ဗားနတ်ပိဋကတ်တိုက်
From Wikipedia, the free encyclopedia
Remove ads
ဗားနတ်ပိဋကတ်တိုက် သည် မြန်မာနိုင်ငံ၌ ပထမပေါ်ပေါက်သော အများပြည်သူ ရှင်လူ ရဟန်းတို့အား အခမဲ့ကြည့်ရှုခွင့်ပြုသည့် စာကြည့်တိုက် ဖြစ်သည်။
တည်ထောင်သူ နှင့် စဦးတည်နေရာ
အထက် မြန်မာပြည်ကို ဗြိတိသျှ တို့ မသိမ်းပိုက်မီ ၁၈၈၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တွင် ဗားနတ်ပိဋကတ်တိုက်ကို စတင် တည်ထောင် ခဲ့လေသည်။ ယင်းကို အောက်မြန်မာနိုင်ငံမင်းကြီး ဆာ ချား အက်ဒွပ် ဗားနတ် သည် မိမိပိုင်စာအုပ်များဖြင့် အရင်း တည်ကာ စတင် တည်ထောင် ခဲ့သည် ကို အကြောင်းပြု၍ ဗားနတ်ပိဋကတ်တိုက် ဟု မှည့်ခေါ်သည်။ စတင်တည်ထောင်စဉ်က ယခု ဗဟိုအစိုးရ တန်းမြင့်ကျောင်း တည်ရာ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ရွှေတိဂုံဘုရားလမ်း ထောင့်ရှိ နေရာတွင် ကိုယ်ပိုင် အဆောက်အအုံဖြင့် ဖွင့်လှစ်ခဲ့သည်။
Remove ads
တိုးချဲ့ခြင်း
ဗားနတ်ပိဋကတ်တိုက်သို့ ပထမဆုံး အဖိုးတန်စာအုပ်များ လှူဒါန်းကြသူများမှာ မြန်မာနိုင်ငံ တရားဝန်ကြီး ဂျာဒင်းနှင့် ရန်ကုန်ကောလိပ် ပါဠိ ပါမောက္ခ ချီလဒါ တို့ ဖြစ်သည်။ မြန်မာ လူမျိုးထဲမှ လှူဒါန်းသူများမှာ ရန်ကုန်မြို့မှ ဦးမြို့နှင့် ဦးဖိုးမျှင် တို့ ဖြစ်လေသည်။ ဦးမြို့နှင့် ဦးဖိုးမျှင်တို့က ငွေတစ်သောင်း တန် ပေမူ၊ ပုရပိုက်မူများကို ရေစက်ချလှူဒါန်းခြင်းပြုခဲ့၏။ ထိုနောက် ၁၉၂၀ ပြည့်နှစ်တွင် ကင်းဝန်မင်းကြီး ပိဋကတ် တော်များကို ငွေ တစ်သောင်း ငါးထောင် ပေး၍ဝယ်ကာ ဖြည့်သွင်းခဲ့၏။ ၁၉၂၄ ခုနှစ်တွင် ပုဂံဝန်ထောက်မင်း ဦးတင် ၏ ပိဋကတ်တိုက် ကို ငွေ ငါးထောင် ပေး၍ ဝယ်ယူကာ ဗားနတ် ပိဋကတ်တိုက်ကို ချဲ့ထွင်ခဲ့ပြန်သည်။
Remove ads
စစ်ဒဏ်ခံရခြင်း
ယင်းသို့ တစ်စတစ်စ စုဆောင်းလာခဲ့ရာ ၁၉၄၀ ပြည့်နှစ်တွင် ဗားနတ်ပိဋကတ်တိုက်၌ စာအုပ်ပေါင်း ၁၉၆၈၃ မျှ စုဆောင်းမိပြီးဖြစ်လေသည်။ သို့သော် ဒုတိယကမ္ဘာစစ် ဒဏ်ကြောင့် ပိဋကတ်တိုက်၏ ပရိဘောဂ နှင့် စာအုပ် တန်ဖိုး ၉၀ ရာခိုင်နူန်း ဆုံးရှုံး လေသည်။ စစ်ပြီးကာလ၌ ဗားနတ် ပိဋကတ်တိုက် တွင် စာအုပ်ပေါင်း ခြောက်ထောင် လောက်သာ ကျန်ရှိခဲ့တော့၏။ သို့သော် အလွန် ရှားပါးလှသော ပေ နှင့် ပုရပိုက် များ အားလုံးလိုလို ပြန်လည် ရရှိသည့် အတွက် အထူး ဝမ်းမြောက်ဖွယ် ဖြစ်လေသည်။
တည်နေရာ ပြောင်းခြင်း
ဗားနတ်ပိဋကတ်တိုက် ကို တည်ထောင်စက အစိုးရပညာရေး ဆင်ဒီကိတ်က အုပ်ချုပ်ခဲ့၏။ ၁၉၂၃ ခုနှစ်မှစ၍ အစိုးရက နှစ်စဉ် ခန့်အပ်သော အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်လေသည်။ အစိုးရက ကျပ်ငွေ ၈၀၀၀၊ ရန်ကုန်မြူနီစီပယ်အဖွဲ့က ကျပ်ငွေ ၃၆၀၀ ထောက်ပံ့ကြေးကို နှစ်စဉ် ချီးမြှင့် လေသည်။ ပိဋကတ် တိုက်ကိုလည်း မူလအဆောက်အအုံမှ ရန်ကုန်မြူနီစီပယ် အဆောက်အအုံ အောက်ထပ် အရှေ့တောင်ထောင့် အခန်းသို့ ရွေ့ပြောင်း လာခဲ့သည်။ ဗားနတ်ပိဋကတ်တိုက်တွင် ပိဋကတ် တိုက်ခွဲများမရှိခဲ့ချေ။ စစ်ပြီးသည့်နောက် ဗားနတ်ပိဋကတ်တိုက် ကို ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ပြည်လည် ဖွင့်လှစ်သည်။ ရန်ကုန်မြူနီစီပယ်အဖွဲ့က ကျပ်ငွေ ၁၂၀၀၊ အစိုးရက ကျပ်ငွေ ၅၀၀၁ ထောက်ပံ့လေသည်။
Remove ads
နိုင်ငံတော် စာကြည့်တိုက် အဖြစ်သို့
၁၉၅၂ ခုနှစ်တွင် ဗားနတ် ပိဋကတ်တိုက် ကို မြူနီစီပယ်အဆောက်အအုံမှ ရွှေတိဂုံဘုရားလမ်း ရှိ ဂျူဗလီဟော အဆောက်အအုံသို့ ရွှေ့ပြောင်း ခဲ့လေသည်။ ယင်းသို့ ပြောင်းရွှေ့ ၍ ဗားနတ်ပိဋကတ်တိုက် ကို အစိုးရ သို့ ပေးအပ်လိုက်၏။ ထို ဗားနတ်ပိဋကတ်တိုက် ကို မြန်မာနိုင်ငံ အစိုးရ၏ ယဉ်ကျေးမှု ဝန်ကြီးဌာနက နိုင်ငံတော်စာကြည့်တိုက် အဖြစ်ဖြင့် ၁၉၅၂ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ခဲ့လေသည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads