ကုမာရကဿပထေရ်
From Wikipedia, the free encyclopedia
Remove ads
အရှင်ကုမာရကဿပသည် ဂေါတမဘုရားရှင်လက်ထက်တွင် ဆန်းဆန်းကြယ်ကြယ်စကားကိုပြောဆိုတတ်ရာ၌ 'အဂ္ဂ စိတ္တ ကထိက' ဧတဒဂ်ဘွဲ့တံဆိပ်ရ ရဟန္တာ ဖြစ်သည်။ [၁]
ဆုတောင်း
အရှင်ကုမာရကဿပသည် ပဒုမုတ္တဘုရားရှင်လက်ထက်တော်အခါက သူဌေးသားတစ်ဦး ဖြစ်ခဲ့သည်။ တစ်နေ့သောအခါ ဆန်းကြယ်စွာ စကားပြောတတ်သောအရာ၌ ရဟန်းတစ်ပါးကို ဧတဒဂ် ပေးသည်ကို မြင်၏။ ထိုအခါ သူဌေးသားသည် အားကျစိတ်များဖြစ်ပေါ်လာကာ အလှူကြီးပေးကာ နောင်ပွင့်တော်မူမည့် ဘုရားရှင်လက်ထက်တွင် ထိုရဟန်းကဲ့သို့ ဧတဒဂ်ဘွဲ့ ရပါရစေဟု ဆုတောင်းခဲ့သည်။ ထိုဆုတောင်းအတိုင်း ဂေါတမဘုရားရှင်လက်ထက်တွင် ဆန်းဆန်းကြယ်ကြယ်စကားပြောကောင်းသည့်အရာတွင် ဧတဒဂ်ပေးခြင်းခံရသည့် ရဟန္တာဖြစ်ခဲ့သည်။ [၁]
Remove ads
ငယ်ဘဝ
အရှင်ကုမာရကဿပသည် ဘိက္ခုနီ (ရဟန်းမ) တစ်ဦး၏ သားဖြစ်၏။ မိခင်ဖြစ်သူသည် အပျိုဘဝကတည်းကပင် ဘိက္ခုနီမ ဝတ်ချင်ခဲ့၏။ သို့သော် မိဘနှစ်ပါးက ခွင့်မပြုခဲ့ပေ။ ဤသို့ဖြင့် အိမ်ရာတည်ထောင်ခဲ့ကာ လင်ရှိမယား ဖြစ်ခဲ့၏။ ထိုအခါ လင်ဖြစ်သူထံမှ ဘိက္ခူနီဝတ်ရန် ခွင့်တောင်း၏။ ယောက်ျားဖြစ်သူက ခွင့်ပြုသဖြင့် ရဟန်းမ ဝတ်ခဲ့သည်။
ထိုအခါ ဘိက္ခုနီမတွင် ကိုယ်ဝန်ပြဿနာ ပေါ်ပေါက်ခဲ့သည်။ ထိုအခါ အခြားသောသူတို့က ရဟန်းမဖြစ်ပါလျက် ကိုယ်ဝန်ရှိရသလားဟု ကဲ့ရဲ့ပြစ်တင်ကြသည်။ အရှင်ဒေဝဒတ်က ထိုဘိက္ခုနီမသည် ရဟန်းမ မဟုတ်တော့ဟု မှတ်ချက်ချလိုက်သည်မှစကာ ထိုပြဿနာသည် ဘုရားရှင်ထံသို့ ရောက်သွား၏။
ထိုပြဿနာကို ဖြေရှင်းရန် ဘုရားရှင်သည် ဝိနည်းအရာ ဧတဒဂ်ရ အရှင်ဥပါလိကို တာဝန်ပေးလိုက်သည်။ အရှင်ဥပါလိသည် ဝိသာခါအစရှိသော အမျိုးသမီးများကို ခေါ်ကာ ကိုယ်ဝန်ဆောင်ရခြင်း၏ ရက်၊ လ၊ သဘောတို့ကို အမျိုးသမီးအချင်းချင်း စစ်ဆေးစေသည်။ ထိုအခါမှ လူဝတ်ကြောင်ဘဝက ပါလာသည့် ကိုယ်ဝန်ဖြစ်သည်ကို သိရှိရ၏။ ထိုအခါမှ ကိုယ်ဝန်ပြဿနာသည် အဖြေပေါ်ကာ ပြီးဆုံးသွား၏။ ဘိက္ခုနီမ ဖွားမြင်လာသော ကလေးကို ကောသလမင်းကြီးက သားတော်အဖြစ် မွေးစားလေသည်။ ထိုကလေးသည် နောင်အခါ ရဟန်းဖြစ်သာအခါ အရှင်ကုမာရကဿပ ဟု ထင်ရှားကျော်စောလေသည်။ [၁]
Remove ads
ကုမာရကဿပထေရ်
(ဤမထေရ်သည် ဥပမာ ဥပစာတို့ဖြင့် တန်းဆာဆင်၍ ဆန်းကြယ်စွာတရားဟောတတ်သူများတွင်အမြတ်ဆုံး အသာလွန်ဆုံးဟု ချီးကျူးခံရသူ (စိတ္တကထိကဧတဒဂ်ရ) ဖြစ်သည် [၂]။ မထေရ်၏မိခင်မှာ ရာဇဂြိုဟ်ပြည် သူဌေးတဦး၏ သမီးဖြစ်၏၊ သူမသည် ဘိက္ခုနီမဝတ်ခွင့်ပြုဖို့ မိဖများထံ အကြိမ်ကြိမ် ခွင့်တောင်းခဲ့ဘူးသည်၊ မိဖများက ခွင့်မပြုပေ၊ နောက်ဆုံးတွင် မိဖများအလိုကျ အမျိုးသားတဦးနှင့် လက်ထပ်ခဲ့ရရှာသည်။ လင်နှင့် အတန်ကြာ ပေါင်းသင်း နေထိုင်ပြီးနောက် သူမ၌ ကိုယ်ဝန်တည်ရှိနေသည်ကို မသိသဖြင့် ဘိက္ခုနီမဝတ်ခွင့်ပြုဖို့ လင့်ထံခွင့်တောင်းပြန်သည်၊ သူမ၏လင်က အသာတကြည် ခွင့်ပေး လိုက်၏။ သူမသည် ဒေဝဒတ်၏ လမ်းစဉ်ကို နာခံကုန်သော ဘိက္ခုနီမများထံ ရဟန်း မိန်းမပြုလုပ်သည်။ လူ့ဘဝက ပါလာသော ကိုယ်ဝန်သည် တဖြည်းဖြည်း ရင့်မာလာ၏။ ထိုအကြောင်းကို ဘိက္ခုနီမများက ဒေဝဒတ်အား လျှောက်ထားကြသောအခါ ဒေဝဒတ်သည် “သူ့တပည့်မများ နာမည်ပျက်မည့် အရေးကို တွေးကြောက်မိသဖြင့်” လူဝတ် လဲဖို့ အမိန့်ချသည်။ သူမက ဒေဝဒတ်၏အမိန့်ကို မနာခံလိုသဖြင့် ဘုရားရှင်ထံ အပို့ခိုင်းသည်၊ ဘုရားရှင်ထံ ရောက်သောအခါ ဘုရားရှင်က ဘိက္ခုနီမလေး၏ ကိုယ်ဝန်မှုကိုဆုံးဖြတ် ပေးရန်အတွက် ဥပါလိအား လွှဲအပ်တော်မူ၏။ ဥပါလိသည် ပသေနဒီကောသလမင်း, အနာထပိဏ်တို့ မျက်မှောက်၌ပင် ဝိသာခါ၏ အကူအညီဖြင့် လူ့ဘဝက ရလာသော ကိုယ်ဝန်ဖြစ်၍ ဘိက္ခူနီမလေး၌ အပြစ်မရှိကြောင်း ဆုံးဖြတ်သည်။ မကြာမီ ဤကုမာရကဿ ပမထေရ်၏ အလောင်းလျာကလေးကို မွေးဖွား၏ [၃]။
