ရုက္ခဗေဒ အမည်အားဖြင့် မေပယ်ပင်သည် အေဆာရေးစီအီး မျိုးရင်းတွင်ပါဝင်သည်။ မေပယ်ပင်မျိုးပေါင်း ၁ဝဝ ခန့်မျှရှိရာ အားလုံး၏ မူလပေါက်ရာ အရပ်မှာ မြောက်သမပိုင်းဇုန်ဒေသများဖြစ်သည်။ မေပယ်ပင်တွင် စိမ်းလန်းသော အရွက်များဖြင့် အုပ်အုပ်ဆိုင်းဆိုင်းရှိသောကြောင့် နွေအခါ၌ အေးမြသော အရိပ်အာဝါသရသည်။ သို့သော် ဆောင်းကူးရာသီသို့ ရောက်သည်နှင့် အစိမ်းရင့် ရောင်ရှိသော ထိုအရွက်များသည် အနီရဲရဲ နှင့်တောက်ပသော အဝါရောင်များသို့ပြောင်းသွားသဖြင့် အထူးပင်ကြည့်ကောင်း လှပေသည်။ မေပယ်ရွက်များ အားလုံးသည် အစုံအစုံရွက်ချင်းဆိုင်၍ ပေါက်ကြသည်။ အရွက်များသည် ပြား၍ ကျယ်ပြန့်ပြီးလျှင် လက်ဝါးပုံကဲ့သို့ ရွက်ကြောများနှင့် ရွက်ခြားများရှိသည်။ အရွက်တစ်ရွက်တွင် ရွက်ခြား ၃ ခု မှ ၇ ခုအထိ ရှိသည်။ မေပယ်သီးများသည် စက္ကူပါးတောင်ပံကဲ့သို့ တောင်ပံ ၂ ခုဖြင့်သီးရာ တောင်ပံတစ်ခု၏ အရင်းတွင် အစေ့တစ်စေ့စီပါရှိ၍ တစ်စုံစီ သီးကြသည်။
မေပယ်ပင် Temporal range: Late Paleocene – Recent | |
---|---|
en:Acer pseudoplatanus (sycamore maple) foliage | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Sapindales |
မျိုးရင်း: | Sapindaceae |
မျိုးရင်းသေး: | Hippocastanoideae |
မျိုးစု: | Acer L. |
မျိုးစိတ် | |
See either | |
Distribution |
ဗြိတိန်နိုင်ငံတွင် အများဆုံးတွေ့ရေသာ မေပယ်ပင် ၂ မျိုးမှာ ရုက္ခဗေဒအမည်အားဖြင့် အေဆာစူဒိုပလက်တာနပ်ဟု ခေါ်သော ကွင်းတွင်ပေါက်သည့် မေပယ်ပင်တို့ဖြစ်ကြသည်။ ကွင်းမေပယ်ပင်မျိုးသည် အခြားမေပယ်ပင်များကဲ့သို့ အရွက်များရှိသော်လည်း အပင်ကြီးမျိုး မဟုတ်ချေ။ ခြံစည်းရိုး အပင်အဖြစ် စိုက်လေ့ရှိကြသည်။ ရုက္ခဗေဒ အမည်အားဖြင့် အေဆာ ပလက်တာနွိုက် ဟုခေါ်သော နော်ဝေးမေပယ်ပင်နှင့် အေဆာနီဂန်းဒိုးဟု ခေါ်သော အခြားမေပယ်ပင်မျိုးကိုလည်း တွေ့ရသည်။
မြောက်အမေရိကတိုက်တွင် အများဆုံး တွေ့ရသော မေပယ်ပင်မျိုးမှာ သကြားမေပယ်ပင်မျိုးဖြစ်၍ ရုက္ခဗေဒ အမည်အားဖြင့် အေဆာ စက်ကရမ်းဟုခေါ်သည်။ ဤမေပယ်ပင်မျိုးသည် ပေ ၇ဝ မှ ၁၂ဝ ထိမြင့်၍ နျူးဖောင်းလန်းကျွန်းမှ မနီတိုးဗားပြည်နယ်အထိ လည်းကောင်း၊ အပ်ပလက်ချီယန် တောင်တ်းတစ်လျှောက်မှ ဂျောဂျီးယားပြည်နယ်အထိလည်းကောင်း ပေါက်ကြသည်။ သ ကြားမေပယ်ပင်မှ မေပယ်သကြားရသည်သာမက အိမ်ထောင်ပရိဘောဂအတွက် အကောင်းဆုံးသစ်များကိုလည်း ရသည်။ အခြား အမေရိကန်မေပယ်ပင်မျိုးမှာ ရုက္ခဗေအမည်အားဖြင့် အေဆာစက်ကရီးနမ်ဟု ခေါ်သော ငွေရောင်မေပယ်နှင့် အေဆာ ရူဗရမ်ဟု ခေါ်သော အနီနှင့် ကြက်သွေးရောင် မေပယ်ပင်များ ဖြစ်ကြသည်။
ချစ်စဖွယ် ဂျပန် မေပယ်ပင်များကိုလည်း တွေ့ရသည်။ ကနေဒါနိုင်ငံတွင် ခရစ် ၁၈၆ဝ ပြည့်နှစ်မှစ၍ ပေမယ်ရွက်ကို အမျိုးသား အမှတ်တံဆိပ် အဖြစ်ဖြင့် အသုံးပြုခဲ့ကြသည်။ မာ၍အသားကျစ်သော သကြားမေပယ်သားသည် အလွန်ကောင်းသဖြင့်အကောင်းစားအိမ်ထောင်ပရိဘောဂများနှင့် သစ်အချောဆက် လုပ်ငန်းများတွင် များစွာအသုံးပြုကြသည်။
ငှက်မျက်စိကဲ့သို့ အမျက်များပါသော သကြားမေပယ်သားကို အိမ်ထောင်ပရိဘောဂအတွက် မံလွှာများအဖြစ် ခွဲစိတ်ကြသည်။ အားလုံးသော မေပယ်ပင်များတွင် ပင်ချိုရည်ရှိ ကြသော်လည်း သကြားမေပယ်ပင်မှ ရသော အချိုရည်သည် အကောင်းဆုံးဖြစ်သည်။ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတွင် ရောင်းချသော သကြားနှင့် အချိုရည် အားလုံးလောက်သည် ထိုပင်ချိုရည်မှ ရခြင်းဖြစ်သည်။ မေပယ်သကြားလုပ်ငန်းသည် အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ဒေသများနှင့် အနီးတစ်ဝိုက်ရှိ ကနေဒါနိုင်ငံပြည်နယ်များ၌သာ စီးပွားရေးအရ ကြီးကျယ်သည်။ အဘယ်ကြောင့်ဆို သော် နွေကူးရာသီတွင် သစ်ရည်များများထွက်ရန် ရာသီဥတုသည် ရေခဲသည်အထိ အေးလိုက်၊ နှင်းခဲအရည်ပျော်လောက်သည် အထိ ပူလိုက်နှင့် တစ်လှည့်စီ အေးလိုက် နွေးလိုက် ဖြစ်နေရပေမည်။
တစ်ချိန်လုံး ဆက်၍ အေးနေလျှင်သော်လည်းကောင်း၊ နွေးနေလျှင်သော်လည်းကောင်း သစ်ရည်အထွက် ရပ်သွားတော့၏။ သကြားမေပယ်ပင်သည် ကြီးခဲသော အပင်မျိုးဖြစ်သည်။ အပင်သက်အနှစ် ၄ဝ မပြည့်မီအတွင်း သစ်ရည်ကောင်းကောင်း မထွက်ချေ။ အပင်သက်၈ဝ ကျော်ပြီးသောအခါတွင်ကား သစ်ရည်အများဆုံးထွက်တော့၏။
နွေကူးရာသီစသည်နှင့် သစ်ရည်များစထွက်ရာ ရက်သတ္တ ၃ ပတ်ခန့်အထိ ထွက်နေလေသည်။ သကြားမေပယ်ပင် တစ်ပင်လျှင် သစ်ရည် ၁ဝ ဂါလန် ပျမ်းမျှ ထွက်၏။ ကျိုလိုက်သည့်အခါ အချိုရည်တစ်ဂါလန် ၄ ပုံ ၁ ပုံ၊ သို့မဟုတ် သကြား ၂ ပေါင်ခန့် ရလေသည်။
နွေကူးရာသီ စလျှင်စခြင်း အလုပ်သမားများသည် မေပယ်တောထဲသို့ ရောက်နှင့် နေကြပြီးလျှင် အသင့်စောင့်နေကြရသည်။ တစ်ရက်နှစ်ရက် နောက်ကျသွားလျှင်ပင် အတော် ဆုံးရှုံးမှုရှိတတ်သည့်ပြင် ပထမရက်အနည်းငယ်အတွင်း လောက်သာ အချိုဆုံးသစ်ရည် ထွက်လေသည်။ ညများသည် သာယာအေးမြ၍ နေ့ဖက်၌ နွေး၍ နေရောင်ဖြင့် ထွန်းပနေစဉ် အလုပ်သမားများသည် ရက်သတ္တ ၃ ပတ်၄ ပတ်မျှ သကြားချက်စခန်းတွင် နံနက်အရုဏ်တက်မှ မိုးချုပ်နေဝင်သည်တိုင်အောင် အလုပ်လုပ်ကြရသည်။
သစ်ရည်ခံရာ၌ သစ်ပင်မနာရအောင် အထူးဂရုပြုရ၏။ သစ်ရည်ခံရန် အပေါက်မဖောက်မီဖောက်မည့်နေရာ ပင်စည်တစ်ဝိုက်တွင် အညစ်အကြေးနှင့် အခေါက်ကလေးများ စင်သွားအောင် ပွတ်တိုက်လိုက်ရသည်။ မြေကြီးမှ ၃ ပေခွဲ၊ သို့မဟုတ် ၄ ပေလောက်အမြင့်တွင် ပင်စည်၌ အချင်းလက်မ သုံးမူးခန့်လောက် အပေါက်တစ်ပေါက်ကို လွန်ကောက်ဖြင့် အနက်တစ်လက်မခွဲခန့် အပေါ်သို့ ခပ်စောင်းစောင်းဖောက်ရ၏။
ဖောက်ပြီးသော အပေါက်တွင် သတ္တုရေတံလျှောက်တစ်ခုကို ရိုက်သွင်းလိုက်၏။ ရေတံလျှောက် အဖျားတွင် သစ်ရည်ခံသည့် ပုံးတစ်ပုံးကို ချိတ်ဆွဲထားရာ သစ်ရည်သည် တဖြည်းဖြည်း စီးဆင်းလာလေသည်။ ယခုခေတ်တွင် အချို့ မေပယ်တောများ၌ သစ်ရည်ခံသည့် ပုံးအစား သံဖြူဖြင့်လုပ်သော ပြွန်တံများ တပ်ဆင်ထားလေသည်။ နှစ်စဉ် နှစ်တိုင်း သစ်ရည်ခံရာ၌ အပေါက်များကို တစ်နေရာတည်း မဖောက်ဘဲ နေရာအမျိုးမျိုး လွှဲ၍ဖောက်ရသည်။ သို့မှသာ နောက်တစ်နှစ်တွင် ယခင်ဖောက်ခဲ့သည့် နေရာ၌အခေါက်များ ဖုံးသွားကာ အပေါက်ပိတ်သွားလေသည်။
သစ်ရည်ကို ကျိုလိုက်သည့်အခါ အချိုရည်ဖြစ်လာသည်။ အချိုရည် ပြုလုပ်ရာ၌ ပထမ သစ်ရည်များကို သံဒယ်ကြီးများထဲသို့ လောင်းထည့်၍ အချိုရည် ဖြစ်လာသည့်တိုင်အောင် ယောက်ခွက်များဖြင့် တစ်ဒယ်မှ တစ်ဒယ်သို့ ပြောင်းခပ် ပေးရသည်။ သကြားချက်လိုသည့်အခါ အချိုရည်ကို တစ်ဖန် ကျိုရပြန်သည်။ မေပယ်ပင် ၂,ဝဝဝ ကျော်ကျော်ခန့်ရှိသော ခြံကြီးများတွင် သစ်ရည်ကို စခန်းတွင် မကျိုချက်ဘဲ စက်သို့ယူလာ၍ ချက်ကြသည်။ အချိုရည် ဖြစ်လာသည်နှင့် ချက်ချင်းစည်သွတ်၍ ပိတ်ရသည်။ သို့မဟုတ်က ဗက်တီးရီးယားများ ဝင်လာပြီးလျှင် ချဉ်သွားတတ်သည်။ သကြားအဖြစ်ထိ ချက်သည့်အခါ၌ သံဖြူဗူးများနှင့် ထည့်၍ သင်္ဘောဖြင့် တင်ပို့ကြလေသည်။[1]
ကိုးကား
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.