နန္ဒမိတ်၊ တက္ကသိုလ် (စာရေးဆရာ)
မြန်မာ စာရေးဆရာ From Wikipedia, the free encyclopedia
Remove ads
တက္ကသိုလ်နန္ဒမိတ် (၁၉၂၃ - ၁၉၈၆) သည် မြန်မာပြည်စစ်မြေပြင်၊ အင်ဖာတိုက်ပွဲ စသော စစ်မှတ်တမ်းများကို ဘာသာပြန်ပြုစုခဲ့သော စာရေးဆရာကြီး ဖြစ်သည်။
Remove ads
ငယ်ဘဝ
စာရေးဆရာ တက္ကသိုလ်နန္ဒမိတ်ကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ အဖမြို့ပိုင် ဦးမောင်မောင်ကြီး၊ အမိဒေါ်ရွှေတို့က ၁၉၂၃ ခုနှစ် မတ်လ ၇ ရက်နေ့ (၁၉၂၂ ခု မတ်လ ၈ ရက် ကြာသပတေးနေ့ ဟု 'တက္ကသိုလ်နန္ဒမိတ် သို့မဟုတ် ကောင်းကင်နှင့်မြေကြီးကို တောင်းခံသူ' တွင် ဖော်ပြထားသည်) တွင် ဖွားမြင်သည့် အမြွှာ ညီအစ်ကိုနှစ်ဦးအနက် ပထမ ဖွားမြင်သောသား ဖြစ်သည်။ ထို့ကြောင့် ငယ်စဉ်က 'ကိုကို' ဟု ခေါ်ခဲ့ကြပြီး၊ အမည်ရင်းမှာ ဦးတင်အောင် (ခေါ်) မိုဟာမတ်အလီ ဖြစ်သည်။ မွေးချင်းသုံးဦးတွင် အကြီးဆုံး ဖြစ်သည်။ ငယ်စဉ်က တောင်ကုတ်မြို့တွင် နေထိုင်ခဲ့ပြီး တိုင်းရင်းမြန်မာအလယ်တန်းကျောင်းတွင် ပဉ္စမတန်းအောင်သည်အထိ ပညာသင်ခဲ့သည်။ ထို့နောက် သံတွဲမြို့ အင်္ဂလိပ်-မြန်မာ အစိုးရအထက်တန်းကျောင်း၌ ဆက်လက် ပညာသင်ခဲ့သည်။ တက္ကသိုလ် နန္ဒမိတ်သည် ကွယ်လွန်သူ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ရင်နှင့်အတူ ဖက်ဆစ်တော်လှန်ရေး ကာလတွင် ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် သံတွဲမြို့မှပင် တက္ကသိုလ်စာမေးပွဲကို အင်္ဂလိပ်စာဂုဏ်ထူးနှင့် အောင်သည်။ ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာသင်သည်။
Remove ads
စာပေလောကသို့ ဝင်ရောက်ခြင်း
ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူစဉ် ၁၉၅၀ ပြည့်နှစ် ဝိဇ္ဇာတန်း နောက်ဆုံးနှစ် အရောက်တွင် တက္ကသိုလ်မှထွက်ပြီး စာပေနယ်သို့ ခြေစုံပစ်ဝင်သည်။ တက္ကသိုလ်တွင်ပညာသင်စဉ် ကပင် တက္ကသိုလ်နန္ဒမိတ် ကလောင်အမည်ခံ၍ ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သသော နန္ဒာပုလဲသည် တက္ကသိုလ်နန္ဒမိတ်၏ ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သည်။ တက္ကသိုလ်မှ ထွက်ပြီးနောက် တိုးတက်ရေးသတင်းစာ၌ လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သေးသည်။
Remove ads
ကျောင်းဆရာအဖြစ်အမှုထမ်းခြင်း
၁၉၅၃ ခုနှစ်တွင် သတင်းစာလောကမှ ထွက်၍ ဝါးခယ်မမြို့ အစိုးရ အထက်တန်းကျောင်း၌ အထက်တန်းပြဆရာအဖြစ် အမှုထမ်း သည်။
စာပေလောကသို့ ပြန်လည်ဝင်ရောက်လာခြင်း
၁၉၅၄ ခုနှစ်တွင် ကျောင်းဆရာဘဝမှ ထွက်လာပြီး မြဝတီမဂ္ဂဇင်းတိုက်က ထုတ်ဝေသော ရောင်ခြည်ဂျာနယ်၌ အယ်ဒီတာအဖြစ် ဝင်ရောက်ဆောင်ရွက်သည်။ ထို့နောက် ၁၉၅၄ ခုနှစ်တွင် မြဝတီမဂ္ဂဇင်း၌ တာဝန်ခံစာတည်းမှ ၁၉၆၀ ပြည့်နှစ်တွင် စာတည်းချုပ်ဖြစ်လာသည်အထိ ဆောင်ရွက်သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရုပ်ရှင်ပဒေသာမဂ္ဂဇင်း ဦးစီးတည်ထောင်သူနှင့် စာတည်းအဖြစ် ဆောက်ရွက်ခဲ့သည်။ နဝဒေးမဂ္ဂဇင်း စာတည်းချုပ်၊ စုံထောက်မဂ္ဂဇင်း အယ်ဒီတာ စသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် သံတွဲမြို့၌ သွားရောက်နေထိုင်သည်။ ၁၉၇၇ ခုနှစ်တွင် စစ်ပြန်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင် တစ်ဦးအဖြစ် အမှုထမ်းခဲ့သည်မှာ ကွယ်လွန်သည်အထိ ဖြစ်သည်။
Remove ads
ပြုစုရေးသားခဲ့သော စာအုပ်များ
ရန်ကုန်တက္ကသိုလ်တွင် ပညာသင်နေစဉ်မှာပင် တက္ကသိုလ် စာပေလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကာ ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားခဲ့သည်။ ၁၉၅ဝ ပြည့် ရန်ကုန်တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းတွင် မြန်မာကဏ္ဍ တွဲဖက် စာတည်း၊ ရန်ကုန် တက္ကသိုလ် ရခိုင် ကျောင်းသူ ကျောင်းသားများ မဂ္ဂဇင်း အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင်အသင်းကြီးက ကြီးမှူးကျင်းပသည့် ဝတ္ထုတို ပြိုင်ပွဲတွင် 'ကဗျာ တကျော့' ဝတ္ထုတိုဖြင့် ပထမဆု ရခဲ့သည်။ တက္ကသိုလ်နန္ဒမိတ် ကလောင်အမည်ဖြင့် တက္ကသိုလ် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ဆောင်းပါး၊ ပြဇာတ်၊ ကဗျာ၊ ဘာသာပြန် များကို ရေးသားခဲ့သည်။ နန္ဒာပုလဲ (၁၉၅ဝ)၊ သင်ကြားပါလေဦး ဆရာ (အားနက်စ် ဟဲမင်းဝေ၏ For Whom The Bell Tolls ကို မှီးသည်။)၊ ဆယ်ပြည်ထောင် ချော့တော့မပြုံး၊ စောနန္ဒာ (၁၉၆၈)၊ စောကြိုလှည့်ပါ စသည့် ဝတ္ထုများ၊ မြဝတီစစ်ကြောင်း (၁၉၆၇)၊ ပန်းဝါစစ်ကြောင်း (၁၉၆၇)၊ ရွှေပြည်ကြီး၊ ဗန္ဓုလခံတပ် (၁၉၆၈) စသည့် သမိုင်းနောက်ခံ ဝတ္ထုများ၊ မြန်မာပြည် စစ်မြေပြင် (၁၉၆၅)၊ အင်ဖာ တိုက်ပွဲ (၁၉၆၅)၊ မန္တလေးကို ဖြတ်၍ (၁၉၆၅)၊ ထောင့်ကိုးရာ လေးဆယ်နှစ် (၁၉၆၇)၊ မြစ်ကြီးနား တိုက်ပွဲ (၁၉၆၇) စသည့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံနှင့် စပ်ဆိုင်သော စစ်ပွဲမှတ်တမ်း ဘာသာပြန်များ ရေးသားခဲ့သည်။ ထို့ပြင် စာရေးချင်သော သူများသို့ (၁၉၆၁) အမည်ရှိ စာရေးခြင်း အတတ်ပညာဆိုင်ရာစာအုပ်နှင့် ယုံကြည်ချက်အတွက် အသက်စွန့်သူများ (၁၉၆၇) ကျမ်းစာအုပ်တို့မှာ ထင်ရှားသည်။ 'နန္ဒာပုလဲ' မှာမူ ပြောစမှတ် အပြုရဆုံးနှင့် အထူးခြား အလှပဆုံး မှတ်တိုင်တခုပင် ဖြစ်သည်။
Remove ads
ဘဝနိဂုံး
စာရေးဆရာ တက္ကသိုလ်နန္ဒမိတ်သည် ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်ည ၁ဝ နာရီ ၅ မိနစ်တွင် အင်းစိန်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီး ငါးယောက် ကျန်ရစ်သည်။ [၁][၂]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads