ဟယ်ရီပေါ်တာ
From Wikipedia, the free encyclopedia
ဟယ်ရီပေါ်တာ (အင်္ဂလိပ်: Harry Potter ၊ ဟာရီပေါ့တာ ဟုလည်း အသံထွက်/စာလုံးပေါင်းကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားသော လူကြိုက်များထင်ရှားသည့် နာမည်ကြီး ဆန်းကြယ်စိတ်ကူးယဉ် ဝတ္ထုရှည် (Fantasy novels) စာအုပ်အတွဲ (စီးရီး - Series) တစ်ခု ဖြစ်သည်။ ထိုဝတ္ထုများသည် ဟော့ဂ်ဝပ် စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီး (Hogwarts School of Witchcraft and Wizardry) တွင် တက်ရောက်ကြသည့် စုန်းကဝေလူငယ်လေး ဟယ်ရီပေါ်တာနှင့် သူ၏ သူငယ်ချင်းများဖြစ်သော ဟာမိုင်အိုနီ ဂရန်ဂျာ (Hermione Granger) ဆိုသည့် စုန်းကဝေမလေး၊ ရော်နယ် ဝီစလေ (Ronald Weasley) ဆိုသည့် စုန်းကဝေလေး စသူတို့၏ ဘဝဇာတ်ကြောင်းဖြစ်ရပ်များကို မှတ်တမ်းတင်ထားခြင်းသဖွယ် ရေးသားထားခြင်း ဖြစ်၏။ ဇာတ်လမ်းကျောရိုးမှာ စုန်းကဝေလောက၏ ကိုယ်ပိုင်အစိုးရ (wizard governing body) မှော်ပညာဝန်ကြီးဌာန (Ministry of Magic) ကို သိမ်းယူ၍ မက်ဂယ် (Muggle) ခေါ် စုန်းကဝေးမဟုတ်သူ သာမန်လူတို့နှင့် စုန်းကဝေများအားလုံးအပေါ် အုပ်ချုပ်ကြီးစိုးချင်သော အဆိုးတကာ့ အဆိုးဆုံး ဟုပင် ဆိုနိုင်သည့် မိစ္ဆာစုန်းဆိုး (dark wizard) လော့ဒ် ဗော်ဒီမော့ (Lord Voldemort) ကို အသေအကျေ အကြိတ်အနယ် ချေမှုန်းကြသော ဟယ်ရီတို့ သူငယ်ချင်းတစ်စု၏ သည်းထိတ်ရင်ဖို စွန့်စားတိုက်ခိုက်ခန်းများအကြောင်းပင် ဖြစ်လေသည်။
အမေရိကန်ထုတ် စာအုပ်များ (နှင့် ကမ္ဘာတလွှား အခြား 'ထုတ်ဝေခြင်း' အချို့) တွင် သုံးစွဲ၍ ရုပ်ရှင်ကားများ၌ ပါဝင်ခဲ့သော ဟယ်ရီပေါ်တာ အမှတ်တံဆိပ် | |
| |
စာရေးသူ | ဂျေ ကေ ရိုးလင်း J. K. Rowling |
---|---|
နိုင်ငံ | ယူနိုက်တက်ကင်းဒမ်း |
ဘာသာစကား | အင်္ဂလိပ် |
အမျိုးအစား | ဆန်းကြယ်စိတ်ကူးယဉ် (Fantasy)၊ ဒရမ်မာ (Drama)၊ အရွယ်ရောက်စလူငယ်ဖတ်ရသ (Young Adult Fiction)၊ လျှို့ဝှက်ဆန်းကြယ် (Mystery)၊ သည်းထိတ်ရင်ဖို (Thriller)၊ ဘေလ်ဒန်စရိုမန် (Bildungsroman) ခေါ် တစ်ဦးတယောက်၏ ဘဝအထူးပြု ဝတ္ထုရှည် |
ထုတ်ဝေသူ |
|
ထုတ်ဝေခဲ့ | ၁၉၉၇ ဇွန် ၂၆ - ၂၀၀၇ ဇူလိုင် ၂၁ (ကနဦး ထုတ်ဝေခြင်း) |
မီဒီယာအမျိုးအစား | ပုံနှိပ်စာပေ (အဖုံးမာစာအုပ်နှင့် အဖုံးပျော့စာအုပ်) အသံစာအုပ် (Audiobook) အီးဘွတ်ခ် (E-book)[1] |
စာအုပ်အရေအတွက် | ၇ အုပ် |
ဝက်ဘ်ဆိုဒ် | wizardingworld.com |
ဟယ်ရီပေါ်တာ စာအုပ်စီးရီး၏ ပထမဆုံးဝတ္ထုဖြစ်သော ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး စာအုပ်ကို ၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် စတင်ထုတ်ဝေဖြန့်ချိခဲ့သည်။ စတင်ထုတ်ဝေချိန်ကပင် စာအုပ်သည် ရေပန်းစားမှု၊ ဝေဖန်ရေးဆရာများ၏ ချီးကျူးဂုဏ်ပြုမှု၊ စီးပွားရေးအရ အောင်မြင်မှုတို့ဖြင့် ကမ္ဘာတစ်ဝန်း လွန်စွာနာမည်ကျော်ကြားလာခဲ့သည်။ ထိုစာအုပ်များကို ကလေးသူငယ်တို့အပြင် ယန်း အဒေါ့လ်တ် (Young Adult) ခေါ် အရွယ်ရောက်စ လူငယ်များ၊ သက်ကြီးစာဖတ်သူများကပါ စိတ်ဝင်စားစွာ ဖတ်ရှုကြ၏။ ခေတ်သစ် အရွယ်ရောက်စလူငယ်ဖတ်စာပေနယ်ပယ် ၏ မှတ်တိုင် ဟုပင် တင်စားခေါ်ဝေါ်လေ့ရှိသော စီးရီးဖြစ်၏[2]။ ထိုစာအုပ်စီးရီးကို ကမ္ဘာအနှံ့ အုပ်ရေ သန်း ၅၀၀ ကျော် ရောင်းချခဲ့ပြီးဖြစ်ရာ ကမ္ဘာ့အရောင်းရဆုံးစာအုပ်စီးရီးအဖြစ် မှတ်တမ်းတင်လျက်ရှိသည်။ ဘာသာစကားပေါင်း ၈၀ သို့လည်း ပြန်ဆိုပြီးဖြစ်၏[3]။