ဒုတိယကမ္ဘာစစ်ကြိုခေတ် ရန်ကုန်မြို့ကြီး ဗုံးကြဲခံရပုံ

From Wikipedia, the free encyclopedia

Remove ads

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဗြိတိသျှ နှင့် အမေရိကန်နိုင်ငံများက ဂျပန်နိုင်ငံ ကို စစ်ကြေညာခဲ့သဖြင့် ဗြိတိသျှလက်အောက်ခံ ရန်ကုန်မြို့ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်၊ နံနက် ၁၀ နာရီ အချိန်၌ ဂျပန်လေတပ်၏ လာရောက် ဗုံးကြဲခြင်း ခံခဲ့ရသည်။ ဂျပန်လေယာ်ဥ ၆၀ နှင့် တိုက်လေယာ်ဥ ၃၀ ပါရှိသည်။ ရန်ကုန်မြို့သူမြို့သားများသည် ဗုံးကြဲပုံ မမြင်ဘူး၍ လူစု၊ လူဝေးကြီးများဖြင့် လမ်းမအလယ်များတွင် ရပ်လျက် ကောင်းကင်သို့ မော့ကြည့်ကြသည်။ ရန်ကုန်ကမ်းနား ပင်လယ်ကူးစက်လှေကြီးများတွင် အလုပ် လုပ်နေကြသော အလုပ်သမားများ ဆီသို့ ဂျပန်လေယာဉ်များက ဗုံးများ ဖြုတ်ချပြီး နိမ့်နိမ့်ဆင်းကာ စက်သေနတ်များဖြင့် ပစ်ခတ်သည်။ ထိုဖြစ်ရပ်ကြောင့် ပထမအကြိမ် ရန်ကုန်မြို့ ဗုံးကြဲခံရချိန်တွင် လူပေါင်း ၂၀၀၀ခန့် သေဆုံးပြီး ၂၅၀၀ ကျော် ဒဏ်ရာ ရသည်။ ဗြိတိသျှတို့က ပြန်လည်ခုခံတိုက်ခိုက်ရာတွင် ဂျပန်လေယာ်ဥ ၁၁စင်း ပျက်ကျသွားခဲ့သည်။

ထို့ပြင် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်လည်း ဂျပန်တပ်များက ရန်ကုန်မြို့ကို ဒုတိယအကြိမ် ဗုံးကြဲပြန်သည်။ ဗုံးကြဲလေယာ်ဥ ၈၀ နှင့် တိုက်လေယာ်ဥ ၂၀ ပါရှိသည်။ အရပ်သား ၇၅၀ခန့် သေဆုံး၍ ၁၇၀၀ခန့် ဒဏ်ရာ ရသည်။ ထို့ပြင် မီးလောင်ဗုံးများကြောင့် အလုံရပ်ကွက် မီးဟုန်းဟုန်း တောက်လောင်ခဲ့ရသည်။

၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဂျပန်လေယာ်ဥများ ထပ်မံ ဗုံးကြဲသည်။ ထိုနေ့အထိ ဂျပန်လေယာ်ဥ ၂၉ စင်း ပစ်ချခံခဲ့ရသည်။ ထို့ပြင် ၁၉၄၂ ခုနှစ် မတ်လ ၇ ရက်တွင် ဆုတ်ခွာတော့မည့် ဗြိတိသျှစစ်တပ်က ရန်ကုန်မြို့ကို မီးရှို့ဖျက်ဆီးသည်။ ရပ်ကွက်များ မီးဟုန်းဟုန်း တောက်လောင်လျက်ရှိပြီး ရန်ကုန်မြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဆိပ်ကမ်းမှ ဝန်ချီစက်ကြီးများနှင့် သိမ်ကြီးဈေးတို့ ပျက်ဆီးသွားသည်။ သန်လျင်မြို့ရှိ ရေနံချက် စက်ရုံကြီးကိုလည်း ဗြိတိသျှတို့ ဖောက်ခွဲ ဖျက်ဆီးပစ်သည်။ ကောင်းကင်တစ်ခွင်လုံး မီးခိုးလုံးကြီးများ တက်နေ၍ ရန်ကုန်မြို့တစ်ဝိုက် မြေပြင်တစ်ခုလုံး နေရောင်မမြင်ရလောက်အောင် အုံ့မှိုင်းမဲမှောင်လျက် ရှိခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads