ကျိုက်ဒေတမော့ဗရတ်
From Wikipedia, the free encyclopedia
Remove ads
ကျိုက်ဒေတမော့ဗရတ်ဆံတော်ရှင်စေတီသည် မော်လမြိုင်-ရေး မော်တော်ကားလမ်းအတိုင်း ရေးမြို့သို့မရောက်မီ ၅ မိုင်ခန့်ရှိ ရေးမြို့နယ်၊ပုပ္ဖဝတီကျေးရွာတွင် တည်ရှိသည်။
Remove ads
သမိုင်းကြောင်း
ကျိုက်ဒေတမော့ဗရတ် ဟူသည် မွန်ဘာသာစကားဖြစ်ပြီး မြန်မာဘာသာဖြင့် ပြန်ဆိုပါက ကျောက်ငှက်ပျောတောင်စေတီ ဟူ၍ အဓိပ္ပာယ်ရရှိသည်။ စေတီတော်တည်ရှိရာ တောင်ကုန်းတွင် ငှက်ပျောသီးသဏ္ဌာန် ကျောက်တုံးများ တွေ့ရှိသဖြင့် ထိုသို့ ခေါ်ဆိုဟန်ရှိသည်။ ကျိုက်ဒေတမော့ဗရတ်ဆံတော်ရှင်စေတီသည် မြတ်စွာဘုရား ဝါတော် ၈ ဝါအရ သုဝဏ္ဏဘူမိဒေသသို့ ဒေသစာရီကြွရောက်စဉ် ဒုကရရသေ့အား ချီးမြင့်သော ဆံတော် တစ်ဆူကို ဌာပနာထားသည့် စေတီဖြစ်ကြောင်း ရှေးမွန်ရာဇဝင်နှင့် သမိုင်းများက ဆိုသည်။ ဆံတော်ရှင်စေတီသည် နှစ်ပေါင်းများစွာ စေတီငုတ်တိုအဖြစ်ကိန်းဝပ်စံပါယ်ခဲ့ရသည်။ ရေးမြို့နယ် အရှေ့ပိုင်းရှိ ဆေးတောင်တွင် သုံးနှစ်အကြာ တရားအားထုတ်ပြီး ဇာတိဖြစ်သည့် ရေးမြို့နယ်၊ စုံနံ့သာကျေးရွာသို့ ပြန်လည်ကြွရောက်လာသော သက်တော် ၁၈ နှစ်ရှိ ရှင်ပုပ္ဖရမ္မ(နောင် 'ဦးဇင်းလေးဆရာတော်)သည် အကြောင်းကြောင်းကြောင့် အခြားပုဂ္ဂိုလ်များ ပြုပြင်မွမ်းမံရန် အကြောင်းမညီညွတ်သော ဆံတော်ရှင်စေတီကို မြန်မာသက္ကရာဇ် ၁၃၅၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်တွင် ဉာဏ်တော်အမြင့် ပေ ၂၀ ခန့်ဖြင့် အပြီးသတ် မွမ်းမံတည်ထား၍ ထီးတော်အထွဋ် တင်လှူနိုင်ခဲ့သည်။ ထိုမှတဖန် ဦးဇင်းလေးဆရာတော်မှပင် မူလစေတီကိုငုံ၍ ကိုယ်တိုင်ဗိသုကာပြု ပုံစံချထားသော ဉာဏ်တော် ၁၃၂ ပေအမြင့်ရှိ ဝေဇယန္တာပြဿာဒ်စေတီကို တည်ထားခဲ့သည်။
Remove ads
ကျိုက်ဒေတမော့ဗရတ် သာသနာပြုစခန်း
ဆံတော်ရှင်စေတီဝန်းကျင်နယ်မြေသည် ဦးဇင်းလေးဆရာတော်၏ သဒ္ဓမ္မတရားပြန့်ပွားရာ သာသနာပြုစခန်းအဖြစ် စည်ပင်ထွန်းကားလာခဲ့ပြီး ဘုရား၊ ကျောင်း၊ ကန်၊ သိမ်နှင့် ဓမ္မာရုံများ လေ့လာဖွယ်ရာ သာသနိကအဆောက်အဦများစွာ ပေါ်ထွန်းလာခဲ့သည်။ စာသင်ကျောင်းအပါအဝင် ပုပ္ဖဝတီအမည်ဖြင့် ကျေးရွာသစ် တစ်ရွာသည်လည်း မော်လမြိုင်-ရေးမော်တော်ကားလမ်းမှ ဆံတော်ရှင်စေတီသို့ သွားရာ လမ်းမပေါ်တွင် တည်ထောင်ပေါ်ပေါက်လာခဲ့သည်။
သာသနာပြုနယ်မြေရှိ စေတီပုထိုးများ
ကျိုက်ဒေတမော့ဗရတ်သာသနာပြုနယ်မြေတွင် ဆံတော်ရှင်စေတီကို တည်ထားမွမ်းမံပြီးနောက် ပရိက္ခရာစေတီတော်၊ ဉာဏ်တော် ၁၂၉ ပေရှိ ထိုင်တော်မူလေးဆူနှင့် တစ်ဆက်တည်းဖြစ်သော ဉာဏ်တော် ၁၄၅ ပေရှိ ရာမညအတုလစေတီနှင့် အလျား ၂၂၆ ပေရှိ လျောင်းတော်မူဘုရားတို့ကိုလည်း တည်ထားကိုးကွယ်ခဲ့သည်။ ယခုအခါ ကမ္ဘာ့အကြီးဆုံး ပိဋကတ်စေတီတော်ကိုလည်း တည်ထားကိုးကွယ်လျက်ရှိပြီး ရေးမြို့နယ်တွင် မွန်လူမျိုးတို့၏ စာပေနှင့်ယဉ်ကျေးမှု၊ သာသနာတော်ဆိုင်ရာ ဗဟိုဌာနတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။
ကိုးကား
- MRTV"ရေးမြို့နယ်သို့ခရီးစဉ်"ပါ သာသနာပြုနယ်မြေ အကြောင်း
- နက္ခတ္တရောင်ခြည်မဂ္ဂဇင်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads