ဗြိတိသျှ နိုင်ငံရေးသမား From Wikipedia, the free encyclopedia
ပထမ အောဖို့နယ်စားဘွဲ့ရ ဆာရောဗတ် ဝါလပိုသည် ဗြိတိန်နိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ်ဟူ၍ ခေါ်ဆိုထိုက်သော နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။ ၁၆၇၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် နောဖို့နယ်၊ ဟောင်တန်မြို့၌ ဖွားမြင်သည်။ အီတန်ကျောင်းနှင့် ကိမ်းဗရစ်တက္ကသိုလ်၊ ဘုရင့်ကောလိပ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက် ၁၇ဝ၁ ခုနှစ်၌ ဝှစ်ပါတီဝင်အမတ်အဖြစ်ဖြင့် ပါလီမန်သို့ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၁၇ဝ၈ ခုနှစ်တွင် စစ်ဖက်ဆိုင်ရာ အတွင်းဝန်ရာထူး၌ အမှုထမ်းရသည်။ ထိုနောက် ဝှစ်ပါတီအာဏာကျဆင်းလာသဖြင့် ရာထူးမှ နုတ်ထွက်ရလေသည်။ ၁၇၁၂ ခုနှစ်တွင် ဝါလပိုသည် မိမိနှင့် နိုင်ငံရေးအတိုက်အခံ တို့က စာရိတ္တပျက်ပြားသည်ဟု စွပ်စွဲချက်ကြောင့် ပါလီမန်မှ ထုတ်ပယ်ခြင်းကို ခံရသည်သာမက လန်ဒန်ရဲတိုက်ကြီး၌ပင် ခေတ္တမျှ အကျဉ်းချထားခြင်းကို ခံရလေသည်။ သို့ရာတွင် ၁၇၁၄ ခုနှစ်၌ ပါလီမန်အမတ် အဖြစ်တစ်ဖန် ရွေးကောက်တင်မြှောက်ခြင်းခံရလေသည်။ ထိုနှစ်ထဲ၌ပင် ဝှစ်ပါတီကို လိုလားသော ပထမဂျော့ဘုရင် နန်းတက်လာလေသည်။ ၁၇၁၅ ခုနှစ်မှ ၁၇၁၇ ခုနှစ် အထိ ဝါလပိုသည် ဘဏ္ဍာရေးနှင့် ရွှေတိုက်စိုး ဝန်ကြီးအဖြစ် အမှုထမ်းသည်။ သူသည် နိုင်ငံရေးထက် ဘဏ္ဍာရေးကိစ္စများ၌ ပို၍ကျွမ်းကျင်လေသည်။ ထို့ကြောင့် ၁၇၂၁ ခုနှစ်တွင် ဆောက်ဆီးကုမ္ပဏီအရေး ပေါ်ပေါက်လာသည့်အခါ၌ တိုင်းပြည်၏ ဘဏ္ဍာရေးအခြေအနေကို ထိန်းသိမ်းပေးရန် ဝါလပိုအား ဘဏ္ဍာရေးဝန်ကြီးအဖြစ် တစ်ဖန် ခန့်အပ်လေသည်။ ယင်းကုမ္ပဏီကို ၁၇၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ရာ တိုင်းသူပြည်သားအများတို့သည် အမြတ်အစွန်း မြောက်မြားစွာ ထွက်ပေါ်လာမည် အထင်ဖြင့် အစုများဝယ်၍ ငွေရင်းမြှုပ်နှံခဲ့ကြသည်။ နောက်ဆုံး၌ ကုမ္ပဏီပျက်၍ အစုရှင်များ ငွေကြေးဆုံးရှုံးနစ်နာကြရလေသည်။ ဝါလပိုသည်လည်း တိုင်းပြည်တွင် ထိုကိစ္စကြောင့် ကျရောက်အံ့သော စီးပွားရေး အခြေပျက်ခြင်းကို ကာကွယ်နိုင်သဖြင့် ထင်ရှားလာလေသည်။ ထိုသို့ ဖြစ်သောကြောင့် ဝါလပိုသည် ၁၇၂၁ ခုနှစ်မှ ၁၇၄၂ ခုနှစ်အထိ ထိုရာထူး၌ တည်မြဲလျက် ပထမဂျော့ဘုရင် လက်ထက်၌လည်းကောင်း၊ ဒုတိယ ဂျော့ဘုရင် လက်ထက်၌လည်းကောင်း ညာလက်ရုံးသဖွယ် အားကိုးရသော နိုင်ငံရေးခေါင်းဆောင်ဖြစ်ခဲ့လေသည်။ သူ၏ဝါဒမှာ နိုင်ငံ၏ ကြီးပွားရေးအတွက် ကူးသန်းရောင်းဝယ်ရေးကို အားပေးခြင်းပင်ဖြစ်သည်။ ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးရန်အတွက်မှာလည်း တိုင်းပြည်၌ ဘဏ္ဍာရေးအခြေခိုင်ရမည့်ပြင် နိုင်ငံအချင်းချင်း ငြိမ်းချမ်းသာယာမှု ရှိရမည်ဟူ၍ ဖြစ်သည်။ ဝါလပိုသည် ပြည်တွင်း ပြည်ပတို့တွင် ငြိမ်းချမ်းမှုရှိရန် ကြိုးစား ဆောင်ရွက်ခဲ့သော်လည်း ၁၇၃၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံသည် စပိန်နိုင်ငံနှင့် စစ်ဖြစ်ပွားခဲ့ရလေသည်။ ဝါလပိုသည် စစ်ဖက်ဆိုင်ရာဝန်ကြီးအဖြစ် အမှုထမ်းရပြီးနောက် ၁၇၄၂ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်လေသည်။ ထိုနှစ်၌ပင် ဘုရင် ဝါလပိုလအား အောဖို့နယ်စားဘွဲ့ဖြင့် သူကောင်းပြု ချီးမြှင့်ခဲ့သည်။ ဆာ ရောဗတ် ဝါလပိုသည် ဝန်ကြီးချုပ် ဟူသော ရာထူးဘွဲ့ကို မခံယူခဲ့ရသော်လည်း ဝန်ကြီးချုပ်တစ်ဦးကဲ့သို့ပင် ဗြိတိန်နိုင်ငံကို ၁ဝ နှစ်ကျော်မျှ အုပ်ချုပ်ခဲ့ပြီးနောက် ၁၇၄၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ကွယ်လွန်သည်။[1]
The Right Honourable The Earl of Orford | |
---|---|
ယူကေ၏ ပထမဆုံးဝန်ကြီးချုပ် | |
တာဝန်သက်တမ်း 4 April 1721 – 11 February 1742 | |
ဧကရာဇ် | George I George II |
ယခင်လူ | ဝန်ကြီးချုပ် စတင် |
ဆက်ခံသူ | The Earl of Wilmington |
Chancellor of the Exchequer | |
တာဝန်သက်တမ်း 4 April 1727 – 12 February 1740 | |
ယခင်လူ | Sir John Pratt |
ဆက်ခံသူ | Samuel Sandys |
တာဝန်သက်တမ်း 12 October 1715 – 15 April 1717 | |
ယခင်လူ | Sir Richard Onslow, Bt |
ဆက်ခံသူ | The Viscount Stanhope |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Houghton, Norfolk, အင်္ဂလန်နိုင်ငံ။ | ၂၆ ဩဂုတ်၊ ၁၆၇၆
ကွယ်လွန် | ၁၈ မတ်၊ ၁၇၄၅ ၆၈) St James's, Middlesex, Great Britain | (အသက်
လူမျိုး | အင်္ဂလန်/ဗြိတိသျှ |
နိုင်ငံရေးပါတီ | Whig |
ကြင်ဖော်(များ) | Catherine (1700–37) Maria (1738) |
သားသမီး | ၆ |
မိခင်ကျောင်း | King's College, Cambridge |
ကျွမ်းကျင်မှု | Statesman, Scholar |
ကိုးကွယ်သည့်ဘာသာ | ခရစ်ယာန် |
လက်မှတ် |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.