် အစာအာဟာရကို စားသုံးရာတွင် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် နေပူရှိန်စွမ်းအင်မှ ဖြစ်သော အာဟာရ၏ဓာတ်စွမ်းအင်ကို လှုပ်ရှားလျက် အလုပ်လုပ်နိုင်သည့်
ကြွက်သားစွမ်းအင်သို့ ပြောင်းလဲပေးလိုက်သည်။
ရေနွေးငွေ့ဖြင့်လည်သော စက်များတွင်၊ ဗွိုင်လာ ရေနွေးအိုးကို အပူတိုက်ပေးရန်အတွက် ကျောက်မီး သွေးနှင့် ထင်းကို အသုံးပြုကြသည်။ ကျောက်မီးသွေးကိုဖြစ်စေ၊ ထင်းကိုဖြစ်စေ၊
မီးရှို့လိုက်သောအခါ ထိုပစ္စည်းတို့တွင်ရှိသည့် နေပူရှိန် စွမ်းအင်သည် အပူစွမ်းအင်ဖြစ်လာသည်။
မီးပူရှိန်ကြောင့် ရေမှ ရေနွေးငွေ့ ဖြစ်လာသောအခါ၊ ရေအဖြစ်တွင် ရှိသည့်အရွယ်ပမာဏထက် အဆပေါင်း ၇ဝဝ ခန့်ကျယ်ပြန့်လာသည်။
ထို့ကြောင့် ရေနွေးငွေ့တွင် အလွန်ပြင်းထန်ကြီးမားသော ဖိအားကန်အားရှိသည့်အတွက် တခါတရံ ဗွိုင်လာအိုးပင် ပေါက်ကွဲ တတ်သည်။ ရေနွေးငွေ့ဖြင့် စက်များလည်သောအခါ ကျောက်မီးသွေးမှ ထွက်လာသည့် အပူစွမ်းအင်သည် စက်စွမ်းအင် ဖြစ်သွားသည်။ စက်စွမ်းအင်ဆိုသည်မှာ ဝတ္ထု၏ တည်နေရာကို လည်းကောင်း၊ ရွေ့လျားမှုကိုလည်းကောင်း၊ အခြေအနေကိုလည်းကောင်း အမှီပြု၍ ဖြစ်သော စွမ်းအင်ကို ဆိုလိုသည်။ အကယ်၍ ရေနွေးငွေ့ဖြင့် လျှပ်စစ်ဓာတ်ဖြစ်ထွန်းစေသည့် ဒိုင်နမိုကို လည်စေလျှင် ကျောက်မီးသွေးမှ အပူစွမ်းအင်သည် လျှပ်စစ်စွမ်းအင် ဖြစ်သွား၍၊ လျှပ်စစ်ဓာတ်ဖြင့် မီးပူတိုက်ခြင်း၊ ဓာတ်မီးထွန်းခြင်းကိစ္စ များကို ပြုလုပ်လျှင်ကား၊ အပူစွမ်းအင်၊ အလင်းစွမ်းအင် ဖြစ်သွားပြန်လေသည်။
မြစ်ရေ၊ ကန်ရေ၊ ရေတံခွန်တို့မှ ရေအားဖြင့်လည်သော စက်များ၊ လေအားဖြင့်သွားသော ရွက်လှေများကို ကြည့်လျှင် နေ၏စွမ်းအင်အပြင် အခြားစွမ်းအင်များလည်း ရှိသေးသည်ကို တွေ့ရပေမည်။ သို့ရာတွင် နေရှိ၍သာလျှင် ပင်လယ်သမုဒ္ဒရာရှိ ရေသည်အငွေ့ပျံကာ မိုး၊ ဆီးနှင်းအဖြစ် ရွာသွန်းသောကြောင့် မြစ်ချောင်း၊ ရေတံခွန်စသည်တို့ဖြစ်ပေါ်နိုင်ခြင်း၊ နေရှိ၍သာလျှင် လေတိုက်ခတ်မှု ဖြစ်ပေါ်နိုင်ခြင်းတို့ကို စဉ်းစားသော်၊ နေသည် ကျွန်ုပ်တို့ ကမ္ဘာသုံး သဘာဝစွမ်းအင်ကို အများဆုံးထုတ်ယူသည် ကို သတိမူအပ်ပေသည်။