ပလတ်စတစ်
From Wikipedia, the free encyclopedia
ပလတ်စတစ် (Plastic)သည် မော်လီကျူလာ (Molecular) ထုထည် မြင့်မားသော အော်ဂဲနစ် ပေါ်လီမာ (Organic Polymer) များ ဖြစ်ကြပြီး တခါတရံတွင် အခြား ဒြပ်နှောများလည်း ပါဝင်သည်။ ပိုလီလိုင်စ် အက်စစ်ကဲ့သို့သော တဖန်ပြန်လည်သုံးစွဲနိုင်သည့် ပစ္စည်းများမှ ပလတ်စတစ်ကို ထုတ်လုပ်ကြသည်။[1] ပလတ်စတစ်ကို ထုတ်လုပ်ရန် လွယ်ကူခြင်း၊ ကုန်ကျစရိတ် နည်းပါးခြင်း၊ ရေစိုခံခြင်း အစရှိသောကြောင့် ယခင်က အသုံးအဆောင်များဖြစ်သည့် သစ်သား၊ ကျောက်၊ စက္ကူ၊ သံထည်ပစ္စည်း၊ ဖန်၊ ငှက်မွေးတို့နေရာ၌ အစားထိုး အသုံးပြုလာကြသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ပလတ်စတစ်ကို ထုပ်ပိုးခြင်း၊ အဆောက်အအုံများတွင် ပိုက်သွယ်တန်းခြင်းများ၌ အသုံးပြုလာကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုသည် အချိုးနှုန်းသည် ကွဲပြားနိုင်သည်။ ဥပမာဆိုရသော် အိန္ဒိယနိုင်ငံတွင် ၄၂ ရာခိုင်နှုန်းသည် ထုပ်ပိုးခြင်းလုပ်ငန်း၌ အသုံးပြုသည်။ ဆေးဘက်သုံးလုပ်ငန်းများတွင်လည်း ပလစ်စတစ်ကို အသုံးချသည်။ ပလတ်စတစ်ကို ပထမဆုံး အသုံးပြုသူသည် နယူးယောက်မှ Leo Baekeland ဆိုသူဖြစ်ပြီး ၁၉၀၇ ခုနှစ်တွင် bakelite ဆိုသည့် ပလစ်စတစ်ကို ဖန်တီးခဲ့သည်။[2]
ပလတ်စတစ်ဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ လာ၍ "ပုံသွန်းရန်သင့်သော ပစ္စည်း" ဟုအနက်ရ၏။ နှစ်ပေါင်းအတော်ကြာစွာပင် ပုံသွန်းရလွယ်သော ပစ္စည်းများကိုလည်းကောင်း၊ ဖိအားဖြင့် ပုံပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း ပလတ်စတစ်အဖြစ်အသုံးပြုခဲ့ကြ၏။ ထိုပစ္စည်းတို့တွင် မြေစေး၊ ကော်ဖတ်နှင့် သတ္တုအချို့ပါဝင်၏။ ယခုအခါ ပလတ်စတစ်ကို ပစ္စည်းအမျိုးမျိုးမှ ဓာတုဗေဒနည်းများဖြင့် ရောစပ်ယူနိုင်ပြီဖြစ်ရာ ပလတ်စတစ်လုပ်ငန်းသည် အထူး တိုးတက် ဖွံ့ဖြိုးလျက် ရှိပေသည်။
ပလတ်စတစ်ပစ္စည်းများကို ကျောက်မီးသွေး၊ လေနှင့် ရေတို့မှ ပြုလုပ်ရရှိသည်ဟုဆို၏။ ဤသို့ဆိုရာ၌ ထိုပစ္စည်းများကို တစ်ခါတည်းရောစပ်၍ ပလတ်စတစ်ပြုလုပ်သည်ဟု မဆိုလိုချေ။ ထိုပစ္စည်းများကို ပထမအဆင့်အားဖြင့် ကြားပစ္စည်းအမျိုးမျိုးကို ပြုလုပ်ပြီးမှ၊ ထိုကြားပစ္စည်းမှတဆင့် ပလတ်စတစ်ပြုလုပ်ကြရသည်။ ကျောက်မီးသွေး၊ ရေ၊ လေ၊ ထုံးကျောက်နှင့် ဆားတို့ကို ကြားပစ္စည်းပြုလုပ်ရန်အတွက် အများအပြားအသုံးပြုကြသည်။
ခေတ်မှီ ပလတ်စတစ်လုပ်ငန်းသည် အဓိကအားဖြင့် ဩဂဲနစ်ဒြပ်ပေါင်းတို့မှ ပုံသွင်းနိုင်သော ပစ္စည်းများကို ထုတ်လုပ်ယူသော လုပ်ငန်းပင်ဖြစ်သည်။ ဩဂဲနစ်ဒြပ်ပေါင်းသည်ကား ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင်နှင့် အခြားဒြပ်စင်တို့ကို ကာဗွန်ဓာတ်ပေါင်းစပ်ထားခြင်းဖြစ်သည်။ မူလအားဖြင့် ဩဂဲနစ်ပလတ်စတစ်လေးမျိုးရှိသည်။ ယင်းတို့မှာ (၁) ဓာတ်ကော်စေးပလတ်စတစ်၊ (၂) သဘာဝကော်စေးပလတ်စတစ်၊ (၃) ဆဲလျူလို့ပလတ်စတစ်နှင့် (၄) ပရိုတင်းပလတ်စတစ်တို့ ဖြစ်ကြသည်။