ခင်သီတာထွန်း
From Wikipedia, the free encyclopedia
Remove ads
ခင်သီတာထွန်းသည် မြန်မာ့ရုပ်ရှင်လောကတွင် အကယ်မီဆုများ ရရှိထားသော ရုပ်ရှင်သရုပ်ဆောင်မင်းသမီး ဖြစ်သည်။ အဖ ဒါရိုက်တာ ဦးထွန်းမြင့်ထွန်း၊ အမိ ဒေါ်တင်ရည်တို့က မော်လမြိုင်မြို့ သာယာကုန်း ရွှေတောင်ရပ်၌ ၁၉၅၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ဦးအနက် တတိယမြောက်သမီး ဖြစ်သည်။ အိမ်နာမည်မှာ မလတ်ဖြစ်ပြီး အမည်ရင်းမှာ မသန်းသန်းဝင်း ဖြစ်သည်။ ၁၀ တန်းအောင်မြင်ပြီး တက္ကသိုလ် အဝေးသင် ပထမနှစ် သင်ကြားနေစဉ် ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် အီလက်ထရွန်နစ်အင်ဂျင်နီယာ ဦးပြုံးမောင်မောင်နှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး သမီးနှစ်ဦး ထွန်းကားခဲ့သည်။
ငယ်စဉ်အရွယ် အသက် ၅ နှစ်၊ ၈ နှစ်၊ ၁၁ နှစ် အရွယ်၌ပင် ကလေးသရုပ်ဆောင်အဖြစ် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ ဖခင်မှာ တော်ဝင်ထွန်းရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သောကြောင့် ဖခင် ရိုက်ကူးသော ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကလေးသရုပ်ဆောင်အဖြစ် ချစ်ထုံးရယ်ဖြေ ဇာတ်ကားတွင် စတင်ပါဝင်ခဲ့သည်။ ထိုသို့ဖြင့် အသက်၁၅ နှစ် ၉ တန်းကျောင်းသူဘ၀တွင် ဆူးမွေ့ယာ ဇာတ်ကား၌ မင်းသား ညွန့်ဝင်းနှင့်အတူ ခေါင်းဆောင်မင်းသမီးအဖြစ် စတင်သရုပ်ဆောင်ခဲ့သည်။ ယင်းနောက် ရုပ်ရှင်ဇာတ်ကားများစွာ ဆက်လက်ရိုက်ကူးခဲ့ပြီး အောင်မြင်ထင်ရှားခဲ့သည်။ ကျောက်လက်ဝါးနှင့် စိုင်းဗေဒါ ဇာတ်ကားကို သရုပ်ဆောင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ရာ ဝင်ငွေအရလည်းကောင်း၊ အနုပညာအရလည်းကောင်း အောင်မြင်မှုရရှိခဲ့သည်။ လက်ဦးဆရာမှာ ဖခင် ဒါရိုက်တာ ဦးထွန်းမြင့်ထွန်း ဖြစ်သည်။
ခင်သီတာထွန်းသည် ရုပ်ရှင်ဇာတ်ကား ၈၀ ကျော် ရိုက်ကူးခဲ့ရာ ထင်ရှားသော ဇာတ်ကားများမှာ နေကျောက်ခဲ၊ ဖက်ဖူးရောင်၊ တစ်ခါက တစ်ဘ၀၊ တတိယအရွယ်၏ဒုတိယဝေဒနာ၊ နှလုံးသားမြို့တော်၊ ပန်းသီတဲ့ကြိုး၊ ဣတ္ထိယခေါ် မိန်းမတို့သည်၊ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် စသည့် ဇာတ်ကားများ ဖြစ်သည်။ တစ်ခါက တစ်ဘ၀ (၁၉၇၈)ဇာတ်ကားဖြင့်လည်းကောင်း၊ ဣတ္ထိယခေါ် မိန်းမတို့သည် (၁၉၈၃)ဇာတ်ကားဖြင့်လည်းကောင်း၊ ပန်းသီတဲ့ကြိုး (၁၉၈၅) ဇာတ်ကားဖြင့်လည်းကောင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အမျိုးသမီးဇာတ်ဆောင်ဆုကို ၃ ကြိမ် ဆွတ်ခူးရရှိခဲ့သည်။
ယခုအခါ ခင်သီတာထွန်းသည် မိသားစုနှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်ကာ ရုပ်ရှင် ဗွီဒီယိုရိုက်ကူးခြင်းကို အခါအားလျော်စွာ လုပ်ကိုင်လျက်ရှိသည်။
Remove ads
ဝင်းငြိမ်း။ အကယ်ဒမီ အိမ်ရှင်မ ခင်သီတာထွန်း၊ ရုပ်ရှင်မဂ္ဂဇင်း၊ အမှတ် ၂ (မေ ၁၉၉၅)။
အေးအေးစိုး(ဖျာပုံ)။ ရုပ်ရှင်သမိုင်းနှင့် မြန်မာ့ရုပ်ရှင်မှတ်တမ်း။ ရန်ကုန်၊ ပထမအကြိမ်၊ စာပေဗိမာန်၊ ၂၀၀၆။
ပြင်ပလင့်ခ်များ
- ခင်သီတာထွန်းပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားများ 2 July 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ဇာတ်ကားများ 23 November 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads