ဒီယဲဂို မာရာဒိုနာ
သမုိင်းတွင် ကျော်ကြားခဲ့သော ကစားသမား From Wikipedia, the free encyclopedia
Remove ads
ဒီယဲဂို မာရာဒိုနာသည် တစ်ခေတ်တစ်ခါက အလွန်ကျော်ကြားခဲ့သော အာဂျင်တီးနား ဘောလုံးသမား တစ်ဦး ဖြစ်သည်။ သူသည် ဘောလုံးကလပ်များနှင့် အာဂျင်တီးနား အမျိုးသား ဘောလုံးအသင်းတို့တွင် မန်နေဂျာနှင့် နည်းပြ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဘောလုံးရေးရာ ကျွမ်းကျင်သူများ၊ ဝေဖန်သူများ၊ ယခင် ဘောလုံး ကစားသမားများ၊ ယခုလက်ရှိ ဘောလုံး ကစားသမားများနှင့် ဘောလုံး ပရိသတ်များက သူ့အား ဘောလုံးလောကတွင် အကောင်းဆုံး ဘောလုံးကစားသမား အဖြစ် သတ်မှတ်ထားကြသည်။[၁][၂][၃][၄] သူသည် ဘရာဇီးဘောလုံး ဘုရင် ပီလီ နှင့် အတူ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ၏ ၂၀ ရာစု အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ [၅][၆]
မာရာဒိုနာ၏ ဘောလုံးဆိုင်ရာအမြင်၊ ဖြတ်ပို့ခြင်း၊ ဘောလုံးထိန်းချုပ်နိုင်စွမ်းနှင့် လိမ်ခေါက်ကျွမ်းကျင်မှုများသည် ၎င်း၏သေးကွေးသောအရပ်အမောင်းနှင့် ပေါင်းစပ်ထားခြင်းတို့ကြောင့် ခန္ဓာကိုယ်ကို မြေဆွဲအားအလယ်မှတ်နိမ့်စေ၍ (centre of gravity) အခြားဘောလုံးသမားများထက်ပိုကာ ဘောလုံးကို ကျွမ်းကျင်စွာကိုင်တွယ်ကစားနိုင်ပေသည်။ ရလဒ်အနေဖြင့် ဘောလုံးဆွဲယူပြေးရာ၌ ပြိုင်ဖက်ကစားသမားများစွာကို လိမ်ခေါက်ကျော်ဖြတ်နိုင်လေ့ရှိသည်။ ကွင်းအတွင်း ၎င်းတည်ရှိမှုနှင့် ခေါင်းဆောင်မှုတို့သည် အသင်း၏ အထွေထွေကစားနိုင်မှုအပေါ် ကြီးစွားအကျိုးသက်ရောက်သည်။ သို့သော်လည်း တစ်ဖက်အသင်းသားများက ၎င်းတစ်ဦးတည်းအပေါ် အာရုံထားဖိကပ်ကစားတတ်သည်။ တီထွင်ဖန်တီးနိုင်မှုများအပြင် ဂိုးသွင်းနိုင်သည့် အမြင်မျိုးလည်းပိုင်ဆိုင်ထားကာ အလွတ်တည်ကန်ဘောများကန်ရာ၌ ကျွမ်းကျင်သူလည်းဖြစ်ပေသည်။ ဤသို့အရည်အချင်းများနှင့် မာရာဒိုနာကို "El Pibe de Oro" (ရွှေရောင်ကောင်လေး) ဟူ၍ အမည်ပြောင်ပေးထားကာ ထိုအမည်သည် ၎င်း၏အားကစား သက်တမ်းတစ်လျှောက် အမြဲတပူးပူး တတွဲတွဲတည်ရှိခဲ့လေသည်။[၇]
ထက်မြက်သော၊ စွယ်စုံရသော ကွင်းလယ်ဖန်တီးသူဖြစ်၍ ဂန္ထဝင်နံပါတ် (၁၀) ဝတ်ဆင်ကာ ဘောလုံးသမိုင်းတွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနှစ်ကြိမ် ကိုချိုးဖောက်နိုင်သူ ပထမဆုံး ကစားသမားလည်းဖြစ်၏။ ပထမတစ်ကြိမ်မှာ ဘာစီလိုနာကလပ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေး (၅) သန်းဖြင့် ဖြစ်၍ ဒုတိယအကြိမ်မှာ အီတလီကလပ် နာပိုလီသို့ (၆.၉) ဖြင့် ဖြစ်သည်။[၈] အာဂျန်တိနော့စ် ဂျူနီယာ၊ ဘိုကာ ဂျူနီယာ၊ ဘာစီလိုနာ၊ ဆယ်ဗီလာ နှင့် နူးဝဲစ် အိုးလ် ဘွိုင်းစ် (နျူးလ်စ် အောလ် ဘွိုင်းယ်စ်) စသည့်ကလပ်များအတွက်ကစားခဲ့၍ နာပိုလီနှင့် ဘာစီတို့တွင် အကျော်ကြားဆုံးဖြစ်ခဲ့ပြီး ဂုဏ်ပြုခံရမှုများစွာ ရရှိခဲ့ပေသည်။
အာဂျင်တီးနားအမျိုးသားဘောလုံးအသင်းနှင့်အတူ ပွဲထွက်ကစားသည့်အရေအတွက် (၉၁) ပွဲရှိခဲ့ပြီး (၃၄) ဂိုးသွင်းယူနိုင်ခဲ့သည်။ ၁၉၈၆ မက္ကဆီကိုတွင် ကျင်းပသော ကမ္ဘာ့ဖလား၌ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားခဲ့၍ အနောက်ဂျာမနီအသင်းကို ဗိုလ်လုပွဲ၌ အနိုင်ရရှိခဲ့ပြီး ဖီဖာရွှေဘောလုံးဆုရခဲ့သည်။ ထိုကမ္ဘာ့ဖလားပွဲ၌ပင် အင်္ဂလန်နှင့် တွေ့ဆုံသောပွဲ၌ အင်္ဂလန်အသင်းကို ၂-၁ ဖြင့် နိုင်ခဲ့၍ နှစ်ဂိုးလုံးကို သွင်းယူပေးခဲ့သည်။ ထိုဂိုးနှစ်ဂိုးစလုံးသည် ဘောလုံးသမိုင်း၌ မတူညီသောအကြောင်းတရားဖြင့် သမိုင်းဝင်ခဲ့လေသည်။ ပထမတစ်ဂိုးမှာ ရွှေလက် ဟု ကျော်ကြားသော လက်ဖြင့်သွင်းယူခဲ့၍ အပြစ်ပေးခြင်းမခံခဲ့ရသည့်ဂိုးဖြစ်ကာ ဒုတိယတစ်ဂိုးမှာ ၆၀ m (၆၆ yd) အကွာမှ ဆွဲယူလာ၍ ပြိုင်ဖက် ကစားသမားငါးဦးကို လိမ်ခေါက်ကျော်ဖြတ်ခဲ့ပြီးမှ သွင်းယူသောဂိုးဖြစ်သည်။ ထိုဒုတိယဂိုးသည် ၂၀၀၂ ဖီဖာဝက်ဘ်ဆိုဒ်က မဲပေးရွေးချယ်မှုအရ "ရာစုနှစ်၏ အကောင်းဆုံးဂိုး" ဖြစ်လာခဲ့သည်။[၉]
၂၀၀၈ နိုဝင်ဘာတွင် အာဂျင်တီးနားအမျိုးသားဘောလုံးအသင်း၏ နည်းပြတာဝန်ယူသည်။ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလာ၌လည်း အုပ်ချုပ်သူဖြစ်ခဲ့လေသည်။ ထို့နောက် ယူအေအီးကလပ်များကို ကိုင်တွယ်နည်းပြခဲ့၍ [၁၀] ၂၀၁၈ မေ၌ ဘယ်လာရုစ်ကလပ် ဒိုင်နမိုဘရက်စ်၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[၁၁] ထို့နောက် မက္ကဆီကိုကလပ်တစ်ခုကို နည်းပြခဲ့၍[၁၂] ၂၀၁၉ မှ သေဆုံးသည်အထိ အာဂျင်တီးနားကလပ် Gimnasia de La Plata ကို နည်းပြခဲ့သည်။[၁၃]
Remove ads
ကွယ်လွန်ခြင်း
၂၀၂၀ နိုဝင်ဘာ ၂ တွင် မာရာဒိုနာကို စိတ်ပိုင်းဆိုင်ရာအကြောင်းဖြင့် "လာ ပလာတာ" ဆေးရုံသို့ တင်ခဲ့ကြသည်။[၁၄] ၃ ရက်နေ့၌ ဦးနှောက်တွင်း သွေးယိုဆီးသည့် ရောဂါတစ်ခုဖြစ်သော subdural hematoma ကို ကုသရန် ခွဲစိတ်ခံခဲ့သည်။[၁၅] နိုဝင်ဘာ ၁၂ တွင် ဆရာဝန်များက အတွင်းလူနာအဖြစ် မသတ်မှတ်ခဲ့သောကြောင့် ဆေးရုံမှ ဆင်းလာခဲ့သည်။[၁၆][၁၇] ၂၀၂၀ နိုဝင်ဘာ ၂၅၊ အင် (၆၀) အရွယ်၌ နှလုံးရောဂါဖြင့် ၎င်း၏နေအိမ် ဘွေးနို့စ်ဆိုက်ရေ့စ်နယ် တီဂရယ်မြို့ (Tigre, Buenos Aires) တွင် ကွယ်လွန်ခဲ့သည်။ အာဂျင်တီးနားသမ္မတက သုံးရက်တာကို နိုင်ငံ၏ပူဆွေးဝမ်းနည်းမှုအဖြစ် ကြေညာခဲ့သည်။[၁၈]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