ဘိက္ခုနီမကလေးအား သားကလေးအတွက် အနှောက်အရှက် ဖြစ်နေမည်စိုး၍ ပသေနဒီကောသလမင်းကြီးက အဆိုပါကလေးကို မွေးစား၏၊ နာမည်ကိုလည်း “ကဿပ”ဟု ပေးထား၏။ ကဿပသည် မိမိ၏မိခင် ဘိက္ခူနီမတဦးဖြစ်ကြောင်း သိသောအခါ ကြီးစွာသံဝေဂဖြစ်၏[၄]။
မင်းကြီးအား ရှင်ပြုပေးဖို့ ခွင့်တောင်း၏၊ မင်းကြီးက ဘုရားရှင်ထံ ခေါ်ဆောင်၍ ရှင်ပြုပေးလိုက်၏။ ၇-နှစ်အရွယ် [၅]
ငယ်စဉ်ကပင် ရှင်ပြုသောကြောင့် ကုမာရကဿပ၊ သို့မဟုတ် မင်းမွေးစားခံရသောကြောင့် ကုမာရကဿပ [၆] မဟာကဿပကို ထောက်၍ ကုမာရကဿပ[၇]ဟု နာမည်တွင်သည်။
ကဿပဘုရားရှင် လက်ထက်က ရဟန်း ၅-ပါးသည် တောင်ပေါ်တက်၍ တရားအားထုတ်ကြ၏၊ အကြီးဆုံးရဟန်းသည် ၃-ရက် မြောက်နေ့၌ အာသဝေါကုန်ခန်း ရဟန္တာဖြစ်သည်၊ ဒုတိယအကြီးဆုံးရဟန်းသည် စတုတ္ထ မြောက်နေ့၌ အနာဂါမ်တည်၍ ကွယ်လွန်သောအခါ သုဒ္ဓါဝါသဘုံ၌ ဖြစ်၏၊ ကျန် ၃-ပါးမှာ တရားထူးမရကြပေ။ ၎င်း ၃-ပါးကား ဤသာသနာတော်တွင် ထင်ရှားသော ပုက္ကုသာတိမင်းကြီး ဗာဟိယမထေရ်နှင့် ရှင်ကုမာရကဿပတို့ပင် ဖြစ်ကြသည် [၈]။
တည၌ ရှင်ကုမာရကဿပသည် အန္ဓဝန်တော၌ နေ၍ တရားအားထုတ်စဉ် ကဿပဘုရားရှင်လက်ထက်က တရားအားထုတ်ဖက်ဖြစ်သော သုဒ္ဓါဝါသဗြဟ္မာသည် လာ၍ ဘုရားရှင်သာဖြေဆိုနိုင်သော ပြဿနာ ၁၅-ရပ် မေးမြန်းသည်၊ ရှင်ကုမာရကဿပသည် နံနက်လင်းသောအခါ ဘုရားရှင်အား အဆိုပါပြဿနာများကို လျှောက်ထား မေးမြန်း၏၊ ဘုရားရှင်က အသေးစိတ်ဖြေဆိုတော်မူသည်၊ ထိုမေးမြန်းဖြေဆိုချက်များသည်ပင် ဝမ္မိကသုတ် ဖြစ်လာသည် [၉]။ ဤသုတ်ကို ကြားနာပြီးသောအဆုံး ရှင်ကုမာရကဿပ ရဟန္တာဖြစ် လာသည် [၁၀]။
ရှင်ကုမာရကဿပမိခင် ဘိက္ခုနီမသည် သားနှင့်ကွေကွင်းနေရသဖြင့် ၁၂-နှစ်တိုင်တိုင် သောက ရောက်ရရှာသည်၊ တနေ့တွင်သားနှင့်လမ်းပေါ်၌ ဆုံတွေ့သဖြင့် “သား”ဟု တကြော်ကြော်ခေါ်၍ သင်္ကန်းစွန်းကို လိုက်ဆွဲစဉ် မတော်တဆချော်လဲသဖြင့် နို့ရည်များ ယိုစီးဖြာကျလာသည်၊ သူမသင်္ကန်းများ စိုရွှဲကုန်၏၊ ရှင်ကုမာရကဿပက “စိတ်နာပြီး သံယောဇဉ်ပြတ်မှ ရဟန္တာမ ဖြစ်မည်ကို သိရှိသဖြင့်မိခင်ကြီးကို ကြမ်းတမ်းသော စကားများဖြင့် ပြောဆိုလိုက်သည်၊ မိခင်ကြီးသည် သားအပေါ်တွင် စိတ်နာ၍ သံယောဇဉ်ပြတ်ကာ ထိုနေ့၌ပင် ရဟန္တာမ ဖြစ်သည် [၁၁]
အသက် ၂၀-ပြည့်မှ ရဟန်းခံရ မည်ဟု ဘုရားရှင်ပညတ်ချက်ရှိ၏၊ ရှင်ကုမာရကဿပ ရဟန်းခံစဉ်က မွေးဖွားသည့်နေ့မှစ၍ ရေတွက်သော် အသက် ၂၀-မပြည့်သေး ပဋိသန္ဓေလပါရေတွက်ပါမှ အသက် ၂၀-ပြည့်သည်။ ထို့ကြောင့် ရှင်ကုမာရကဿပ ရဟန်းဖြစ်မဖြစ် သံသယဖြစ်နေ၍ ဘုရားရှင် အားလျှောက်ထားသည်။ ဘုရားရှင်က ပဋိသန္ဓေမှစ၍အသက် ၂၀-ပြည့်ကလည်း ရဟန်းခံခွင့်ရှိကြောင်း မိန့်တော်မူသည် [၁၂]။
ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ရှင်ကုမာရကဿပသည် သေတဗျမြို့ ယင်းတိုက်တော၌ ရဟန်း ၅၀၀-နှင့် သီတင်းသုံးနေထိုင်သည်၊ ပါယာသိမင်းသည် အခြံအရံနှင့်တကွ ရှင်ကုမာရကဿပထံလာ၍ “တမလွန်လောက = နောက်ဘဝမရှိ”ဟူသော မိမိ၏မိစ္ဆာအယူများကိုလျှောက်ထားသည်၊ ရှင်ကုမာရကဿပက နေဥပမာတို့ဖြင့် တမလွန်လောက = နောက်ဘဝရှိကြောင်း အခိုင်အမာ ပြဆိုသည့်ပြင် မိစ္ဆာအယူဟူသမျှကို ဖြိုခွင်းဖောက် ခွဲနိုင်သော ပါယာသိသုတ် ([၁၃])ကို ဟော၍ မင်းကြီး၏အယူမှားကို ပယ်ရှားပေးလိုက်သည် [၁၄]။ ရှင်ကုမာရကဿပသည် ပါယာသိသုတ်ကို ဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက်မှ ဟောခြင်းဖြစ်သည်၊ ဘုရားရှင်သက်တော် ထင်ရှားရှိစဉ်ကပင် စိတ္တကထိကဧတဒဂ်ဘွဲ့ထူးကို ရပြီးဖြစ်၍ ပါယာသိမင်းကြီးအား ပါယာသိသုတ် ဟောခြင်းကို အကြောင်းပြု၍ ရှင်ကုမာရကဿပအား စိတ္တကထိက ဧတဒဂ် ပေးသည် ဟူသော (အံ၊ဋ္ဌ၊၁၊၂၂၂-လာ။) စကားရပ်ကို စဉ်းစားထိုက်ပေသည်။)[၁၅] [၁၆]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads