မြစ်
From Wikipedia, the free encyclopedia
မြစ် ဆိုသည်မှာ သဘာဝအတိုင်း စီးဆင်းနေသော ရေလမ်းကြောင်းတစ်ခု ဖြစ်ပြီး အများအားဖြင့် ရေချိုများက သမုဒ္ဒရာ၊ ပင်လယ်၊ ကန် သို့မဟုတ် အခြားသော မြစ်တစ်စင်းသို့ စီးဆင်းနေခြင်းပင် ဖြစ်သည်။ အချို့သော မြစ်တို့မှာမူ အခြားသော ရေထု တစ်ခု အတွင်းသို့ စီးဝင်ခြင်း မရှိဘဲ မြေကြီးအတွင်းသို့ စီးဝင်၍ ပျောက်ကွယ်သွားခြင်းမျိုးလည်း ရှိတတ်သည်။ မြစ်ငယ်များကို စမ်းချောင်း၊ချောင်းငယ်၊ချောင်းကလေး စသည်ဖြင့် အမျိုးမျိုး အမည်ပေး ခေါ်ဝေါ်လေ့ ရှိကြသည်။ ပထဝီအနေအထား အားဖြင့် မြစ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သတ်မှတ်ထားခြင်း မရှိသော်လည်း[1] အချို့သော နိုင်ငံများတွင်မူ မြစ်အဖြစ် အရွယ်အစားပေါ် မူတည်၍ သတ်မှတ်လေ့ ရှိကြသည်။ မြစ်ငယ်များကို နိုင်ငံအလိုက် အမည်အမျိုးမျိုး မှည့်ခေါ်လေ့ ရှိကြသည်။ တခါတရံတွင် ချောင်းငယ်ထက်ကြီးသော ရေလမ်းကြောင်းအား မြစ်အဖြစ် သတ်မှတ်လေ့ရှိသော်လည်း [2] သတ်မှတ်ချက်မှာ ဝေဝါးသဖြင့် တိတိကျကျ ပြောနိုင်ရန် ခက်ခဲသည်။[3]
မြစ်တို့သည် ရေသံသရာ၏ အစိတ်အပိုင်း တစ်ခုပင် ဖြစ်သည်။ ရေဝေကြော သို့မဟုတ် ရေဝေကုန်းတန်းများတွင် ရွာကျခြင်းမှ တဆင့် ဖြစ်ပေါ်လာသော မျက်နှာပြင်ဆင်းရေ များနှင့် အခြားသော အရင်းအမြစ်များ ဖြစ်ကြသည့် မြေအောက်ဖြည့်ရေများ၊ စိမ့်စမ်းများ နှင့် သဘာဝ ရေခဲများနှင့် နှင်းခဲများအရည်ပျော်ရာမှ ဖြစ်ပေါ်လာသော ရေများ သည် မြစ်တို့ အတွင်းသို့ ပေါင်းစပ် ဝင်ရောက်လာကြသည်။ မြစ်တို့အား သိပ္ပံနည်းကျ လေ့လာသော ပညာရပ်ကို ပိုတမိုလိုဂျီ(Potamology) ဟု ခေါ်ပြီး ကုန်းတွင်းရှိ ရေတို့ကို ယေဘုယျအားဖြင့် လေ့လာသော ပညာရပ်ကို ရေချိုပညာ ဟု ခေါ်သည်။
ကမ္ဘာ၏ ပြင်ပတွင်မူ စနေဂြိုဟ်၏ လတစ်စင်း ဖြစ်သော တိုက်တန် တွင် ဟိုက်ဒရိုကာဘွန်ရည်များ စီးဆင်းနေသောမြစ်ကို တွေ့ရှိခဲ့ပြီး ဖြစ်သည်။ [4][5] သီအိုရီအရ ကြယ်တို့၏ လူနေထိုင်နိုင်သော နေရာများတွင် မြစ်များ ရှိသည်ဟု ယူဆကြသည်။