ကျောက်ဂူဥမင်ဘုရား(ပုဂံ)

From Wikipedia, the free encyclopedia

Remove ads

ကျောက်ဂူဥမင်သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ ဧရာဝတီမြစ်သို့ ချောင်းများစီးဆင်းရာတွင် ဖြစ်ပေါ်ခဲ့သော ချောက်များ၊ အနိမ့်များ၊ ကမ်းပါးစောက်များ ပေါများသော ညောင်ဦးမြို့၏ အရှေ့မြောက်နေရာတွင် ဤကျောက်ဂူဥမင်သည် ကုန်းစောင်းပြတ်တစ်ခုကို အတွင်းသို့ ဥမင်ထွင်းပြီးနောက် ရှေ့အဆောင်ခန်းမကြီးတစ်ခုကို ကျောက်ဆစ် ကျောက်ချပ်များနှင့် စီပြီး ခန့်ခန့်ညားညား ပြုလုပ်ထားသည်။ ညောင်ဦးမြို့၏ အရှေ့ဘက် နှစ်မိုင်အကွာတွင် ရှိပြီး ကျောက်ဂူဥမင်လိုဏ်ကနေ ဝင်သွားလျှင် ကျန်စစ်သားဂူကို ရောက်သည်။

  • သာသနိကအ​ဆောက်အအုံအမှတ်=၁၅၄/၁၂၃
Remove ads

ရှေးစကား

အစဉ်အလာပြောကြားခဲ့သော အမှတ်အသားများအရ ပုဂံ နရပတိစည်သူမင်းလက်ထက် “ပဏ္ဍိတ”အမည်ရှိသော မထေရ်မြတ်သည် မိမိ၏ သီလစင်ကြယ်ကြောင်း ဓားသွေးကျောက်နှင့် ဓားမကို ဧရာဝတီမြစ်၌ အဓိဋ္ဌာန်ပြု၍ ချရာတွင် ကျောက်နှင့်ဓားမပါ ရေ၌ ကူးသွားသည်ဆိုသော ဥဒါန်းစကားဖြင့် ကျောက်ကူးဓားမပါဟု အမည်ပေါ်ခဲ့လေသည်။ ထိုမထေရ်မြတ်အတွက် နရပတိစည်သူ မင်းကြီးက သက္ကရာဇ် ၅၅၀တွင် ချောက်ကမ်းပါးတွင် ဥမင်တူး၍ လှူဒါန်းခဲ့ကြောင်း၊ ကျောက်ကူးသွားသည်ကို အစွဲပြု၍ ကျောက်ကူးဥမင်ဟု ခေါ်ကြောင်း၊ ဓားမပါသွားသဖြင့် “ဓားမပါဘုရား”ဟု မြောက်ကုန်းထိပ်တွင် ရှိခဲ့ဖူးကြောင်း စသဖြင့် ဖော်ပြကြလေသည်။

Remove ads

ကျောက်စာ

ကျောက်ဂူဥမင်တွင် ယခုရှိသော ကျောက်စာ၌ “သက္ကရစ် ၅၅၀ သာသနာငါးထောင်တေည်စိမ်သောငှာ စည်သူမင်ကြီ နတ်ထမင်ရသော သ္ခိင်ထံပါပုရှာအာ လှူတပ်မူသဝ် ” အစရှိသဖြင့် သက္ကရာဇ် ၅၅၀ တွင် စည်သူမင်းကြီးသည် နတ်ထမင်းရသော သခင်ထံပါ (ဓံပါ-ဓမ်ပါလ်-ဓမ္မပါလ)၏ ဘုရားကို ကျွန် စသည်များ လှူကြောင်းနှင့် ဥဇနမင်းလက်ထက်တွင်လည်း ဆက်လက်လှူဒါန်းကြောင်းများ ပါရှိလေသည်။ ဤအမည် ဓမ္မပါလမှ ဓမ်ပါ-ထံပါဟု အတိုခေါ်ရာမှ နောက်ဓားမပါဟူသော ပုံပြင်နှင့် ဆက်စပ်သွားဟန်တူသည်။

အထက်ပါကျောက်စာထွက် စကားကို ထောက်၍ ဤကျောက်ဂူဥမင်တွင် နရပတိစည်သူမင်းကြီး လက်ထက် အကျင့်သီလပြည့်စုံသော “သခင်ထံပါ” မထေရ် သီတင်းသုံးလျက်ရှိကြောင်း သိရလေသည်။ ဥမင်၏ လက်ရာနှင့် ကျောက်ဆင်းတု စသည်များကို ထောက်၍ကား နရပတိစည်သူ မင်းကြီးလက်ထက်ထက် စော၍ ဤအဆောက်အအုံ ရှိနေမည်ဟု ယုံကြည်ရသည်။ နှစ်ပေါင်း တစ်ရာစော၍ ကျန်စစ်မင်းကြီး လက်ထက်လောက်က စတင်တည်ဆောက်ခဲ့သည်ဟု ယူဆရသည်။ []

Remove ads

သမိုင်း

ကျောက်ဂူဥမင်ဘုရားကို ခရစ် (၁၁) ရာစုတွင် နရပတိစည်သူမင်း တည်ခဲ့သည်။ ကျောက်ဂူဥမင် တွင်ရှိသော ကျောက်စာအရ နရပတိ စည်သူမင်း (အေဒီ-၁၁၆၅-၁၂၁၁) လက်ထက် ကျောက်ဂူဥမင်တွင် သခင်ထံပါ (ဓံပါ- ဓမ်ပါလ်-ဓမ္မပါလ်) သီတင်းသုံးလျက် ရှိကြောင်း၊ နရပတိစည်သူ မင်းသည် အေဒီ (၁၁၈၈) တွင် သခင်ထံပါ၏ ဘုရား၌ ကျွန်များ လှူဒါန်းခဲ့သည်ဟု သိရှိရသည်။

တည်ဆောက်ပုံ

ကျောက်ဂူဥမင်သည် သဲကျောက် ကမ်းပါးယံကို ထွင်း၍ အုတ်နှင့်ကျောက် ရော၍ ဥမင် တည်ဆောက် ထားခြင်းဖြစ်သည်။ ကျောက်ဂူဥမင် တိုက်မ မြေညီထပ်တွင် အတွင်း အပြင် ကျောက်အုတ်များဖြင့် တည်ဆောက် ထားပြီး အဆင့် သုံးဆင့်ရှိသည်။ အပေါ်ပိုင်း နှစ်ဆင့်မှာ ရိုးရိုးမြေအုတ် များဖြင့် တည်ဆောက် ထားသည်။ ဥမင်၏ မြောက်ဘက်တွင် အဝင်မုခ်၊ အာရုံခံခန်းမ ရှိပြီး မြောက်ဘက် မျက်နှာမူနေသည့် သဲကျောက်ဖြင့် ထုလုပ် ထားသည့် ဗုဒ္ဓရုပ်ဆင်းတု ရှိသည်။ ရုပ်ပွားဆင်းတု၏ အရှေ့၊ အနောက်နှင့် မြောက်ဘက်တွင် စင်္ကြလမ်းများ ရှိသည်။ ဥမင်အတွင်းသို့ ဆင်းတုတော်၏ အရှေ့ အနောက် ခုံးဖြောင့် ပေါင်းကူး ဝင်ပေါက်မှ ဥမင်လိုဏ်ခေါင်း အတွင်း ဝင်ရောက်နိုင်သည်။ ဥမင် လိုဏ်ခေါင်းအတွင်း ဝင်္ကပါသဖွယ် ထောင့်ချိုးများဖြင့် ဖောက်လုပ်ထားပြီး ဝင်္ကပါလမ်း၌ ကမ္မဌာန်း ဘာဝနာ တရား အားထုတ်ရန် အခန်းကျဉ်းများ ရှိသည်။ ဥမင်၏ အရှေ့ နှင့် မြောက်ဘက် မျက်နှာတွင် ပြတင်းပေါက်များ ရှိသည်။ ဥမင်လိုဏ်ခေါင်း အတွင်း အလင်းရောင် ရရန် ရောင်လင်း ပေါက်များ ဖောက်ထားသည်။

Remove ads

အနုပညာလက်ရာ

ကျောက်ဂူဥမင်တွင် နံရံဆေးရေးပန်းချီနှင့် ကျောက်ဆစ် ပန်းတမော့ လက်ရာများ လေ့လာနိုင်သည်။ အောက်ထပ် ခန်းမဆောင်ကြီးသည် အနည်းငယ် မှောင်သည်။ လေးဆယ့်နှစ်ပေ ကျယ်၍ နောက်ဘက်တွင် နှစ်ဆယ့်ငါးပေ ရှိသည်။ ထိုခန်းမဆောင်အတွင်း အလျား ဆယ့်ရှစ်ပေ၊ အနံ ဆယ့်နှစ်ပေ၊ အမြင့် ကိုးပေ ရှိသော ကြာပလ္လင်ထက်၌ အဝင်မုခ်ဝကို မျက်နှာမူလျက် ဘူမိဖဿမုဒြာ လက်အနေအထားဖြင့် တင်ပျဉ်ခွေထိုင်နေသော ဆင်းတုတော်ကြီး တစ်ဆူရှိသည်။[]

ကျောက်ဂူဥမင် အတွင်းရှိ ပဓာနဗုဒ္ဓရုပ်ပွား ဆင်းတုတော် ကြီး ရှိသည့် ဂန္ဓကုဋီတိုက် နံရံ အောက်ပိုင်းတွင် နံရံ ဆေးရေး ပန်းချီများ ရှိသည်။ ဆင်းတုတော်ကြီးရှေ့တွင် ဂူ၏ အာရုံခံ ခန်းမကြီးကို သုံးဆယ့်နှစ်ပေ မြင့်သော ကြီးမားသော ကျောက်အုတ်စီ တိုင်မကြီး နှစ်ခုက ထောက်ထားပြီး အမိုးပေါင်းကူးဒေါက်အဖြစ် တည်ရှိသည်။ ယင်းတို့၏ အောက်ခြေ ပတ်လည်တွင် အလွန်လှပသော ကျောက်ပန်းခက်များ ထွင်းထားသည်။ ကျောက်ဂူ တိုက်မအတွင်း အရှေ့၊ အနောက်နှင့် မြောက်နံရံတွင် နံရံမုခ် ကပ်သုံးတန်း ရှိပြီး နံရံမုခ်ကပ် (၄၉)ခု ရှိသည်။ ထိုနံရံမုခ်ကပ်များတွင် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ နှင့် ဗုဒ္ဓဝင်ခန်း ဆိုင်ရာ ကျောက်ဆစ်ရုပ်တု များရှိသည်။ ဗုဒ္ဓရုပ်တုများတွင် ခမည်းတော် သုဒ္ဓေါဒန မင်းကြီး လယ်ထွန် မင်္ဂလာပြုစဉ် ဘုရားလောင်း သိဒ္ဓတ္တ မင်းသားဇဗ္ဗူ့ သပြေပင်ရိပ်တွင် နေပုံ၊ မုစလိန္ဒာ သတ္တဟ စံနေပုံ၊ ဘုရားလောင်း ဒုက္ကရ စရိယာ ကျင့်စဉ်၊ နတ်တို့က နားရွက်မှ ဩဇာသွင်းပုံ ကျောက်ဆစ် လက်ရာများကို လေ့လာနိုင်သည်။ (အမျိုးသား ယဉ်ကျေးမှု ပြတိုက်ရှိ ဘုရားလောင်း ဖွားတော်မူခန်း ကျောက်ဆစ်ရုပ်တုမှာ ဤ ကျောက်ဥမင်မှ ယူဆောင် ပြသခြင်း ဖြစ်သည်။) ကျောက်ဂူဥမင်၏ အဝင်မုခ် လက်ဝဲလက်ယာ ထောင့်ချိုးများတွင် အလွန်လှပသော ကျောက်ဆစ်လက်ရာ ဘီလူးရုပ်၊ မိန်းမရုပ်၊ ကြာပန်းများ အကြား ကိန္နရီ ကိန္နရာရုပ်၊ နတ်ရုပ်၊ ခြင်္သေ့၊ ကျား၊ သမင်၊ ယုန်ရုပ်များကို ကျောက်အုတ် များစီ၍ ထွင်းထု ထားသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads