ယဉ်ပါးအောင်မွေးမြူခြင်း
From Wikipedia, the free encyclopedia
ယဉ်ပါးအောင်မွေးမြူခြင်း ဆိုသည်မှာ သတ္တဝါတစ်စု၏ မျိုးပွားနိုင်စွမ်းနှင့် ပြုစုစောင့်ရှောက်ခံရမှုအပေါ် လွှမ်းမိုးထိန်းချုပ်ခြင်းဖြင့် ထိုသတ္တဝါတစ်စုထံမှ လိုအပ်သောအရည်အချင်းများအား ရရှိလာနိုင်စေရန် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ပြုပြင်ရယူခြင်းဖြစ်သည်။ [1] ချားလ်စ် ဒါဝင် သည် ယဉ်ပါးပြီးဖြစ်သောမျိုးစိတ်များနှင့် ၎င်းတို့နှင့် အမျိုးတူတောရိုင်းမျိုးစိတ်များကို ကွဲပြားခြားနားစေသည့် သွင်ပြင်လက္ခဏာအချို့ကို သတိပြုမိခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် Selective Breeding ဟုခေါ်သည့် မျိုးစိတ်တစ်ခု၏ နှစ်လိုဖွယ်သွင်ပြင်လက္ခဏာများကို လူသားတို့မှတိုက်ရိုက်ရွေးချယ်ယဉ်ပါးစေခြင်းနှင့် သဘာဝတရား၏ရွေးချယ်မှုအရ သွင်ပြင်လက္ခဏာများ ဆင့်ကဲတိုးတက်ဖွံဖြိုးလာခြင်းတို့၏ ကွဲပြားခြားနားပုံကိုလည်း ချားလ်စ်ဒါဝင် ကပင် ရှေးဦးစွာသိရှိခဲ့ခြင်းဖြစ်သည်။[2][3][4] မျိုးစိတ်တူပင်ဖြစ်စေကာမူ အယဉ်နှင့်အရိုင်းတို့သည် မျိုးရိုးဗီဇအရကွဲပြားခြားနားကြသည်။ [5][6][7]
ခွေးသည် ပထမဆုံးယဉ်ပါးစေခဲ့သည့် တိရစ္ဆာန်ပင်ဖြစ်ပြီး[8][9][10] စိုက်ပျိုးရေးနှင့် အခြားတိရစ္ဆာန်များအားယဉ်ပါးအောင်မွေးမြူခြင်းတို့၏မတိုင်မီနှစ်များစွာကဖြစ်သော ပလေယိုဆင်းယုဂ်နှောင်းပိုင်းကာလ မကုန်ဆုံးမီအချိန်ကပင် ယူရေးရှားကုန်းမြေတစ်လျှောက်တွင် စတင်မွေးမြူခဲ့ကြသည်။[9] ရှေးဟောင်းသုတေသနနှင့် မျိုးရိုးဗီဇဆိုင်ရာအထောက်အထားများအရ "မြည်း၊ မြင်း၊ ကုလားအုပ်၊ ဆိတ်၊ သိုး နှင့် ဝက်" အစရှိသည့် တိရစ္ဆာန်များအားလုံးတွင် အယဉ်မျိုးနှင့် အရိုင်းမျိုးတို့အကြားတွင် အပြန်အလှန် မျိုးဗီဇစီးဆင်းမှုများသည် နှစ်ရှည်လများဖြစ်ပွားခဲ့သည်ကိုဖော်ပြနေပေသည်။ [6][11] [12]