တပယ်မင်းသား

From Wikipedia, the free encyclopedia

Remove ads

တပယ်မင်းသားသည် ကုန်းဘောင်ခေတ်မင်းတုန်းမင်း လက်ထက်တွင် ရှိသော မင်းသားဖြစ်သည်။ တပယ်မင်းသားသည် မင်းသားအစစ် မဟုတ်ပေ။ သူ့မိခင် အလ္လကပ္ပမြို့စားသည် မင်းတုန်းမင်း၏ မိထွေးဖြစ်သော်လည်း တပယ်မင်းသားသည် လေးဗိုလ် ဦးဆိုင် နှင့် အလ္လကပ္ပမြို့စားတို့မှ မွေးဖွားခဲ့သော သားသာဖြစ်သည်။ သူတို့တတွေမှာ မင်းသွေးမပါ။ ဤတွင် မင်းတုန်းမင်းက မိထွေးတော် အလ္လကပ္ပမြို့စား ကိုလည်း အရေးတယူလုပ်ပြီး သူ့သားကိုလည်း ချီးမြှောက်ထားလေသောကြောင့်မင်းသား ဖြစ်နေရသည်။

တပယ်မင်းသားသည် တေးကဗျာ ဝါသနာပါ၍ အတီးအမှုတ် တတ်လေသည်။ သီချင်းကြီး သီချင်းခန့်လည်း စုဆောင်းတတ်သည်ဟု ပညာရှိ ရွှေပြည် ဦးဘတင်၏ အမှတ်အသားရှိသည်။ စကားချပ်ရသော် ၁၉၀၆ ခုနှစ်တွင် ဗြိတိသျှ အိမ်ရှေ့မင်းသားနှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ခဲ့ဘူးလေသည်။ မန္တလေးသို့ သင်္ဘောဖြင့်ထိုအဖွဲ့ရောက်ရှိလာသည့် အချိန်၌ကား အဖွဲ့ဝင်တစ်ဦးအား မြန်မာတစ်ယောက်က တပယ်မင်းသားပိုင် စောင်းဟူ၍ ရှေးဟောင်း စောင်းတူရိယာ တစ်ခုကို ရောင်းချခဲ့ဘူးလေသည်။ ထိုတပယ် မင်းသားသည် ကဗျာစာဆိုများကိုလည်း တေးကဗျာ ရေးခိုင်းတတ်သော အလေ့ရှိ၏။

တစ်နေ့၌ တပယ်မင်းသားသည် တေးကဗျာ ရေးခိုင်းရန်အတွက် လူပျိုတော်တစ်ဦးကို စေလွှတ်၍ စလေဦးပုညအား အခေါ်ခိုင်းလေသည်။ ဦးပုညမှာလည်း အခြားမင်းသားတွေက တေးကဗျာ ရေးခိုင်းထားသဖြင့် မအားရပဲ ရှိလေသည်။ ထို့ကြောင့် သူအလုပ်ပြီးမှ လာနိုင်မည့် အကြောင်းကို ပြန်လျှောက် ခိုင်း လေသည်။ နောက်တစ်နေ့တွင် တပယ်မင်းသားက အခေါ်ခိုင်းပြန်၏။ အလုပ်မအားရသော ဦးပုညလည်း စိတ်မရှည်တော့ဘဲ " မင်းသား အစစ်တွေခိုင်းတာကို ရေးနေရတယ်။ ယမနေမင်းသားက ခေါ်တာကို မလာနိုင်အားသေးဘူး။ သည်က ပြီးမှ လာနိုင်ပါမယ့် အကြောင်းကို လျှောက်ထားလိုက်ပါ" ဟု မချေမငံ ပြန်ပြောခဲ့လေသည်။

ဤကား တပယ်မင်းသား သိက္ခာကျစရာ စကားပါပေ။ ရုပ်သေး(မင်းသား) ရုပ်ကို ယမနေသား နှင့် ထုလုပ်မြဲဖြစ်၏။ ယမနေသား မင်းသားရုပ်နှင့် တပယ်မင်းသားကို ခိုင်းနှိုင်းခြင်းမှာ တပယ်မင်းသားသည် မင်းသား အစစ်မဟုတ်ဟု အဓိပ္ပာယ်ထွက် လေသည်။ သူတပါး အရှိန်ဩဇာ၊ သူတပါးအမိန့်ဖြင့် မင်းသားအရာ ရနေသော တပယ်မင်းသားသည် ဦးပုည၏ စကားကို မခံနိုင်ဖြစ်လေသည်။ ထို့ကြောင့် အမျက်ထား၍ အခွင့်ကြုံကြိုက်သည့် အခါ ဦးသာအိုးမှ တဆင့် ကွပ်မျက်စေခဲ့ လေသည် ဖြစ်၏။ []

Remove ads

တပယ် ခင်ဥ

တပယ်မင်းသား၏ ကိုယ်လုပ်တော်တဦး ဖြစ်သည်။ သဘဝင်ဝန် ကွမ်းအိုးထိန်းထံမှ ဂီတပညာ သင်သည်။ ပတ်ပျိုးအဆိုကောင်းပြီး သီချင်းကြီး အများဆုံးရသူအဖြစ် ထင်ရှားသည်။ သီပေါမင်း ပါတော်မူသည့်နောက် သီပေါစော်ဘွား ဆာစောချယ်ထံ ခိုလှုံရင်း ဒေါ်စောမြအေးကြည်၏ ဆရာဖြစ်လာသည်။

တပယ် ခင်သစ်

တပယ်မင်းသား၏ ကိုယ်လုပ်တော်များအနက် တစ်ဦးဖြစ်သည်။ နန်းတွင်းအနုပညာရှင်များအနက် တစ်ဦးလည်းဖြစ်ပြီး အနောက်ဆောင်ရှိ နန်းတွင်းဇာတ်များ၌ မင်းသားအဖြစ် ကလေ့ရှိသည်။ အဆိုအရာ၌လည်း နိုင်နင်းသည်။ ခင်ဥနည်းတူ သီပေါစော်ဘွားရိပ် ခိုကာ ဒေါ်စောမြအေးကြည်၏ ဆရာဖြစ်ခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads