ထိန်ဝင်း၊ သခင်
From Wikipedia, the free encyclopedia
Remove ads
သခင်ထိန်ဝင်းသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း နိုင်ငံရေးနယ်ပယ်တွင်သာမက စာပေနှင့် ဘာသာရေးနယ်ပယ်များ၌ပါ ထင်ရှားကျော်ကြားခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ငယ်ဘဝနှင့် ပညာရေး
သခင်ထိန်ဝင်းကို မြန်မာသက္ကရာဇ် ၁၂၇၄ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်၊ စနေနေ့ (ခရစ်နှစ် ၁၉၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်) ည ၇ နာရီခွဲတွင် မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိရွာတစ်ဖက်ကမ်းရှိ သောင်တန်းကျေးရွာ၌ ဖခင် မြေတိုင်းစာရေးကြီး ဦးကျော်ဟန်နှင့် မိခင် ဒေါ်မေသန်းတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ၅ ဦးအနက် အကြီးဆုံးသားဖြစ်ပြီး၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလနှင့် မြို့မ ကိုသန်းတင်တို့၏ အစ်ကိုလည်း ဖြစ်သည်။
အင်္ဂလိပ်-မြန်မာ ၇ တန်းအထိ ပညာသင်ကြားခဲ့သည်။ ပဉ္စမတန်းစာမေးပွဲ မဖြေဆိုမီ ဖခင်ဖြစ်သူ လပွတ္တာမြို့သို့ ပြောင်းရွှေ့ရသဖြင့် လပွတ္တာမြို့ မြန်မာစာသင်ကျောင်း၌ ဆက်လက်ပညာသင်ကြားခဲ့သည်။ လပွတ္တာမြို့တွင် တစ်ကြိမ်တစ်ခါမျှ မထူထောင်ဖူးသေးသော 'သုသုဗောဓက' စာဖတ်အသင်းကို ကူလီအခစားလုပ်ရင်း ကြိုးစားထူထောင်ခဲ့သည်။ ထို့ပြင် လပွတ္တာမြို့၌ အင်္ဂလိပ်စာသင်ကျောင်းတစ်ခု ဖြစ်မြောက်ရေးကိုလည်း ကူညီဆောင်ရွက်ခဲ့သည်။ ယင်းနောက် လပွတ္တာမြို့နယ်၊ ကံဘက်ရွာ၌လည်း 'ကုသလဝသီ' စာဖတ်အသင်းကို တည်ထောင်ခဲ့သည်။ ဆင်းရဲနွမ်းပါးသူများနှင့် အသိမိတ်ဆွေမရှိသော ဧည့်သည်များ၏ နာရေးကိစ္စများကို တွင်းတူးမြေမြှုပ်သည်အထိ ကူညီခဲ့သည်ဟု ဆိုသည်။
Remove ads
နိုင်ငံရေးလှုပ်ရှားမှုများ
၁၉၃၀ ပြည့်နှစ် နောက်ပိုင်းတွင် တို့ဗမာအစည်းအရုံးအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ဆရာ ဒဂုန်နတ်ရှင်၏ အကူအညီဖြင့် ဦးဗဂျီငို စတင်တည်ထောင်ထုတ်ဝေသော တိုးတက်ရေးမဂ္ဂဇင်းတိုက်တွင် လုပ်ကိုင်ခဲ့သည်။
၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ်နှင့် ၁၉၃၈ ခုနှစ် ရေနံမြေသပိတ်တို့၌ ပါဝင်ဆင်နွှဲခဲ့ပြီး အဖမ်းခံခဲ့ရသူတစ်ဦးဖြစ်သည်။
၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အင်္ဂလိပ်အစိုးရ၏ ယူနီယမ်ဂျက်အလံနှင့် ၁၉၃၅ ခုနှစ် ဗြိတိသျှပြဋ္ဌာန်း အုပ်ချုပ်ရေးဥပဒေစာအုပ်ကို ဆန့်ကျင်မီးရှို့ကန့်ကွက်ပွဲ၌ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်လင်္ကျာ ဦးလှဖေ၊ ဦးထွန်းအုံ၊ ဦးထွန်းအေးတို့နှင့်အတူ သခင်ထိန်ဝင်းနှင့် ဒေါ်ခင်မျိုးချစ် (မခင်မြ) တို့ ပါဝင်ခဲ့ကြသည်။
၁၉၃၉ ခုနှစ်တွင် ရဲဘော်သုံးကျိပ် စတင်ဖွဲ့စည်းခဲ့ရာ၌ ရန်ပုံငွေရှာဖွေပေးခြင်းနှင့် လူငယ်များ စုဆောင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဦးဘဂျမ်း (ပုဂံ) နှင့် ပူးပေါင်း၍ အာရှလူငယ်အစည်းအရုံးကို ထူထောင်ခဲ့သည်။
Remove ads
စာပေနှင့် ဘာသာရေးလုပ်ငန်းများ
သခင်ထိန်ဝင်းသည် ကိုလိုနီခေတ်က မြန်မာနိုင်ငံ၏ ထင်ရှားသော စာအုပ်ထုတ်ဝေရေးလုပ်ငန်းဖြစ်သည့် နဂါးနီစာအုပ်တိုက်၏ ဖြန့်ချိရေးအပိုင်းကို ဆောင်ရွက်ခဲ့ကြောင်း ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောပြခဲ့သည်။
"အင်္ဂလိပ်ခေတ်တုန်းက နဂါးနီစာအုပ်တိုက် ဦးနုတို့ ဘာတို့နဲ့အတူတူ ထောင်ပြီးတော့ သူက အဲဒီစာအုပ်ဖြန့်ချိရေးပဲ လုပ်တယ်၊ သခင်ထိန်ဝင်းက။" ဟု သခင်ချန်ထွန်းက ဆိုခဲ့ပြီး ရန်ကုန်ဘူတာကြီးမှ အဖမ်းခံရခြင်းမှ လွတ်မြောက်ခဲ့ပုံကိုလည်း ဖော်ပြခဲ့သည်။
၁၉၃၉ ခုနှစ်တွင် ရာဇဓမ္မသင်္ဂဟကျမ်းကို ရိုက်နှိပ်ပြီးစီးခဲ့သည်။ စွန်းလွန်းဆရာတော်ဘုရား၏ အမေးအဖြေစာအုပ်များကိုလည်း ရိုက်နှိပ်နိုင်ခဲ့ပြီးနောက် လောကုတ္တရာအတွက် ထူးခြားသော အတွေ့အကြုံများ ရရှိခဲ့သည်။
၁၉၄၅ ခုနှစ်တွင် အမရပူရ၊ မဟာဂန္ဓရုံဆရာတော် အရှင်ဇနကာဘိဝံသနှင့် စတင်တွေ့ဆုံခဲ့ပြီး စတွေ့ချိန်မှာပင် အနာဂတ်သာသနာရေးအကြောင်း ဆွေးနွေးခဲ့ရာမှ ထိုဆွေးနွေးမှုကို ဆရာတော်က အနာဂတ်သာသနာရေးကျမ်းအဖြစ် ရေးသားခဲ့သည်။ ထို့အပြင် သခင်ထိန်ဝင်းသည် "ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်) ကျမ်းစာ" ကို မြန်မာပြည်သားများသာမက ကမ္ဘာသူ ကမ္ဘာသားများကိုပါ သိရှိစေလိုသောဆန္ဒဖြင့် ဆရာကြီး ဦးရွှေအောင် ရေးသားပြီးသော စာမူများကို ဆရာကြီး ဦးလှမောင်အား ဘာသာပြန်ဆိုပူဇော်စေခဲ့သည်။ ထို့နောက် အင်္ဂလိပ်ဘာသာပြန်စာမူများကို ဆရာ ဦးခင်မောင်လတ်အား ပြန်လည်ဖတ်ရှုပေးရန် တောင်းပန်ခဲ့ပြီး အင်္ဂလိပ်ဘာသာမူရင်းနှင့် ပူးတွဲဖြန့်ချိခဲ့သည်။
ကုသလဝသီ ပုံနှိပ်တိုက် တည်ထောင်ခြင်း
၁၉၅၄ တွင် ကုသလဝသီ စာပုံနှိပ်တိုက်ကို တည်ထောင်ခဲ့ပြီး၊ ၁၉၅၀ ပြည့်မှစ၍ ၁၉၆၃ ဒီဇင်ဘာလ အထိ ဗုဒ္ဓဘာသာ ကျမ်းစာအုပ်များ ရိုက်ကူး ဖြန့်ချိခဲ့သည်။
ကုသလဝသီ စာပုံနှိပ်တိုက် မှ ရိုက်ကူးဖြန့်ချိပြီးသော ကျမ်းစာများမှာ -
၁။ စွန်းလွန်းဆရာတော် အမေးအဖြေ ၁၃၁၁ (၁၉၄၉ ပထမအကြိမ်၊ ၎င်းနောက် အကြိမ်ကြိမ်ရိုက်နှိပ်လှူဒါန်းခဲ့)
၂။ အရှင်ဇနကာဘိဝံသဆရာတော်၏ ဗြဟ္မစာလ သုတ် မြန်မာပြန်
၃။ ပိဠိကတ်တော်သင်ရိုးအုပ်၂၀ ကို သန့်ရှင်းအောင် တည်းဖြတ်သုတ်သင်ပြီး သင်္ဂါယနာတင်အဖွဲ့သို့ ဝန်ကြီးချုပ် ဟောင်း ဦးနုမှတဆင့် လှူဒါန်းခဲ့
၄။ ပိဠိကတ်တော်များကို ဆရာဦးအောင်မိုး အကူအညီဖြင့် မြန်မာပြန်ဆိုခဲ့ရာ ဒိဃနိကာယ်၊ မဇ္စိုမနိကာယ်အထိပြီး
၅။ အတုမဲ့ချမ်းသာ
၆။ မဟာဂန္ခာရုံဆရာတော်၏ သဂြိုဟ်ဘာသာဌီကာ
ရ။ တရားဥပဒေတော်ကြီး
၈။ သမညဖလသုတ် မြန်မာပြန်
၉။ ဟိတောပဒေသ ပုံပြင်
၁၀။ ဇနီးမောင်နှံ ရာသက်ပန်
၁၁။ ရာဇဓမ္မသင်္ဂဟကျမ်း
၁၂။ မင်္ဂလာပုံပြင်
၁၃။ ကလေး ဗုဒ္ဓဝင်
၁၄။ ကမ္မဌာန်းဘာသာဋီကာ
၁၅။ ဘာသာသွေး
၁၆။ မြန်မာ့မျက်ပွင့် ရွာဓလေ့ လူ့ဓလေ့
၁၇။ စာဓလေ့
၁၈။ ရုပ်စုံ ဗုဒ္ဓသာသနာဝင်
၁၉။ ဓမ္မဝိနယပြန်တမ်း
၂၀။ မနောမယိဒ္ဓိကြေးမုံ
၂၁။ ရတနာ့ဂုဏ်ရည်
၂၂။ ကိုယ်ကျင့်အဘိဓမ္မာ
၂၃။ အနာဂတ်သာသနာ
၂၄။ မူလတန်းဘာသာရေး
၂၅။ ဗုဒ္ဓနည်းဖြင့်ထူထောင်ကြစို့ စာတမ်းများ
၂၆။ ရွှေကျင်နိကာယသာသနာဝင်
၂၇။ ယောကီပါရဂူကျမ်း တို့ဖြစ်ကြပါသည်။
Remove ads
နောက်ပိုင်းဘဝ
၁၉၆၃ ခုနှစ်တွင် ရန်ကုန်မြို့ ၁၀၇ စိန်ဂျွန်းလမ်းရှိ နေအိမ်၌ တော်လှန်ရေးအစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ၁၉၆၄ ခုနှစ်မှ ၁၉၆၇ ခုနှစ် အောက်တိုဘာလအထိ ၄ နှစ်ကြာ ထောင်တွင်းနေထိုင်ခဲ့ရပြီးနောက် ဗုဒ္ဓ၏ အဆုံးအမနှင့် သာသနာတော်၏ တန်ဖိုးကို ပိုမိုနားလည်သိရှိကာ ကံ၊ ကံ၏အကျိုးကိုလည်း ပိုမိုသဘောပေါက်နားလည်လာခဲ့သည်။
ထိုကာလများတွင် "ဗုဒ္ဓအလိုတော်ကျ မြန်မာပြည်ကို ထူထောင်ခြင်းသာလျှင် အချမ်းသာဆုံး လူမျိုး၊ အချမ်းသာဆုံး နိုင်ငံတော် ဖြစ်နိုင်မည်။ ဗုဒ္ဓအလိုတော်ကျ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာတော်ကို စနစ်ကျကျ နားလည်ကျင့်သုံးလျှင် မုချ တစ်ကမ္ဘာလုံးတွင် ချမ်းသာစွာ ရှိလိမ့်မည်ဟု ပိုမိုခိုင်မြဲစွာ ယုံကြည်လာခဲ့သည်" ဟု ၎င်းက ခံယူခဲ့သည်။
၁၉၇၃ ခုနှစ်တွင် အမရပူရ မဟာဂန္ဓာရုံဆရာတော်အား ပဋ္ဌာန်းတရားတော် ဟောကြားပေးရန် လျှောက်ထားခဲ့ရာ ဆရာတော်က ၁၇ ရက်တိတိ ပဋ္ဌာန်းတရားတော်ကို ဟောကြားပေးခဲ့သဖြင့် သာသနာတော်အတွက် အလွန်ကြီးကျယ်သော ကျေးဇူးတစ်ရပ် ဖြစ်ခဲ့သည်။ ထို့အတူ ၁၉၇၃ ခုနှစ်တွင်ပင် သရိုက်ရွာ ဘုရားနှင့် ရဟန္တာသိမ်ကို ပြုပြင်ရန် ဆရာတော်နှင့် တိုင်ပင်လျှောက်ထားခဲ့ပြီး၊ ကျုံမငေးရှိ ၎င်း၏နေအိမ်ကို ရောင်းချ၍ ပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော်မှ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
၁၉၈၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက် (မြန်မာသက္ကရာဇ် ၁၃၄၇ ခုနှစ် တောင်သလင်းလဆန်း ၉ ရက်) တနင်္လာနေ့တွင် သာသနာ့ဝန်ဆောင် ကျောင်းတိုက် တည်ထောင်ရန် မြေစတင်ဝယ်ယူခဲ့ပြီး၊ ၁၉၈၆ ခုနှစ် မေလ ၂၃ ရက် (ကဆုန်လပြည့်၊ သောကြာနေ့) တွင် သာသနာ့ဝန်ဆောင် ကျောင်းတိုက်ကို ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်မြို့၌ သာမဏေကျော် စာတော်ပြန်ပွဲများ နှစ်စဉ်ကျင်းပနိုင်ရန် စီစဉ်ခဲ့သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပြီး၊ ရှင်သာမဏေဓမ္မဗိမာန် သာသနာ့ဝန်ဆောင်အဖွဲ့ကို တည်ထောင်ခဲ့သူများထဲမှ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
Remove ads
ဘ၀နိဂုံး
သခင်ထိန်ဝင်းသည် ၂၀-၅-၂၀၁၀ ကြာသပတေး ည ၁၀:၃၀ တွင် ရန်ကုန်မြို့၊ အာရှတော်ဝင် အထူးကုဆေးခန်း၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads