ကန္တာရ
From Wikipedia, the free encyclopedia
ကမ္ဘာပေါ်ရှိ အချို့ဒေသများတွင် သဲအတိပြီးသော ကန္တာရများရှိလေသည်။ သဲကန္တာရများမှာ ရှည်လျားကျယ်ပြန့်သော သဲမြေပြင်များဖြစ်၍ သစ်ပင်များပေါက်ခြင်းမရှိ၊ တိရစ္ဆာန်များလည်း ခိုအောင်းကျက်စားခြင်းမရှိချေ။ သို့သော် ကန္တာရကို ညီညာပြန့်ပြူးသည့် မြေပြင်အဖြစ်တွေ့ရခဲသည်။ သဲကန္တာရအများ၌ပင် တောင်၊ တောင်ကုန်းနှင့် ကမူများကို တွေ့မြင်နိုင်သည်။ ကန္တာရအတွင်း ခရီးသွားရသည်မှာ လွန်စွာ ဘေးအန္တရာယ် ပေါများလှ၏။ ပင်လယ်ထဲ၌ ခုတ်မောင်းလျက်ရှိသော သင်္ဘောတစ်စင်းမှ လူတစ်ယောက်သည် မိမိ ပတ်ဝန်းကျင်၌ ရေပြင်မှတစ်ပါး အခြားအရာဝတ္ထုများကို မမြင်ရသည့် နည်းတူ ကန္တာရကြီးများအတွင်း၌ ခရီးသွားရသူများသည်လည်း ပတ်ဝန်းကျင်တွင် သဲပြင်ကြီးမှတစ်ပါး အခြားအရာများကို မမြင်ရချေ။ ထိုကန္တာရကြီးများ၌ ခရီးသွားသူများသည် ကုလားအုပ်ဖြင့် တစ်နေရာမှ တစ်နေရာ သွားလာကြရ၏။ ထိုသို့ သွားလာရာ၌ ညအခါတွင် ကောင်းကင်၌ နက္ခတ်တာရာများကိုကြည့်၍ သွားကြရသည်။ ကန္တာရများအတွင်း၌ လေသည် အတားအဆီး မရှိသည့်အလျောက် တစ်ခါတစ်ရံ အလွန်ပြင်းထန်စွာ တိုက်ခတ်၍ သဲမုန်တိုင်းများ ကျရောက်တတ်သည်။ ထိုအခါမျိုး၌ ခရီးသည်များသည် သဲပြင်ပေါ်တွင် ပြားပြားဝပ်လျက်နေကြရ၏။ တစ်ခါတစ်ရံ အချို့ခရီးသည်နှင့် ကုလားအုပ်များကို သဲများ ဖုံးလွှမ်းသွားတတ်လေသည်။ ဤသို့ပြင်းထန်သော သဲမုန်တိုင်းများ ကျရောက်သောအခါ ပင်လယ်ထဲ၌ လေတိုက်ခတ်သဖြင့် လှိုင်းများပေါ်လာသကဲ့သို့ သဲကန္တာရများအတွင်း၌လည်း သဲလှိုင်းများ ဖြစ်ပေါ်တတ်၏။[1]