ကာ၊ ဦး (ပါမောက္ခချုပ်)

From Wikipedia, the free encyclopedia

Remove ads

ပါမောက္ခချူပ် ဦးကာ သည် မြန်မာလူမျိုး မွတ်စလင်တစ်ဦးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။

မိဘမျိုးရိုး

ဦးကာသည် ၁၈၉၄-ခု၊ ဧပြီလ၁၄-ရက်နေ့တွင် မန္တလေးမြို့၌ဖွားမြင်သည်။ မိဘများမှာ ဦးမြတ်ရှင် နှင့်ဒေါ်ဘီတို့ဖြစ်သည်။ ဦးကာသည် မင်းတုန်းမင်းတရားကြီး လက်ထက်အသုံးတော်ခံ မမစီ ညီမ မမဖီ၏မြေးဖြစ်သည်။

အသုံးတော်ခံ မမစီကို မင်းတုန်းမင်းတရားကြီးနှင့်စကြာဒေဝီ မိဖုရားကြီးတို့က အလွန်သဒ္ဓါ ယုံကြည်တော်မူကြသည်။ နန်းတော်တွင်း မိဖုရားများသားတော်သမီးတော်များ ဝတ်ဆင်ရန် စိန်ထည်အမျိုးမျိုးနှင့် မိုးကုတ်ကျောက် အမျိုးမျိုးကိုအထည်ပြုလုပ် ဆက်သွင်းရသည်။ မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေဝီမိဖုရားကြီးတို့က မန္တလေးမြို့တွင်နန်းတော်ကျုံး၏အနောက်ဘက်နန်းတော်ကို မျက်နှာမူနေသော မြေနေရာအပါအဝင် မြေသုံးနေရာကိုမမစီ အားပေးသနားတော်မူသည်။ မမစီကို မိဖုရားခေါင်ကြီးမှအစ အခြားမိဖုရားများ သမီးတော်များကအလွန် ချစ်ခင်ကြသည်။ ၎င်းတို့အသုံးအဆောင်များ အနည်းငယ်ဟောင်းနွမ်းလျှင်ပင် မမစီအား ပေးလိုက်သည်။ အချိတ်ထဘီများနှင့် ကျောက်မှန်တင်ခုံကြီးများ၊ သစ်စေးသုတ်၊ ဇာတ်စုံခြယ် အဝတ်အထည်ထည့်သည့် ဂုံးသေတ္တာများ ပါဝင်သည်ဟု သိရသည်။

Remove ads

ပညာရေး

မမစီ၏ညီမ မမဖီ၏မြေးတော်သူဦးကာသည် ငယ်စဉ်က ဗုဒ္ဓသာသာနာ့နုဂ္ဂဟကျောင်း၊ မန္တလေးစိန့်ပီတာ အင်္ဂလိပ်အထက်တန်းကျောင်းတို့တွင်ပညာဆည်းပူးသည်။ ငယ်စဉ်ကပင်ပညာချွန်သဖြင့် စကောလားရှစ်ဆုများရသည်။ ၈-တန်း၊ ၉-တန်း၊ ၁၀-တန်းကို နှစ်နှစ်ဖြင့်ဖြေဆိုအောင်မြင်သည်။ ရန်ကုန်ကောလိပ်မှ ဘီအေ ဂုဏ်ထူးဘွဲ့ကို ၁၉၁၈-ခုတွင် ရရှိပြီး အမ်အေဂုဏ်ထူးဘွဲ့ကို၁၉၂၁-ခုတွင် ရရှိသည်။

နိုင်ငံတာဝန်များထမ်းဆောင်ခဲ့ပုံ

၁၉၁၈-ခုတွင် ဓာတုဗေဒဌာန သရုပ်ပြဆရာအဖြစ် စတင်ထမ်းဆောင်သည်။ ထိုစဉ် တက္ကသိုလ်ကောလိပ် ကျောင်းအုပ်ကြီးမှာ မက်သရူးဟန်တာဖြစ်သည်။ ၁၉၂၃-ခုတွင်လက်ထောက်ကထိက ဖြစ်လာသည်။

၁၉၂၃-ခုတွင် ဘီအီးအက်စ်(လက်ရွေးစင်တန်း)အဆင့်သို့တိုးမြှင့် ခန့်အပ်ခြင်းခံရသည်။ ဆရာကြီးသည် ၁၉၂၆ မှ ၁၉၄၂ ခုနှစ်အထိ ရန်ကုန်ကောလိပ်ပဲခူးဆောင် အဆောင်မှူး တာဝန်ဝတ္တရားများ ထမ်းဆောင်သည်။ ၁၉၃၅-ခုတွင် အမှုထမ်းကောင်းတံဆိပ်ရမင်းဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ ၁၉၄၆-ခုတွင် ကထိကရာထူးဖြင့် ဘီအီးအက်စ်စီ (ပထမတန်း)သို့ ရာထူးထပ်မံ တိုးမြှင့်ခြင်းခံရသည်။

၁၉၄၆-ခုနှစ်၌ပင် ပဲခူးဆောင်အဆောင်မှူး၊ တက္ကသိုလ်ကောလိပ်များ၏ အဆောင်မှူးချူပ်ဖြစ်လာသည်။ ၁၉၅၈-ခု ဇွန်လတွင် အငြိမ်းစားယူခဲ့ပြီး သင်္ချာဌာနအချိန်ပိုင်းကထိက တာဝန်ထမ်းဆောင်သည်။ နိုင်ငံတော်အစိုးရစာသင်ကျောင်းများတွင် အစ္စလာမ်ဘာသာဝင် ကလေးသူငယ်များအတွက် အစ္စလာမ်ဘာသာ အခြေခံရရှိစေရန်နှင့် ဘာသာစာရိတ္တ ကြံ့ခိုင်စေရန်သင်ခန်းစာအစီအစဉ်များ ရေးဆွဲရန်နှင့် အကြံဉာဏ်ပေးရန်အစိုးရက ကော်မတီတစ်ရပ်ခန့်အပ်ရာ ထိုကော်မတီတွင်ထိုစဉ်က ရန်ကုန် တက္ကသိုလ်ကထိက ဆရာကြီးဦးကာကို ဒုတိယသဘာပတိအဖြစ် ခန့်အပ် တာဝန်ပေးသည်။ ထိုသို့ တာဝန်ပေးခြင်းကို အများပြည်သူတို့ သိရှိရန် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရပညာရေးဝန်ကြီးဌာနခွဲ(၂) က ၁၉၅၃ခု၊ ဧပြီလ ၉ ရက် ရက်စွဲတပ်ပြီး အမိန့်ကြော်ငြာစာထုတ်ပြန်သည်။

၁၉၅၈-ခုမှ ၁၉၆၀ ပြည့်နှစ်အထိ ကာလအတွင်း ပညာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီးဌာန၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။

၁၉၆၂-ခုတွင် ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ်တော်လှန်ရေးကောင်စီ အစိုးရက တာဝန်ပေးအပ်သည်။ ပြည်ထောင်စုရာထူးအဖွဲ့ဥက္ကဋ္ဌ(ယခု ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ) တာဝန်များကိုလည်း ထမ်းဆောင်ပေးခဲ့သည်။

အစ္စလာမ်ဘာသာရေးအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခဲ့ပုံ

၁၉၅၄-ခု နိုဝင်ဘာ ၂ ရက်နေ့က ဗမာမွတ်စလင်မ်ကွန်ဂရက်(ဗမက)အဖွဲ့ ဖျက်သိမ်းပြီး အစ္စလာမ်သာသနာရေးရာကောင်စီကို ဖွဲ့စည်း ရန် ဗမကအဖွဲ့ရုံး၌ ညှိနှိုင်းဖွဲ့စည်းဝေးစဉ် ဆရာကြီးဦးကာအား ဘဏ္ဍာရေးမှူးအဖြစ် အများက လျာထားသည်။ ၁၉၅၄-ခု ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကနေဒီလမ်း၊ ဇိနတ် အစ္စလာမ်ယောက်ျားလေးများဂေဟာ၌ အစ္စလာမ်ကောင်စီစတင် ဖွဲ့စည်း သည့် အစည်းအဝေးသို့ ဆရာကြီး တက်ရောက်သည်။ ထိုအစည်းအဝေးမှ ဆရာကြီးသည် စည်းမျဉ်းရေးဆွဲရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊ စာရင်းစစ်အဖြစ် လည်းကောင်း ရွေးချယ်တင်မြှောက်ခံရသည်။ စတင်ဖွဲ့စည်းသည့် ထိုကာလမှစ၍ ဆရာကြီးသည် အစ္စလာမ်သာသနာရေးရာ ကောင်စီတွင် တောက်လျှောက်ပါဝင်ခဲ့သည်။

၁၉၅၈ ခု၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝန်ကြီးချုပ်၏ပြည်ထောင်စု စီမံကိန်းကောင်စီဌာနချုပ်၌ ကျင်းပသော အသင်းအဖွဲ့ပေါင်းစုံမှ ကိုယ်စား လှယ်များ၏ပဏမ ဆွေးနွေးပွဲသို့ ရန်ကုန်တက္ကသိုလ်မှ ဆရာကြီး ဦးကာတက်ရောက်ပါဝင် ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် ဆေးသိပ္ပံ ကျောင်းသားများအသင်း ကိုယ်စားလှယ်က မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအတွက် သီးခြားထမင်းစားရုံနှင့် သီးခြားကျောင်းဆောင်များ ရရှိရေး အကြံပေးသည်။ ဆရာကြီးဦးကာက အတွေ့အကြုံရင့်ကျက်သူပီပီ သီးခြားကျောင်းဆောင် တောင်းခံလျှင်မသင့်။ ယခင်သီးခြားထမင်းစားရုံနှင့်သီးခြားထမင်းချက် ထားရှိပေးရေးဆိုလျှင် ဖြစ်နိုင်စရာရှိကြောင်း စစ်ကြိုနှင့် စစ်ပြီးခေတ်အတွေ့အကြုံများကို သာဓက ဆောင်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။ ၁-၈-၅၈နေ့ မွတ်စလင်ကုန်သည်ကြီးများအသင်း၌ ကျင်းပသော အစည်းအဝေးတွင် ဆရာကြီး၏ အကြံပြုချက်အတိုင်း အောင်မြင်မှုရရှိပြီးဖြစ်ကြောင်းဇူလိုင် ၂၉ ရက်နေ့စွဲ ပါ ကျောင်းဆောင်စားသောက်ရေးကော်မတီ၏ ပြန်စာအမှတ် ၁၅၉၃ အိပ်ချ်အက်ဖ် ၂၂ ကို ရှင်းလင်းပြသည်။ ပါမောက္ခချူပ်ဆရာကြီး ဦးကာသည် နိုင်ငံတော်တွင် အဆင့်မြင့်ရာထူးကြီးများကို တာဝန်ယူ ထမ်းဆောင်သကဲ့သို့တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကိုယ်စားပြုသော ဘာသာရေးအသင်း အဖွဲ့များနှင့်လည်း မကင်းကွာဘဲ စိတ်ဝင်တစားပါဝင်ကြောင်း ကူညီကြောင်း သိရှိရသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads