အေးပက်
From Wikipedia, the free encyclopedia
အေးပက် (APEC)၏ အမည်အပြည့်အစုံမှာ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(Asia-Pacific Economic Cooperation) ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ ပတ်လည်ရှိ အဖွဲ့ဝင် ၂၁ နိုင်ငံက ဒေသတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု စသည့် စီးပွားရေး လွတ်လပ်မှု ပိုလာစေရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည့် ဖော်ရမ် (forum) ဖြစ်သည်။ အေးပက်၏ ရည်မှန်းချက်မှာ ဒေသတွင်း စီးပွားရေး တိုးမြှင့်ရေးဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၄၀ %၊ ပြည်တွင်းကုန်ထုတ်တန်ဖိုး (GDP) ၅၄ % ခန့်နှင့် ကုန်သွယ်ရေး ၄၄ % ခန့် ပိုင်ဆိုင်ထားသည်။[1]
လက်ရှိအဖွဲ့ဝင် ၂၁ ဦးအား အစိမ်းရောင်ဖြင့်ညွှန်းထားသည်။ | |
ဖွဲ့စည်းခြင်း | 1989 ခုနှစ် |
---|---|
အမျိုးအစား | စီးပွားရေး ဖော်ရမ် |
ဌာနချုပ် | စင်ကာပူ |
အဖွဲ့ဝင်များ | ၂၁ ဦး |
ဝက်ဘ်ဆိုဒ် | http://www.apec.org |
အေးပက် အလွတ်တန်း ထိပ်သီးဆွေးနွေးပွဲကို အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် အလှည့်ကျ ကျင်းပလေ့ရှိသည်။ သို့သော်လည်း တရုတ်၏ ကန့်ကွက်မှုကြောင့် အဖွဲ့ဝင်ဖြစ်သည့် ချိုင်းနီးစ်ထိုင်ပေ (ထိုင်ဝမ်) မှာမူ နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခွင့်မရှိပဲ သမ္မတမှ နှစ်စဉ် အထူးကိုယ်စားလှယ်ကို ခန့်အပ်ကာ တက်ရောက်စေသည်။၂၀၀၁ ခုနှစ် တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် အေပက် ထိပ်သီးဆွေးနွေးပွဲကိုမူ နိုင်ငံရေး အကြောင်းအရင်းကြောင့် ထိုင်ဝမ်ဘက်မှ သမ္မတ၏ အထူးကိုယ်စားလှယ်ကို စေလွှတ်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း ၂၀၀၈ ခုနှစ် ပီရူးနှင့် ၂၀၀၉ ခုနှစ် စင်ကာပူ အေးပက်ကိုမူ ဒုတိယ သမ္မတဟောင်း လျန်ကျန့်မှ သမ္မတ မာရင်းကျိုကိုယ်စား တက်ရောက်ခဲ့သည်။ လျန်ကျန့်မှာလဲ ယင်းအလွတ်တန်း ထိပ်သီးဆွေးနွေးပွဲကို ထိုင်ဝမ်ကိုယ်စား တက်ရောက်ခဲ့သည့် ရာထူးအဆင့်အမြင့်ဆုံး အထူးကိုယ်စားလှယ်ဖြစ်သည်။
အေးပက် အလွတ်တန်း ထိပ်သီးဆွေးနွေးပွဲ၏ ထူးခြားချက်မှာ အဖွဲ့ဝင် နိုင်ငံအကြီးအကဲများက အိမ်ရှင်နိုင်ငံ၏ ရိုးရာဝတ်စုံကို ဝတ်ဆင်ကာ အမှတ်တရ ဓာတ်ပုံရိုက်ကြခြင်း ဖြစ်သည်။