တလျန်မြို့
From Wikipedia, the free encyclopedia
တလျန်မြို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့မြောက်ပိုင်းရှိ လျောင်းနင်ပြည်နယ်၏ဒုတိယအကြီးဆုံး မြို့ကြီးတစ်မြို့ ဖြစ်သည်။ ရှန်းတုန်းကျွန်းဆွယ်နှင့် မျက်နှာချင်းဆိုင် လျောင်တုန်းကျွန်းဆွယ်တွင် တည်ရှိပြီး ပေါဟိုင် ပင်လယ် ကမ်းခြေရှိ ဆိပ်ကမ်းမြို့ ကြီးတစ်ခု ဖြစ်သည်။ ပင်လယ်ဝါနှင့်လည်း နယ်ချင်းထိစပ်နေသည်။ လျောင်းနင်ပြည်နယ်တွင်းရှိ ခရိုင်ကြီး(prefecture) မြို့တော်အဆင့်ရှိသော မြို့တော်ဖြစ်သလို လျောင်းနင်ပြည်နယ်ခွဲမြို့တော် (sub-provincial city) လည်းဖြစ်သည်။ တလျန်ကို ရိုးရှင်းတရုတ်စာ(simplified Chinese) အားဖြင့် 大连 ဟုရေးပြီး ရိုးရာတရုတ်စာ(traditional Chinese)အားဖြင့် 大連 ဟုရေးသည်။ ဖျင်းယင်းအသံထွက်အားဖြင့် Dàlián ဟုရေးသည်။ ဂျပန်ဘာသာအားဖြင့် ဒိုက်ရင် だいれん ဟုခေါ်ဆိုပြီး ကိုရီးယားဘာသာအားဖြင့် 다롄 ဟုခေါ်သည်။ ရုရှားဘာသာအားဖြင့် Далянь, Дальний (Dalny) ဟုခေါ်သည်။ အင်္ဂလိပ်စာဖြင့်ရေးသော ရှေးသမိုင်းအရေးအသားတွင်Dairen ဟု ရေးသားသည်ကိုလည်း တွေ့ရသည်။