ခင်ညို (ဗိုလ်မှူးကြီး)

From Wikipedia, the free encyclopedia

Remove ads

ဗိုလ်မှူးကြီး ခင်ညို သည် ဦးဘိုးလှ၊ ဒေါ်အေးမယ်တို့၏ ပဉ္စမမြောက်သားဖြစ်သည်။ မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းမှ (၁၀)တန်းအောင်ပြီး မန္တလေးဥပစာကောလိပ်တွင် ဆက်လက် ပညာသင်ကြားသည်။ ဥပစာတန်းအောင်သောအခါ (B.O.C) College of Engineering ရန်ကုန်တက္ကသိုလ်တွင် အင်ဂျင်နီယာသင်တန်းတက်သည်။ ၁၉၃၆ ၌ ဒုတိယကျောင်းသားသပိတ်များတွင် မန္တလေးမြို့ ၌ အားကြိုးမာန်တက် ထိထိ ရောက်ရောက် ဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ၌ ဂျပန်တပ်များနှင့်အတူ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသည့် ဘီအိုင်အေ (ဗမာ့လွတ်လပ်ရေးတပ်မတော်) သို့ ဝင်သည်။ အင်္ဂလိပ်အစိုးရဆန့်ကျင်ရေး၊ မြေအောက်တော်လှန်ရေးတွင် မန္တလေးမြို့ ၌ တာဝန်ယူရသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖျက်သိမ်းသောအခါ ပြန်လည်ဖွဲ့စည်းသော ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်) တွင်ဆက်လက်အမှုထမ်းသည်။

ဂျပန်တော်လှန် ရေးမစမီ တပ်ရင်း (၁၀၃) ဖွဲ့နိုင်သေးသော ဗမာ့ကာကွယ်ရေးတပ်မတော်တွင် လေယာဉ်ပစ် အမြောက်ကြီးတပ်များ၏ တပ်ရင်းမှူးအဖြစ် ၁၉၄၃ ခုနှစ်တွင် ခန့်အပ်ခြင်းခံရသည်။ ဂျပန်တော်လှန်ရေးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အထူးအမိန့်စာအရ ရန်ကုန်မြို့တပ်များနှင့် နယ်အသီးသီးရှိတပ်များ ဂျပန်တော်လှန်ရေးစစ်မြေပြင်သို့ ထွက်ခွာသည့်အချိန်မှ တော်လှန်ရေး စသည့် ၁၉၄၅ခု၊ မတ်လ (၂၇) ရက်နေ့အထိ ရန်ကုန်မြို့တွင်းမှ ဆက်သွယ်ရေးနှင့် တော်လှန်ရေးကိစ္စအဝဝကို တာဝန်ယူရသည်။ တော်လှန်ရေးပြီးသောအခါ ဗမာ့တပ်မတော်တွင် ဆက်လက် အမှုထမ်းသည်။ စစ်ရုံးတွင် အမြောက်နှင့် သံချပ်ကာတပ် ညွှန်ကြားရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အိမ်စောင့်အစိုးရလက်ထက်တွင် မီးရထားဌာန နှင့် J.V.C တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူလုပ်ကိုင်ရင်း စီးပွားရေးကိစ္စများကို ဆောင်ရွက်ခဲ့သည်။ တော်လှန်ရေးအစိုးရလက်ထက်တွင် မီးရထားဌာန၏ ဥက္ကဋ္ဌ၊ ဘီအီးစီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့ပတ် ရထားလမ်းဖောက်၍ မြို့ပတ်ရထားများ ပြေးဆွဲခဲ့သည်။ ကြယ်ငါးပွင့်သင်္ဘောကော်ပိုရေးရှင်း စတင်တည်ထောင်သော ဘုတ်အဖွဲ့တွင် ပါ၍ တတိယမြောက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အင်းလျားကန်ဟိုတယ်ကို ဗိုလ်မှူးကြီးဘာသာ(ရေတပ်) နှင့်အတူ ကြပ်မတ် ဆောက်လုပ်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးအစိုးရ တက်လာသောအချိန် ၌ အင်းလျားကန်ဟိုတယ်ကြီးလည်း ပြင်ဆင်မှုပြီးစီးသွား၍ ထိုနှစ်အတွင်း ၌ပင် သံတမန်များကို ဖိတ်၍ တော်လှန်ရေးကောင်စီဝင်အဖြစ် ဟိုတယ်ကြီးကို ဖွင့်ခဲ့သည်။ စစ်တောင်းတံတားသစ်ကြီးကို အိမ်စောင့်အစိုးရလက်ထက်တွင် အပြင်းအထန် အခြေချခဲ့၍ တော်လှန်ရေးအစိုးရလက်ထက်တွင် ပြီးစီးအောင် ဆောက်လုပ်ပြီး ၁၉၆၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းမှုအတွက် မော်ကွန်းဝင်ပထမအဆင့် ချီးမြှင့်ခြင်းခံရသည်။ အိမ်စောင့်အစိုးရလက်ထက် ဆောင်ရွက်မှုများအတွက် စည်သူ ဘွဲ့ချီးမြှင့်ခြင်းခံရသည်။ ထို့ပြင် လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ဂျပန်တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် ၁၉၈၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမအဆင့်) ချီးမြှင့်ခြင်းခံရသည်။ ၁၉၉၉၊ ဩဂုတ်လ (၆)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။


Remove ads

ကျမ်းကိုးစာရင်း

၁။မန္တလေးမဂ္ဂဇင်း ၁၉၉၁ ခု၊ စာ-၁၁

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads