ပညာရှိ (ဗုဒ္ဓဘာသာ)
From Wikipedia, the free encyclopedia
Remove ads
ပဏ္ဍိတဟူသော ပါဠိစကားမှ ပညာရှိဟူ၍ ခေါ်ကြသည်။ ပဏ္ဍိတဟူသည် [၁] (၁) အသိ-အလိမ္မာ-ဉာဏ်-ပညာ-ရှိသောသူ၊ ပညာရှိ၊ သုခမိန်၊ ပဏ္ဍိတ်။ မျက်မှောက် (ပစ္စုပ္ပန်) အကျိုးစီးပွား, တမလွန် အကျိုးစီးပွားရခြင်း၏ အကြောင်း ကောင်းမြတ်သော-ဉာဏ်-ပညာ-ရှိသော “ပဏ္ဍိတ”ဟူ၍ ခေါ်သည် [၂]
အဖြူနှင့် အမည်း, အမှောင်နှင့် အလင်းစသည်ဖြင့် ယှဉ်တွဲသုံး နှူန်းကြသကဲ့သို့ ပညာမဲ့သူ(လူမိုက်) ဗာလ နှင့် ပညာရှိသူ (လူလိမ္မာ)ပဏ္ဍိတတို့ကိုလည်း အချို့နေရာတို့၌ ဒွန်တွဲ ဟောကြားတော်မူသည်။ [၃]
Remove ads
လူမိုက်နှင့် ပညာရှိ
ဗာလ၏ အမှတ်လက္ခဏာကား-မကောင်းသော အကြံအစည်ကို ကြံစည်ခြင်း, မမှန်သောစကားကို ပြောဆိုခြင်းနှင့် မတရားသောအမှုကို ပြုလုပ်ခြင်း-ဟူသော ဒုစရိုက် ၁၀-ပါးဖြစ်၍
ပဏ္ဍိတ၏ အမှတ်လက္ခဏာကား-ကောင်းသော အကြံအစည်ကို ကြံစည်ခြင်း, မှန်ကန်သော စကားကို ပြောဆိုခြင်းနှင့် တရားသော အမှုကို ပြုလုပ်ခြင်း-ဟူသော သုစရိုက် ၁၀-ပါး ဖြစ်သည် [၄]
ကျူမိုးအိမ်, မြက် မိုးအိမ်မှ လွင့်စဉ်လာသော မီးပွားသည် ပိတ်ထားသော တံခါးရှိသည့် အိမ်တို့ကို လောင်ကျွမ်းသကဲ့သို့ ဘေးရန်ဥပဒ် ဟူသမျှသည် ပညာမဲ့သူ ဗာလကြောင့်ဖြစ်၍ ပညာရှိသူ ပဏ္ဍိတကြောင့် မဖြစ်[၅]။ [၆]
Remove ads
မင်္ဂလသုတ္တန်မှ ပညာရှိ
ခုဒ္ဒကနိကာယ် မင်္ဂလသုတ္တန်၌ အကုသလကမ္မပထ အမှတ်လက္ခဏာကား-
တရား ၁၀-ပါးနှင့် ပြည့်စုံသော သူကို “ဗာလ”ဟု ဟောတော်မူ၍ ကုသလကမ္မပထ တရား ၁၀-ပါးနှင့် ပြည့်စုံသောသူကို “ပဏ္ဍိတ”ဟု ဟောတော်မူသည် [၇] [၈]
ရဟန္တာသည် ပညာရှိ
နိဒါနဝဂ္ဂသံယုတ် ဗာလပဏ္ဍိတသုတ်၌ ပဋိသန္ဓေမျိုးစေ့ရှိသူ ပုထုဇဉ်ကို ဗာလ၊ ပဋိသန္ဓေမျိုးစေ့ကင်းသူ ရဟန္တာကို ပဏ္ဍိတဟု ဟောတော်မူ၍ ပဋိသန္ဓေမျိုးစေ့ မကင်းသေးသော သေက္ခကို ဗာလဟူ၍ လည်းကောင်း, ပဏ္ဍိတဟူ၍လည်းကောင်း မဆိုသင့်ကြောင်း ဟောတော်မူသည် ([၉]
ရန်သူကို တွန်းလှန်ပယ်သတ်၍ မိမိ၏ အသက်ဘေးမှ လွတ်မြောက်အောင် ကြံဆောင်ပြုလုပ်နိုင်သူ အမျိုးမီးကိုပင် ပညာရှိသူ ပဏ္ဍိတဟူ၍ ချီးကျူးကြသည် [၁၀] ဤသို့ စသည်ဖြင့် အရာဌာန အားလျော်စွာ အမျိုးမျိုး ဟောတော်မူအပ်သော ပဏ္ဍိတကို အကျဉ်းစု၍ ယူလျှင် ဤသို့ ဖြစ်သည်။
- (က) ပင်ကို-သဘာဝ-ပဋိသန္ဓေ-ဉာဏ်-ပညာ-ရှိသော သူ။ [၁၁]
- (ခ) သုတမယ, စိန္တာမယ-ဉာဏ်-ပညာ-ရှိသောသူ။ [၁၂]
- (ဂ) အဓိဂမ-ဗာဟုသစ္စ-ဉာဏ်-ပညာ-ရှိသော သူ။ [၁၃]
- (ဃ) အဇ္ဈတ္တ, ဗဟိဒ္ဓ အာယတန-ဉာဏ်-ပညာ-ရှိသောသူ။ [၁၄]
- (င) ဓာတု, အာယတန, ပဋိစ္စသမုပ္ပါဒ, ဌာနာဌာန-ဉာဏ်-ပညာ-ရှိသောသူ။ [၁၅]
- (စ) သတိပဋ္ဌာန် တရားတို့၌-ရှုမှတ်-ပွားများ-သော-ဉာဏ်-ပညာ-ရှိသောသူ။ [၁၆]
- (ဆ) မျက်မှောက် တမလွန် အကျိုးစီးပွားရကြောင်း-ဉာဏ်-ပညာ-ရှိသောသူ။ [၁၇]
ပညာရှိ အမျိုးအစားများ
ကျမ်းဂန်တို့၌ ပညာကို အမျိုးမျိုးခွဲခြား ပြသကဲ့သို့ ပညာရှိကိုလည်း အစားစားမိန့်ဆိုကြသည်။ စကားများ ပြောဆိုကာမျှဖြင့် ပညာရှိမမည်၊ ဘေးမရှိ ရန်မမူ အေးငြိမ်းသောသူသည်သာ ပညာရှိမည်၏ [၂၀]။
ကိုယ် နှုတ် နှလုံး သုံးပါးလုံးယဉ်ကျေး သိမ်မွေ့သော သူသည် ပညာရှိ[၂၁]။
မိမိသူတပါး ၂-ဦးသားလုံး ဆင်းရဲအောင် မလှုံ့ဆော် မတိုက်တွန်းမူ၍ ထို၂-ဦးသားလုံး၏ အစီးအပွားကို ကြံစည်သော သူသည် ပညာရှိ[၂၂]။
ပညာဉာဏ်ဖြင့်ဖြင့် ဆင်ခြင်၍ အကျိုးစီးပွားကို ရယူနိုင်သော သူသည် ပညာရှိ[၂၃]။
ပစ္စုပ္ပန်နှင့် တမလွန်လောကအကြောင်းကို သိသော သူသည် ပညာရှိ[၂၄]။
ခန္ဓာ ၅-ပါး၏ အဖြစ် အပျက်ကို သိသော သူသည် ပညာရှိ[၂၅]။
အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်နှင့် ဌာနာဌာန ဤ ၄ – မျိုးတို့၌ ကျွမ်းကျင် လိမ္မာသူသည် ပညာရှိ [၂၆]။ [၂၇]
Remove ads
သစ္စာ ၄-ပါးကို သိသော သူသည် ပညာရှိ[၂၈]
မထိုင်းမှိုင်း မဆံ့အမှု၍ ကောင်းမကောင်းသောစကား၏ အနက်အပ္ပါယ်ကို သိသောသူသည် ပညာရှိမည်၏၊ ထိုပညာရှိသည် ဘုရားရှင်သာသနာတော်၌ အကျင့်မြတ်ကို ကျင့်သုံးရန် အခွင့်ကောင်း ကြုံသူမည်၏[၂၉]။
သီလ သမာဓိ ဝီရိနှင့် ပြည့်စုံ၍ တိဟိတ်ပဋိသန္ဓေ ပညာဟူသော ဇာတိပညာ, ကမ္မဋ္ဌာန်းအားထုတ်ပုံကို တတ်သိ နားလည်မှုဟူသော ပါရိဟာရိယပညာနှင့် ဝိပဿနာပညာ ရှိသော သူသည် မျက်မှောက် ဘဝ၌ပင် နိဗ္ဗာန်ကိုမျက်မှောက်ပြုကာ တဏှာ အရှုပ်အထွေးကို ဖြေရှင်းတော်မူနိုင်ကြသည်[၃၀]။
ယင်းတို့တွင် ဇာတိပညာကို ပဓာန အကျဆုံးဟု ဆိုရပေမည်။ အဘယ့်ကြောင့် ဆိုသော်-ကမ္မ, ကိလေသ, ဝိပါက, ဥပဝါဒ, အာဏာဝီတိက္ကမ ဟူသော (သဂ္ဂ, မောက္ခ၏) အန္တရာယ်ကို ပြုတတ်သောတရား ၅-ပါးတွင် ဇာတိပညာ မရှိခြင်းသည် ဝိပါကအန္တရာယ် အဖြစ်ပါဝင်သောကြောင့်တည်း[၃၁]။ [၂၇]
Remove ads
ဇာတိပညာရှိမရှိ စုံစမ်းနည်း
လောက၌ ပေါ်လွင်ထင်ရှားသော အကြောင်းအရာနှင့် စပ်သည့် ပြဿနာကို မေးမြန်း စုံစမ်းခြင်းဖြင့် ဇာတိပညာ(ပင်ကိုဉာဏ်)ရှိ, မရှိကို သိနိုင်သည်။ ထို့ကြောင့် ဒေဝါနံပိယတိဿမင်းအား အရှင်မဟိန္ဒထေရ်သည် ဤသို့ မေးမြန်း စုံစမ်းတော်မူသည်။
အရှင်မင်းကြီး-ဤသစ်ပင် အဘယ်အမည် ရှိသနည်း?
သရက်ပင်ပါဘုရား။
ဤသရက် ပင်ကို လွှတ်၍ အခြားသရက်ပင်ရှိသေးသလား? မရှိဘူးလား?
အခြားသရက်ပင်တွေ များစွာ ရှိသည်။
ဤသရက်ပင်ကို လည်းကောင်း၊ အခြားသရက်ပင်တို့ကိုလည်းကောင်း လွှတ်၍ အခြားသစ်ပင်ရှိသေးသလော?
ရှိသည်။ ယင်းတို့ကား သရက်ပင်များ မဟုတ်ကြပါ။
အခြားသော သရက်ပင်တို့ကိုလည်းကောင်း၊ သရက်ပင်မဟုတ်သည့် သစ်ပင်တို့ကိုလည်းကောင်း လွှတ်၍ အခြား သစ်ပင်ရှိသေးသလော?
ဤသရက်ပင်သာ ဖြစ်သည်ဘုရား။
ဤသရက်ပင်ပြဿနာအားဖြင့် အရှင်မဟိန္ဒထေရ်သည် ဝေဒါနံပိယတိဿမင်း၏ ဇာတိပညာရှိအဖြစ်ကို သိတော်မူသည်။ တဖန် ဆွေမျိုး ပြသနကိုလည်း မေးမြန်းတော်မူပြန်သည်။
အရှင်မင်းကြီး-အရှင်မင်းကြီးအား ဆွေမျိုးများ ရှိသလော?
အရှင်ဘုရားမြောက်မြားစွာ ရှိသည်။
ထိုဆွေမျိုးတို့ကို လွှတ်၍ အခြားဆွေမျိုးမတော်သူများရှိပါသလား?
ဆွေမျိုးမတော်သူတို့ကား ဆွေမျိုးတော်သူတို့ထက် များပါသည်ဘုရား။
အရှင်မင်းကြီး၏ ဆွေမျိုးတော်သူတို့ကိုလည်းကောင်း၊ မတော်သူတို့ကို လည်းကောင်း လွှတ်၍ အခြားတစုံတစ်ယောက်သောသူ ရှိပါသေးသလော?
အရှင်ဘုရား...တပည့်တော်ပင် ဖြစ်သည်။
ဆွေမျိုးပြဿနာ ဖြင့်လည်း ဇာတိပညာရှိအဖြစ်ကို သိတော်မူသည်[၃၂]။
Remove ads
ပညာရှိ၏ ဂုဏ်ကျေးဇူး
ပညာမဲ့သူလူမိုက်တို့၏ ကဲ့ရဲချီးမွမ်းခြင်းသည် ပမာဏမဟုတ်၊ ပညာရှိတို့၏ ကဲ့ရဲ့ခြင်း ချီးမွမ်းမင်းသည်သာ ပမာဏဖြစ်သည်[၃၃]။
ပညာမဲ့သူမိတ်ဆွေထက် ပညာရှိ ရန်သူသည် မြတ်၏[၃၄]။
လူမိုက်နှင့် အတူတကွ နေရခြင်းသည် ရန်သူနှင့် နေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲ၏၊ ပညာရှိနှင့် အတူတကွ နေရခြင်းသည် ဆွေမျိုးနှင့် နေရသကဲ့သို့ ချမ်းသာသည်[၃၅]။
ကျူးမိုးအိမ် မြတ်မိုးအိမ်မှ လွင့်စဉ်လာသော မီးသည် အိမ်ကြီးအိမ်ကောင်းတို့ကို လောင်ကျွမ်းသကဲ့သို့ အလုံးစုံသော ဘေးရန်တို့သည် သူမိုက်တို့ကြောင့် ဖြစ်ကုန်၏၊ ပညာရှိတို့ကြောင့် မဖြစ်[၃၆]။
ပညာရှိသည် နည်းမှန်လမ်းမှန်ကို ကျင့်တတ်၏၊ မပြုသင့်သော အရာမျိုး၌ မတိုက်တွန်းတတ်၊ မှန်ကန်သော နည်းလမ်းသည် ပညာရှိအတွက် အကောင်း အမြတ် ဖြစ်သည်။ ပညာရှိသည် အကျိုးသင့် အကြောင်းသင့် ပြောဆိုသော် စိတ်မဆိုးတတ်၊ စည်းကမ်းနည်းလမ်းကို နားလည် ကျင့်သုံးတတ်၏၊ ထိုပညာရှိနှင့် ပေါင်းသင်းရခြင်းသည် ကောင်းမြတ်၏[၃၇]။
တောင်ဇလပ်ပန်းကို ပေါက်ဖက်နှင့် ထုပ်လျှင် ပေါက်ဖက်များလည်း မွှေးကြိုင်သွားသကဲ့သို့ ပညာရှိကို မှီဝဲသောသူသည် အခြားပညာရှိ သူတော်ကောင်းတို့၏ နှစ်သက်ဖွယ် ချီးမွမ်းဖွယ် ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရသည်[၃၈]။ [၂၇]
Remove ads
ပညာရှင်နှင့် ဥစ္စာရှင်
ပညာရှင်နှင့် ဥစ္စာရှင် ၂-ဦးတို့တွင် မည်သူက သာလွန်မင့်မြတ်ကြောင်း ဝိဒေဟရာဇ်မင်းကြီး အမေးတော်ရှိဖူးသည်။ ထိုအခါ မဟောသဓသုခမိန်နှင့် သေနကသုခမိန်တို အချေအတင် စကားစစ်ထိုးကြသည်။ ရှေးဦး သေနကသုခမိန်က ဥစ္စာရှင်က မြတ်ကြောင်း ဂ-ကြိမ်တိုင်တိုင် ဝါဒတင်ကာ အဆိုပြုသည်။ ထို့နောက် မဟောသဓသုခမိန်က ၈-ကြိမ်တိုင်တိုင် ထိုဝါဒကို ချေဖျက်၍ ပညာရှင်က မြတ်ကြောင်း ဖြေဆိုသည်။
၈-ကြိမ်မြောက်၌ သေနက သုခမိန်က “အရှင်မင်းကြီး-ပညာရှိသော အကျွန်ုပ်တို့ ၅-ဦးသည် အရှင်မင်းကြီးကို လက်အုပ်မိုးကာ ဆည်းကပ်ခစားကြရသည်။ အရှင်မင်းကြီးသည် နတ်ပြည် ၂-ထပ်ကို အစိုးရသော သိကြားမင်းကဲ့သို့ အကျွန်ုပ်တို့ကို အစိုးရတော်မူသည်။ ဤသည်ကို ထောက်ရှု၍ ပညာရှင်ထက် ဥစ္စာရှင်က မြတ်ပါသည်” ဟု လျှောက်တင်သည်။
ဤတွင် မဟောသဓ သုခမိန်က “အရှင်မင်းကြီး– တစုံတစ်ခုသော အမှုကြီး အမှုခက် ပေါ်ထွက်လာသောအခါ ပညာမဲ့သော ဥစ္စာရှင်သည် ပညာရှင် လူဆင်းရဲ၏ ကျေးကျွန် အစေအပါးကဲ့သို့ ဖြစ်ရသည်။ ပညာရှိစီရင်အပ်သော ထိုအမှုကြီး အမှုခက်၌ ဥစ္စာရှင် သူမိုက်သည် မသိ မမြင်နိုင်ပါ။ ထို့ကြောင့် ဥစ္စာရှင်ထက် ပညာရှင်က သာလွန် မြင့်မြတ်ပါသည်”ဟု ချေပ ဖြေဆိုသည်။
ထိုအခါ သေနက သုခမိန်သည် ဆက်လက်ဝါဒမတင်နိုင် ကြံမှိုင်၍သာ နေရရှာသည်။ ဆက်လက်၍ မဟောသဓ သုခမိန်က “မသိ မလိမ္မာသူ လူမိုက်တို့သည် စည်းစိမ်ဥစ္စာကိုသာ လိုလားတောင့်တကြ၍ ပညာရှိ သူတော်ကောင်းတို့သည် ပညာကို ချီးမွမ်းကြသည်။ သဗ္ဗညုဘုရားရှင်တို့၏ ဉာဏ်ပညာ(သဗ္ဗညုတာ)သည် အတုမဲ့ရတနာ ဖြစ်သည်၊ ဥစ္စာရှင် သူမိုက်သည် ပညာရှင် သူတော်ကောင်းကို ဘယ်သောအခါမှ မလွှမ်း မိုးမလွန်မြောက်နိုင်ပါ” ဟု နိဂုံးချုပ်လျှောက်တင်လေသည်[၃၉]။ ဤသို့ စကားငယ်များကို အလျင်ပြော၍ နောက်မှ စကားကြီးများဖြင့် ဖိ၍ ပြောခြင်းကို တောင်သူယာခုတ် ပြောနည်းဟု စကားကြီးဆယ်ပါး၌ လာသည်။ ယင်းစကားကြီးဆယ်ပါးကို လောကဓမ္မရာဇဝတ္ထုဒီပနီကျမ်း၌ လာရှိကြောင်း တက္ကသိုလ် မြန်မာအဘိဓာန်၌ ညွှန်ပြထားသည်။ [၂၇]
Remove ads
ဆက်လက်ဖတ်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads