ပါရာဇိက
ရဟန်းများ လိုက်နာစောင့်ထိန်းရန် ပညတ်ထားသည့် ဝိနည်းသိက္ခာပုဒ် From Wikipedia, the free encyclopedia
Remove ads
အောက်ပါအချက် (၃)မျိုးတို့တွင် ပုဂ္ဂိုလ်သည် ပါရာဇိကသိက္ခာပုဒ်ကို လွန်ကျူးစေခြင်းဟူသော အကြောင်းကြောင့် ရဟန်းအဖြစ်ဟု ဆိုအပ်သော သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ရကား ပုဂ္ဂိုလ်ကို ပါရာဇိကဟု ခေါ်သည်။ သိက္ခာပုဒ်ကို လွန်ကျူးသော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် သိက္ခာပုဒ်ကို ပါရာဇိကဟု ခေါ်သည်။ ပါရာဇိကအာပတ်သို့ ရောက်သော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သောကြောင့် အာပတ်ကိုလည်း ပါရာဇိက ခေါ်သည်။[၁]
Remove ads
၁။ ပရာဇိယတီတိ ပါရာဇိကော (ပုဂ္ဂလော) - သာသနာတော်ထမ်း ရဟန်းအဖြစ်မှ ဆုံးရှုံးစေတတ်သူကို ရစေ။
၂။ ပရာဇေတီတိ ပါရာဇိကံ (သိက္ခာပဒံ) - ဝီတိက္ကမရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သော သိက္ခာပုဒ်ကို ရစေ။
၃။ အဇ္ဈာစာရဘိက္ခုံ ပရာဇေတီတိ ပါရာဇိကာ (အာပတ္တိ) - လွန်ကျူးသော ရဟန်းကို သာသနာတော်မှ ဆုံးရှုံးစေတတ်သော အာပတ်ကို ရစေ။
မေထုနပါရာဇိက, အဒိန္နာဒါနပါရာဇိက, မနုဿဝိဂ္ဂဟပါရာဇိက, ဥတ္တရိမနုဿဓမ္မပါရာဇိကအားဖြင့် ဘိက္ခု၌လာသော ပါရာဇိက ၄-ပါး၊
ဘိက္ခုနီ၌ ထိုလေးပါးနှင့် တကွ ဥဗ္ဗဇာဏုမဏ္ဍလိကာပါရာဇိက, ဝဇ္ဇပဋိစ္ဆာဒိကာပါရာဇိက, ဥက္ခိတ္တာနုဝတ္တိကာ ပါရာဇိက, အဋ္ဌဝတ္ထုကာပါရာဇိကဟု အသာဓာရဏပါရာဇိက ၄-ပါး-ပေါင်း (၈) ပါး။
ပဏ္ဍက, ထေယျသံဝါသက, တိတ္ထိယပက္ကန္တက, တိရစ္ဆာနဂတ, မာတုဃာတက, ပိတုဃာတက, အရဟန္တဃာတက, လောဟိတုပ္ပါဒက, သံဃဘေဒက, ဘိက္ခုနီဒူသက, ဥဘတောဗျဉ္ဇနကအားဖြင့် ရဟန်းမခံရန် တားမြစ်ထားသော ပါရာဇိက ၁၁-ပါး။
လူ့အသွင်အပြင်ကို နှစ်သက်၍ လူဝတ်လဲသော ဘိက္ခုနီ ပါရာဇိက ၁-ပါး၊ လမ္ဗီ, မုဒုပိဋ္ဌိက, သူတပါးအင်္ဂါဇာတ်ကို စုပ်သူ, သူတပါး အင်္ဂါဇာတ်ပေါ် ရှေးရှု့ထိုင် သူအားဖြင့် အနုလောမ ပါရာဇိက ၄-ပါး၊ ပေါင်း ပါရာဇိက ၂၄-ပါးရှိသည်။
Remove ads
ဝစ္စမဂ်, ပဿာဝမဂ်, မုခမဂ်တွင် တစ်ခုခု၌ ကိုယ်တိုင် မေထုန်မှီဝဲသောရဟန်း, မိမိမဂ်တို့၌ သူတပါးတို့မေထုန်မှီဝဲသည်ကို သာယာနှစ်သက်သော ရဟန်းသည် မေထုနသိက္ခာပုဒ်ကျူးလွန်သဖြင့် ပါရာဇိကကျ၏။
အနည်းဆုံး တမတ်, တမတ် ထိုက်တန်သော ဥစ္စာကို ၂၅-ပါးသော ခိုးနည်းတို့တွင်တစ်ခုခုဖြင့် ခိုးသော ရဟန်းသည် အဒိန္နာဒါနသိက္ခာပုဒ်ကို ကျူး လွန်သဖြင့် ပါရာဇိကကျ၏။
လူကို ကိုယ် နှုတ် စသည်ဖြင့် လုံ့လပြု၍ သေစေသော ရဟန်းသည် မနုဿဝိဂ္ဂဟသိက္ခာပုဒ်ကို ကျူးလွန်သဖြင့်ပါရာဇိကကျ၏။
ဈာန်, သမာပတ်, မဂ်, ဖိုလ်တရားကို မရပါပဲလျက် ရ၏ ဟု ပလွှားဝါကြွားပြောဆိုသော ရဟန်းသည် ဥတ္တရိမနုဿဓမ္မသိက္ခာပုဒ်ကို ကျူးလွန်သဖြင့် ပါရာဇိကကျ၏။
ရဟန်းမတို့၌လည်း ထို့အတူတည်း။
ကာယသံသဂ္ဂ ရာဂစိတ်ရှိသောယောက်ျားက ကာယသံသဂ္ဂ ရာဂစိတ်ရှိသော ရဟန်းမ၏ ညှပ်ရိုးအောက်, ပုဆစ်ဒူးဝန်း တတောင်ဆစ် အထက်အရပ်တို့၌ လက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းဖြင့် ကိုင်တွယ်သုံးသပ်ခြင်းကို သာယာနှစ်သက်သောရဟန်းမသည် ဥဗ္ဘဇာဏုမဏ္ဍလိကာသိက္ခာပုဒ်ကို ကျူးလွန်သဖြင့် ပါရာဇိက ကျ၏။
အခြားတပါးသော ဘိက္ခုနီမ၏ ပါရာဇိကအာပတ်ကို သိလျက် ဖုံးကွယ်သော ရဟန်းမသည် ဝဇ္ဇပဋိစ္ဆာဒိကာ ပါရာဇိက သိက္ခာပုဒ်ကို ကျူးလွန်သဖြင့် ပါရာဇိကကျ၏။
ညီညွတ်သောသံဃာသည် နှင်ထုတ်အပ်သော ဥက္ခိတ္တကရဟန်း၏အယူကို အတုလိုက်ကျင့်သဖြင့် သမနုဘာသနကံ ပြု၍ ဆိုဆုံးမအပ်ပါသော်လည်း အယူကို မစွန့်လွှတ်သော ရဟန်းမသည် ဥက္ခိတ္တာနုဝတ္တိကာသိက္ခာပုဒ်ကို ကျူးလွန်သဖြင့် ပါရာဇိက ကျ၏။
ကာယသံသဂ္ဂရာဂစိတ်ရှိသော ယောက်ျားက ကာယသံသဂ္ဂရာဂစိတ်ရှိသော ရဟန်းမ၏ ညှပ်ရိုးအထက်, ပုဆစ်ဒူးဝန်း တတောင်ဆစ် အောက်အရပ်၌ ကိုင်တွယ် သုံးသပ်မှုကို သာယာနှစ်သက်ခြင်း, ကိုယ်ဝတ်အပေါ်ရုံ၌ ကိုင်တွယ်မှုကို သာယာနှစ်သက်ခြင်း, ကိုယ်လက်နှီးနှောမှု (ကာယသံသဂ္ဂ)ကို ပြုခြင်းငှါ ယောက်ျား၏ နှစ်တောင်ထွာ အတွင်း၌ ရပ်ခြင်း, စကားပြောဆိုခြင်း, ချိန်းချက်ရာအရပ်သို့ သွားခြင်း, ယောက်ျား၏လာခြင်းကို သာယာနှစ်သက်ခြင်း, ဖုံးကွယ်ရာအရပ်သို့ ဝင်ခြင်း, နှစ်တောင့်ထွာအတွင်း၌ တည်၍ ကိုယ်ကို ယောက်ျားအနီးသို့ ဆောင်ခြင်း၊ ဤ ဝတ္ထု ရှစ်မျိုးလုံးကို ပြည့်အောင် ပြုကျင့်သော ရဟန်းမသည် အဋ္ဌဝတ္ထုက သိက္ခာပုဒ်ကို ကျူးလွန်သဖြင့်ပါရာဇိက ကျ၏။
ဦးခေါင်း ပြတ်ပြီးသောသူသည် ကိုယ်နှင့် ဦးခေါင်းကို တဖန်ပြန်ဆက်၍ အသက်မရှင် သကဲ့သို့, အညှာမှကြွေကျသော သစ်ရွက်ရော်သည် နောက်ထပ်တဖန် ပြန်၍ စိမ်းရှင် မလာသကဲ့သို့ နှစ်ခြမ်းကွဲသော ကျောက်ဖျာကြီးသည် တဖန်စပ်သော်လည်း ပကတိ အတိုင်း မဖြစ်သကဲ့သို့ လည်ဆစ်ပြတ်ပြီးသော ထန်းပင်သည် တဖန် ပြန်၍ အခက် အရွက်တို့ဖြင့် မစည်ပင်သကဲ့သို့ ပါရာဇိကကျသော ရဟန်း ရဟန်းမသည် သာသနာတော်မှဆုံး ရှုံး၏။ နောက် တဖန် ရဟန်းအဖြစ် မရတော့။ [၂]
Remove ads
လူထွက်လိုသည်ဖြစ်၍ သင်္ကန်းကိုဖြစ်စေ, လူတို့အဝတ်တန်ဆာကိုဖြစ်စေ, လူတို့ ဝတ်ဆင်ပုံအတိုင်း ဝတ်ဆင်သော ရဟန်းမသည် ပါရာဇိကကျ၏။ [၃]
ပဏ္ဍုက်, တိရစ္ဆာန်, ဥဘတောဗျည်းတို့သည် ရှင်ရဟန်းပြုပေးခြင်း၏ တည်ရာ အကြောင်း ဝတ္ထု မဟုတ်သောကြောင့် လည်းကောင်း, “န ဘိက္ခဝေ ပဏ္ဍုကော ပဗ္ဗာဇေတဗ္ဗော-စသည်ဖြင့် ရှင်ရဟန်းပြု၍ မပေးရ” ဟု တားမြစ်ထားသောကြောင့်လည်းကောင်း ရှင်, ရဟန်းပြုခွင့် မရကြ။ ထေယျသံဝါသက စသော ရှစ်ယောက်, ရဟန်းအသွင်ကိုခိုးသူ, တိတ္ထိဘောင်သို့ ပြောင်းသူတို့သည် ရဟန်းပြု ခွင့်မရသဖြင့် ပါရာဇိကကျသော ရဟန်းနှင့် တူ၏။ [၄]
Remove ads
အင်္ဂါဇာတ်ရှည်သူသည် “လမ္ဗီ”မည်၏။ ထိုရဟန်းသည် မိမိအင်္ဂါဇာတ်ကို မိမိ၏ ဝစ္စမဂ်သို့သွင်းသော် ပါရာဇိက ကျ၏။
နူးညံ့ပျော့ပြောင်းသော ခါးရှိသူသည် “မုဒုပိဋ္ဌိက”မည်၏။ ထိုရဟန်းသည် မိမိအင်္ဂါ ဇာတ်ကို မိမိ၏ခံတွင်းဖြင့် စုပ်သော် ပါရာဇိက ကျ၏။
သူတပါး အင်္ဂါဇာတ်ကို ခံတွင်းဖြင့် စုတ်သူ, သူတပါး၏ အင်္ဂါဇာတ်ပေါ်၌ဖိထိုင် သူတို့လည်း ပါရာဇိကကျသည်။
အနုလောမ ပါရာဇိကကျသူတို့ မည်ကုန်၏။ [၅][၆]
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
