မော်စကိုမြို့
ရုရှားနိုင်ငံ၏မြို့တော် From Wikipedia, the free encyclopedia
Remove ads
မော်စကိုမြို့ (/ˈmɒskoʊ/ or /ˈmɒskaʊ/; ရုရှား: Москва́) သည် ရုရှားနိုင်ငံ၏ မြို့တော်ဖြစ်ပြီး လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ကာ မြို့နယ်နိမိတ်အတွင်းတွင် နေထိုင်သူ ၁၃.၂ သန်းနေထိုင်ပြီး [၁၂] မြို့ပြဧရိယာအတွင်းတွင် ၁၇.၁ သန်း နေထိုင်ကြသည်။[၁၃] မော်စကိုမြို့သည် ရုရှားနိုင်ငံ၏ ဖက်ဒရယ်မြို့တော်ဟူသော ဝိသေသထူးဖြင့်လည်း ချီးမြှင့်ထားသော မြို့လည်းဖြစ်သည်။

မော်စကိုသည် ရုရှားနိုင်ငံနှင့် အရှေ့ဥရောပ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံပညာရပ်များထွန်းကာစည်ပင်ရာ ဗဟိုချက်မဖြစ်ပြီး ဥရောပကုန်းမြေတွင် အကြီးဆုံးမြို့ကြီးဖြစ်သည်။ နယ်နိမိတ်မျဉ်းများအရ မော်စကိုသည် ကမ္ဘာ့အကြီးဆုံးမြို့များထဲတွင် ပါဝင်ပြီး ၁၄ ခုမြောက် အကြီးဆုံးမီသရိုဧရိယာ(metro area)ရှိသည်။ ထို့ပြင် မြို့ပြတည်နေရာအတွင်း လူဦးရေထူထပ်မှုတွင် အဆင့် ၁၈ တွင် တည်ရှိနေပြီး ၁၄ ခုမြောက် အကြီးဆုံးသော မြို့ပြဧရိယာ(urban area)ပိုင်ဆိုင်ထားသော မြို့လည်း ဖြစ်သည်။ မြို့နယ်နိမိတ်အတွင်း လူဦးများပြားမှုတွင် အဆင့် ၁၁ တွင် တည်ရှိနေသည်။ ဖို့စ် ၂၀၁၃ [၁၄]အရ မော်စကိုသည် Mercer ၏ နေထိုင်မှုစရိတ်မြှင့်မားသော မြို့များစာရင်းတွင် အဆင့် ၉ ၌ ရပ်တည်ခဲ့ပြီး Alpha global city ၏ Globalization and World Cities Research Network အဆင့်သတ်မှတ်ချက်အရ အကြီးဆုံးသော မြို့ပြ စီးပွားရေးပိုင်ဆိုင်သော မြို့များထဲမှ တစ်မြို့ဖြစ်သည်။ MasterCard Global Destination Cities Index အရ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အလျင်အမြန်ဆုံး တိုးတက်လာခဲ့သော မြို့များထဲမှ တစ်မြို့အဖြစ် မော်စကိုမြို့သည် ပါဝင်ခဲ့လေသည်။
ဤမြေကမ္ဘာပေါ်တွင် မော်စကိုသည် မြောက်ဘက်အစွန်းဆုံးနှင့် အအေးဆုံး မီဂါစီးတီးနှင့် မီသရိုပူလစ် ဖြစ်ပေသည်။ ထို့ပြင် မော်စကိုမြို့သည် ဥရောပ၏ အမြင့်ဆုံးသော အထောက်အကူမဲ့ ထီးထီးရှိနေသော အဆောက်အဦဖြစ်သည့် အာစတန်ကီနိုတာဝါ၊ ဥရောပ၏ အမြင့်ဆုံးသော မိုးမျှော်အဆောက်အဦဖြစ်သော ဖက်ဒရေးရှင်းတာဝါနှင့် မော်စကို အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာတို့တည်ရှိရာ မြေဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် မော်စကို အော့ဗလတ်၏ အနောက်တောင်ဘက်သို့ မြို့တော်နယ်နိမိတ်ကို ချဲ့ထွင်ရာ မြို့၏ ဧရိယာမှာ ၁,၀၉၁ to ၂,၅၁၁ စတုရန်း ကီလိုမီတာ (၄၂၁ to ၉၇၀ စတုရန်းမိုင်)လောက်ထိ နှစ်ဆမျှ ကျယ်သွားခဲ့ပြီး လူဦးရေ ၂၃၃,၀၀၀ မျှ နေထိုင်နိုင်စေခဲ့သည်။[၁၅][၁၆]
မော်စကိုမြစ်ပေါ်တွင် တည်ရှိသော မော်စကိုမြို့သည် ဥရောပရုရှား၏ ဗဟိုဖက်ဒရယ်ခရိုင်အတွင်းတွင် တည်ရှိသောပြီး ဥရောပ၏ ကုန်းတွင်းပိုင်း လူဦးရေစည်ပင်ပွားများဆုံးသော မြို့ဖြစ်သည်။ တောက်ပနေသော ရောင်စုံအမိုးခုံးများရှိသည့် စိန့်ဘာစီလ်ကာသီဒရယ်ကဲ့သို့သော သမိုင်းဝင်အဆောက်အဦများရှိသော မော်စကိုမြို့၏ ဗိသုကာလက်ရာများသည်လည်း ထင်ရှားကျော်ကြားကြသည်။ မြို့နယ်နိမတ်အတွင်း မြို့ပြဧရိယာတွင် ကြီးမားသော တောအုပ်များရှိပြီး မြို့၏ ၄၀ ရာခိုင်နှုန်းကျော်သည် သစ်ပင်စိမ်းများဖြင့် ဖုံးလွှမ်းနေသော မော်စကိုမြို့သည် ဥရောပနှင့် ကမ္ဘာပေါ်တွင် အစိမ်းရောင်ဖုံးလွှမ်းမှုအများဆုံးသော အဓိကမြို့များထဲမှ တစ်ခုဖြစ်သည်။ မော်စကိုမြို့သည် အလယ်ခေတ် မော်စကိုနယ်စားကြီးခေတ်မှသည် ဇာဘုရင်ခေတ် ရုရှားပြည်၊ ထိုမှသည် ရုရှားအင်ပါယာ၊ ဆိုဗီယက်ယူနီယံ၊ နောင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရောက်သည်ထိတိုင် အမည်များသာ ပြောင်းလဲသွားခဲ့သော နိုင်ငံတော်၏ မြို့တော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မော်စကိုသည် ရုရှားအစိုးရ ရုံးစိုက်ရာနေရာဖြစ်ပြီး အလယ်ခေတ်တွင် မြို့ရိုးခံတပ်ဖြစ်ခဲ့သော မော်စကိုကရင်မလင်သည် ယနေ့ခေတ်တွင် ရုရှားနိုင်ငံသမ္မတ အလုပ်လုပ်ရန် နေထိုင်သော နေရာဖြစ်လေသည်။ မော်စကိုကရင်မလင်နှင့် ရင်ပြင်နီတို့သည် မြို့တော်အတွင်းရှိ ကမ္ဘာ့အမွေအနှစ်နေရာများထဲတွင် ပါဝင်သော နေရာတစ်ခုဖြစ်ကြသည်။ ရုရှားပါလီမန်များဖြစ်ကြသော ဒူးမားလွှတ်တော်နှင့် ဖက်ဒရယ်ကောင်စီ တို့၏ လွှတ်တော်ခန်းမများသည်လည်း မြို့တော်အတွင်းတွင်ပင် တည်ရှိကြသည်။ မော်စကိုတွင် ပြတိုက်များ၊ အကယ်ဒမစ်ကျောင်းများ၊ နိုင်ငံရေးအင်စတီကျူးရှင်းများနှင့် ပြဇတ်ရုံများတည်ရှိသော ရုရှားအနုပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ အားကစားသမားများရှိရာ မော်စကိုအား ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုဗဟိုဌာနအဖြစ် မှတ်ယူနိုင်ပေသည်။
မြို့တော်၏ သယ်ယူပို့ဆောင်ရေးကွန်ယက်တွင် အပြည်ပြည်ဆိုင်ရာလေဆိပ် ၄ ခု[၁၇]၊ မီးရထားဘူတာရုံ ၉ ခု၊ များလှစွာသော ဓာတ်ရထားများ၊ Moscow Monorail နှင့် ကမ္ဘာပေါ်တွင် အနက်ရှိုင်းဆုံးသော မြေအောက်သယ်ယူပို့ဆောင်ရေးစနစ်ထဲမှ တစ်ခုဖြစ်သော မော်စကိုမီသရိုတို့ပါဝင်ပြီး မော်စကိုမီသရိုမှာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အကြီးဆုံးကွန်ယက်ဖြစ်ပေသည်။ မော်စကိုမီသရိုသည် ဘူတာရုံပေါင်း ၂၀၀ ခန့်ရှိပြီး ဗိသုကာမြောက်လက်ရာများကြောင့် မြို့တော်၏ အရေးပါသောအမှတ်အသားတခုကဲ့သို့ ဆိုနိုင်ပေသည်။
Remove ads
ဝေါဟာရရင်းမြစ်
သမိုင်း
အကြိုသမိုင်း
မော်စကိုမြေနေရာတွင် လူသားတို့ ရှေးအကျဆုံးသော အထောက်အထားများကို ကြည့်၍ပြောမည်ဆိုလျှင် လူသားတို့သည် ကျောက်ခေတ်သစ်(မော်စကိုမြစ်ကမ်းရှိ ရှုကင်းစကားယားယဉ်ကျေးမှုနယ်မြေ) ကတည်းက နေထိုင်ခဲ့သည်ဟု ဆိုရပေမည့်။ မြို့တော်၏ ခေတ်သစ်အနားသတ်မျဉ်းများအတွင်းတွင်ဖြစ်သည့် ကရင်မလင်၊ စာကလေးတောင်၊ စေတန်မြစ်နှင့် ကူဆဲ့စကီး သစ်တောဥယျာဉ်အစရှိသည့်နေရာများတွင် အခြားရှေးကျသော အထောက်အထားများ(ဖာကျာနော့ဗ်စကားယား ယဉ်ကျေးမှု၏ သင်္ချိုင်းမြေများ၊ ဂျာကောစကားယား ယဉ်ကျေးမှု၏ သံခေတ်တွင် အခြေချနေထိုင်ခဲ့သည်နေရာများ)ကို ရှိဖွေတွေ့ရှိခဲ့လေသည်။
၉ ရာစုတွင် အိုကာမြစ်သည် ဗော်လ်ဂါကုန်သွယ်ရေးလမ်းကြောင်း(Volga trade route)၏ အစိတ်အပိုင်းဖြစ်ခဲ့သည်။ အထက်ဗော်လ်ဂါရေဝေကုန်းတန်းသည် ဒေသခံ ဖီနို-ယူဂရစ်များ(Finno-Ugric)ဖြစ်သည့် မာရ်ယာလူမျိုးများ(Merya)နှင့် ဆက်သွယ်ပေးထားပြီး ဗော်လ်ဂါ ဘူဂါရီးယား(Volga Bulgaria)ထိ ကျယ်ပြန့်ကာ စကင်ဒီနေဗီးယန်းလူမျိုးများ(Scandinavian) (ဗာရန်ဂျီးယန်များ (Varangians))နှင့် ဆလဗစ် လူမျိုးများ(Slavic peoples)နှင့်လည်း ဆက်သွယ်ပေး၍ နေလေသည်။
အစောဆုံး အရှေ့ဆလဗစ်လူမျိုးတို့၏ မှတ်တမ်းတင်မှုများအရ အထက်ဗော်လ်ဂါမြစ်ပိုင်းတွင် ၉ ရာစုမှ ၁၀ ရာစုအတွင်း ဗျာကျီချီ(Vyatichi)နှင့် ကရီဗီချီ(Krivichi)လူမျိုးများဖြင့် ပျံနှံ့၍နေခဲ့လေသည်။ မော်စကိုမြစ်ကို ကီးယဲ့ဗန် ရုစ်(Kievan Rus)တို့၏ ဆူဇဒါးနယ်ထဲသို့ ၁၁ ရာစုတွင် ပေါင်းစပ်၍ထားခဲ့လေသည်။ အေဒီ ၁၁၀၀ တွင် ညဲကလင့်နားယားမြစ်ဝ(Neglinnaya River)တွင် အနည်းငယ်မျှသော အခြေချနေထိုင်မှုများ ရှိ၍လာခဲ့လေသည်။
အစောပိုင်း သမိုင်းမှတ်တမ်း (၁၁၄၇–၁၂၈၃)

မော်စကိုမြို့ကို ရည်ညွှန်းသော ပထမဆုံးသော သမိုင်းမှတ်တမ်းကို မင်းသား ယူရီ ဒါလ်ဂါရုကီး(Yuri Dolgoruky)မှ ဆဗျာတာစလဗ် အိုလ်ဂါဗစ်ချ်(Sviatoslav Olgovich)အား တွေ့ဆုံရန် ဖိတ်ကြားသော စာလွှာတွင် တွေရသည်။ ထိုစဉ်အခါတုန်းက မော်စကို ဗလာဒီမီယာ-ဆူဇဒါး မင်းသားနယ်မြေ၏ အနောက်ဘက်နယ်စပ်မျဉ်းရှိ သေးငယ်သော မြို့ကလေးအဖြစ်သာ ရှိသေးသည်။
၁၁၅၆ ခုနှစ်တွင် မင်းသား ယူရီ ဒါလ်ဂါရူကီးသည် မြို့အား သစ်လုံးတံတိုင်းများ၊ ကျုံးများဖြင့် အခိုင်အခံပြုလုပ်၍ ထားခဲ့လေသည်။ မွန်ဂိုများ ရုစ်နယ်မြေများဆီသို့ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး မွန်ဂိုဘုရင် ဘာတူခန်(Batu Khan)လက်အောက်သို့ ကျရောက်သွားသောအခါ မြို့အား ပြာပုံကျသည်အထိ မီးလောင်တိုက်သွင်းခဲ့ပြီး မြို့သူမြို့သားများအား သတ်ဖြတ်ခဲ့ကြလေသည်။
မော်စကိုမြစ်ကမ်းမှ သစ်လုံးခံတပ်ကို အလက်ဇန္ဒား ညဲ့ဗ်စကီး(Alexander Nevsky)၏ အထွေးဆုံးသားဖြစ်သူ ဒန်နီယယ်(Daniel)မှ ၁၂၆၀ ခုနှစ်လောက်တွင် အမွေဆက်ခံပိုင်ဆိုင်ခဲ့ပြီး ဤသည်မှာ ဖခင်ပိုင်ဆိုင်ခဲ့သမျှထဲမှ တန်ဖိုးရှိသည့် နောက်ဆုံးသောအရာပင်ဖြစ်သည်။ ထိုစဉ်က ဒန်နီယယ်သည် ကလေးသာသာ ရှိသေးပြီး ခံတပ်ကြီးကို ဒန်နီယယ်၏ ဦးလေးဖြစ်သူ ယာရိုစလဗ် ယာရိုစလဗစ်(Yaroslav of Tver)မှ ကိုယ်စားအုပ်ချုပ်ပေးခဲ့သည်။
၁၂၇၀ ခုနှစ်လောက်ရောက်သောအခါ အရွယ်ရောက်လာသော ဒန်နီယယ်သည် မင်းသားနယ်မြေများ ပါဝါအားပြိုင်မှုတွင် သူ၏အကိုဖြစ်သူ ဒမီထရီ(Dmitry)ဘက်မှ ပါဝင်လာခဲ့သည်။ ဒန်နီယယ်သည် သူ၏အကို ဗလာဒီမီယာနယ်စားကြီးဖြစ်လာသူ ဒမီထရီနှင့်အတူ ၁၂၈၃ ခုနှစ်မှစ၍ လွတ်လပ်သော မင်းသားအုပ်ချုပ်ရာနယ်မြေမှ အုပ်ချုပ်သူမင်းသားဖြစ်လာခဲ့သည်။ ဒန်နီယယ်ကို မော်စကိုမြို့တွင် ပထမဆုံး ဘုန်းတော်ကြီးကျောင်းများ တည်ထောင်သူအဖြစ် ရည်ညွှန်းကြပြီး ဘာဂါဗလန်စကီး ဘုန်းတော်ကြီးကျောင်းနှင် ဒန်နီလော့ဗ် ဘုန်းတော်ကြီးကျောင်းတို့အား ဒန်နီယယ်တည်ထောင်ခဲ့သော ကျောင်းများအဖြစ် မှတ်သားထားခဲ့ကြသည်။
နယ်စားကြီးများ အုပ်ချုပ်ရာကာလ (၁၂၈၃–၁၅၄၇)
![]() |
![]() |
![]() |
၁၆ ရာစုနှောင်းပိုင်း မော်စကို ကရင်မလင် | Siege of Moscow (1382) | ရင်ပြင်နီ |


ပထမမြောက် ဒန်နီယယ်သည် ၁၃၀၃ ခုနှစ်ရောက်သည့်တိုင် မော်စကိုကို အုပ်စိုးခဲ့ပြီး စည်ပင်ကြွယ်ဝသော မြို့ကြီးအဖြစ် တည်ထောင်ခဲ့ရာ ၁၃၂၀ ခုနှစ်သို့ရောက်သောအခါ ယခင်မိဘများ အုပ်စိုးခဲ့သော ဗလာဒီမီယာနယ်၏ ဂုဏ်သတင်းတို့ပင် မှေးမှိန်၍ သွားခဲ့လေသည်။
၁၂၈၂ ခုနှစ်ထက် နောက်ကျလိမ့်မည်မဟုတ်ဟု ယူဆရသော အချိန်ကာလအတွင်း ဒန်နီယယ်သည် ကရင်မလင်မှ ၅ မိုင်ခန့်အကွာ မော်စကိုမြစ် လက်ယာဘက်ကမ်းတွင် မော်စကို၏ ပထမဆုံးသော ဘုန်းတော်ကြီးကျောင်းကို သစ်တို့ဖြင့် ဆောက်လုပ်ထားသော St. Daniel-Stylite ချက်ကျောင်းနှင့်အတူ တွဲ၍ တည်ထောင်ခဲ့လေသည်။ ယခုအခါတွင်တော့ ထိုဘုန်းတော်ကြီးကျောင်းကို ဒန်နီလော့ ဘုန်းတော်ကြီးကျောင်း(Danilov Monastery)ဟု ခေါ်ဆိုကြသည်။ သက်တော် ၄၂ နှစ်အရွယ် ၁၃၀၃ ခုနှစ်တွင် ဒန်နီယယ်မင်းသား ကွယ်လွန်ခဲ့လေသည်။ မကွယ်လွန်မီကတည်းကပင် သူသည် ဘုန်းတော်ကြီးအဖြစ် ဝတ်ခဲ့ပြီး သူဆန္ဒအရ သူ၏ရုပ်ကလာပ်ကို စိန့်ဒန်နီယယ် ဘုန်းတော်ကြီးကျောင်းတွင်ပင် မြှပ်နှံခဲ့လေသည်။
နှစ်အတော်ကြာအတွင်း မော်စကိုသည် တည်ငြိမ်ဝပြောလာပြီး ရုရှားတပြည်လုံးရှိ ဒုက္ခသည်များစွာအတွက် စိတ်ဝင်စားစရာတစ်ခု ဖြစ်လာခဲ့သည်။ ရူရစ်မင်းဆက်တွင် သားအကြီးသာ နယ်မြေအကြီးဆုံးကို ပိုင်ဆိုင်ခွင့်ရှိသော ထုံးတမ်းစဉ်လာရှိခဲ့သဖြင့် သားအားလုံးအား ခွဲဝေခြင်းထက် အကြီးဆုံးသာများ နယ်မြေအားလုံးအား ပိုင်ဆိုင်ခွင့်ရှိလေသည်။ ၁၃၀၄ ခုနှစ်တွင် မော်စကိုမှ ယူရီမင်းသား(Yury of Moscow)သည် တဗျဲမှ မင်းသား မီခါအီ(Mikhail of Tver)အား ယှဉ်ပြိုင်၍ ဗလာဒီမီဗာနယ်မြေ(Vladimir)၏ ပုလ္လင်အား ဝင်ရောက်ယှဉ်ပြိုင်ယူခဲ့လေသည်။ ပထမမြောက် အီဗန်(Ivan I)သည် နောက်ဆုံးတွင် တဗျဲအား ရှုံးနိမ့်ခဲ့ပြီး မွန်ဂိုအုပ်ချုပ်သူများ၏ တခုတည်းသော အခွန်စုသူဖြစ်လာခဲ့ပြီး ဗာလာဒီမီယာ-ဆူဇဒါးနယ်(Vladimir-Suzdal)၏ မြို့တော်အဖြစ် မော်စကိုအား သတ်မှတ်ခဲ့လေသည်။ အခွန်ပဏ္ဍာတို့ အမြောက်အမြားဆက်သပြီးသောအခါ အီဗန်သည် မွန်ဂို ခန်တို့၏ လိုက်လျောမျက်နှာသာပေးမူတို့ ရရှိလာလေသည်။
မွန်ဂို ခန်တို့သည် မော်စကို၏ လွှမ်းမိုးမှုကို ကန့်သတ်ရန် ကြိုးပစ်နေစဉ် လစ်သူရေးနီးယားနယ်(Grand Duchy of Lithuania)မှာ အင်အားကြီးမာလာပြီး ရုရှားနယ်အားလုံးကို ခြိမ်းခြောက်လျက် ရှိလာသည်။ လစ်သူရေးနီးယားနှင့် ဟန်ချက်ညီလာစေရန် မော်စကိုကို မွန်ဂိုတို့က အင်းအားဖြည့်တင်းပေးခဲ့ရာ ရုရှားတွင် အင်အားအကြီးဆုံးသော မြို့များထဲမှ တစ်မြို့ဖြစ်လာခဲ့သည်။ ၁၃၈၀ ခုနှစ်တွင် ဒမီထရီမင်းသား(Dmitry Donskoy)သည် ညီညွှတ်သော ရုရှားတပ်မတော်ကို ဦးစီးကာ ကူလီကိုဗာတိုက်ပွဲတွင် မွန်ဂိုတို့ကို အနိုင်ရရှိခဲ့သည်။ ထိုသို့ဖြင့် မော်စကိုမှ ဦးဆောင်ကာ မွန်ဂိုတို့၏ လွှမ်းမိုးကြီးစိုးမှုမှ ရုရှားနယ်အားလုံးအား လွှတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၁၄၈၀ ခုနှစ် တတိယမြောက် အီဗန်(Ivan III )လက်ထပ်တွင် ရုရှားနယ်အားလုံးအား တာတာတို့၏ ထိန်းချုပ်မှုမှ လွှတ်ကင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့နောက် မော်စကိုသည် ရုရှားနှင့် ဆိုက်ဘေးရီးယားနယ်အားလုံးနှင့် အခြားသော ကုန်းမြေများပါဝင်သော အင်ပါယာ၏ မြို့တော်ဖြစ်လာခဲ့သည်။
၁၄၆၂ ခုနှစ်အရောက်တွင် တတိယမြောက် အီဗန်(၁၄၄၀–၁၅၀၅)သည် မော်စကိုနယ်(အလယ်ခေတ် မော်စကိုပြည်ထောင်ဖြစ်လာ)၏ အုပ်ချုပ်သူမင်းသားဖြစ်လာခဲ့လေသည်။ တာတာများနှင့် စတင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မော်စကိုပြည်ထောင်ကို ကြီးမာလာစေကာ မြို့တော်အား ကြွယ်ဝလာစေရန် စွမ်းဆောင်ခဲ့သည်။ ၁၅၀၀ ခုနှစ်သို့ ရောက်သောအခါ လူဦးရေမှာ ၁၀၀,၀၀၀ မျှရှိလာပြီး ကမ္ဘာပေါ်ရှိ မြို့ကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။ အီဗန်သည် ရန်သူတော် လစ်သူရေးနီးယန်းများနှင့် မဟာမိတ်ပြုထားသော မြောက်ဘက်ရှိ ကြီးမားကျယ်ပြန့်သော နော့ဂေါ့ရတ်မင်းသားအုပ်စိုးရာမြေကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုသို့ဖြင့် သူ၏ ပိုင်နက်နယ်မြေအား ၄၃၀,၀၀၀ to ၂,၈၀၀,၀၀၀ စတုရန်း ကီလိုမီတာ (၁၇၀,၀၀၀ to ၁,၀၈၀,၀၀၀ စတုရန်းမိုင်) ထိ ခုနှစ်ဆမျှ ချဲ့ထွင်နိုင်ခဲ့လေသည်။ သူသည် ရှေဟောင်း "နော့ဂေါရတ် ရာဇဝင်ကျမ်း(Novgorod Chronicle)"အား ရေးသားစီရင်မှုအား ထိန်းကွပ်ခဲ့ပြီး သူအုပ်စိုးမှု၏ သဘောသကန်တို့အား ဖြန့်ဝေရာ၌ အသုံးပြုခဲ့သည်။[၁၈][၁၉]
မူလမော်စကို ကရင်မလင်ကို ၁၄ ရာစုအတွင်းတွင် တည်ဆောင်ခဲ့ခြင်းဖြစ်ပြီး အီဗန်မှ ၁၄၈၀ ခုနှစ်တွင် အီတာလျံ ရီနေဆွန်း ဗိသုကာပညာရှင်တို့ကို ဖိတ်ခေါ်၍ ပြန်လည်တည်ဆောက်ခြင်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Petrus Antonius Solariusသည် ကရင်မလင်အသစ်၏ တံတိုင်းများနှင့် မျှော်စင်များကို ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး Marco Ruffo မှ မင်းသားစံမြန်းရာ နန်းဆောင်သစ်အတွက် ဒီဇိုင်းရေးဆွဲပေးခဲ့သည်။ ယခုတွေ့ရှိနေရသော ကရင်မလင်၏ တံတိုင်းများသည် ဆိုလာရီးရပ်စ်၏ ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့သော တံတိုင်းများဖြစ်ပြီး ၁၄၉၅ ခုနှစ်တွင် တည်ဆောင်မှု ပြီးစီးခဲ့သည်။ ကရင်မလင်ရှိ မဟာအီဗန် ခေါင်းလောင်းမျှော်စင်ကို ၁၅၀၅–၀၈ အကြားတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအမြင့်သို့ ၁၆၀၀ ခုနှစ်တွင်မှ တဖြည်းဖြည်းချင်း မြှင့်ခဲ့ခြင်းဖြစ်သည်။
ကုန်သွယ်းရေးစခန်းများ (သို့မဟုတ်) ပါဆတ်များသည် ကရင်မလင်၏ အရှေ့ဘက်တွင် စည်ပင်ပေါ်ပေါက်လာခဲ့ပြီး ထိုဒေသကို ဇာရာ့ဂျယ်(Зарядье) ဟုခေါ်ဆိုခဲ့ကြသည်။ ထိုတတိယမြောက်အီဗန်လက်ထက်တွင်ပင် မူလက Hollow Field (Полое поле) ဟုခေါ်သော ရင်ပြင်နီပေါ်ပေါက်လာခဲ့သည်။
၁၅၀၈–၁၅၁၆ အတွင်းတွင် အီတာလျံ ဗိသုကာပညာရှင် အလဲဗစ် ဖရာဇင် (နိုဗီး)(Aleviz Fryazin (Novy))အား အရှေ့ဘက်တံတိုင်းတွင် ကျုံးတည်ဆောက်ခြင်းအား စီမံစေခဲ့သည်။ ထိုကျုံးသည် မော်စကိုမြစ်နှင့် ညဲဂလင်းနားယားမြစ်တို့ကို ဆက်သွယ်ပေးထားခြင်းဖြစ်သည်။ အလဲဗီဇော့ကျုံးဟု ထိုကျုံးအား ခေါ်ကြပြီး အရှည်မှာ ၅၄၁ မီတာ (၁,၇၇၅ ပေ)၊ အကျယ်မှာ ၃၆ မီတာ (၁၁၈ ပေ)ပြီး ကျုံးအနက်မှာ ၉.၅ to ၁၃ မီတာ (၃၁–၄၃ ပေ) ရှိကာ ထုံးကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
ဇာဘုရင်ခေတ် (၁၅၄၇–၁၇၂၁)

၁၆ ရာစုနှင့် ၁၇ ရာစုအတွင်းတွင် မြို့တော်အား ပတ်လည်ခံစစ်ရရှိစေရန် ရည်ရွယ်၍ ကီသိုင်းရီးဂေါရတ်(Китай-город)၊ ဗျဲလီးဂေါရတ်(Белый город) နှင့် ဇီးမလျန်နိုးရီးဂေါရတ်(Земляной город)စသည့် မြို့များကို တည်ထောင်ခဲ့သည်။ သို့သော်လည်း ၁၅၇၁ ခုနှစ် ခရိုင်းမီးယားတာတာ(Crimean Tatars)တို့ မော်စကိုသို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်သောအခါတွင် မီးနှစ်ကြိမ်အရှို့ခံခဲ့ရပြီး ကရင်မလင်မှလွဲ၍ ကျန်သောနေရာတော်တော်များများ မီးလောင်ကျွမ်းခြင်းခံခဲ့ရလေသည်။[၂၀] နှစ်အလိုက်မှတ်တမ်းများအရ ထိုမီးလောင်ကျွမ်းမှုများကြောင့် မြို့သူမြို့သား ၂၀၀,၀၀၀ မှ ၃၀,၀၀၀ လောက်သာ အသက်ရှင်ခွင့်ရခဲ့သည်ဟု ဆိုသည်။
၁၅၉၁ ခုနှစ်တွင် ခရိုင်းမီးယားတာတာတို့ နောက်တစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခြင်း ခံခဲ့ရပြန်သည်။ သည်တစ်ကြိမ်တွင်တော့ ခံစစ်အသစ်ပြင်ဆင်ထားမှုကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြရသည်။ ထိုခံစစ်ကို လက်မှုပညာသည် ဖရိုဒါ ကွန်မှ ၁၅၈၄ ခုနှစ်နှင့် ၁၅၉၁ ခုနှစ်အကြားတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် မော်စကိုမြစ် လက်ယာဘက်ကမ်းအပါအဝင် မြို့ပတ်လည် အပြင်၌ မျှော်စင် ၅၀ ပါဝင်သော မြေစိုက်မြို့ရိုး စိုက်ထူခဲ့သည်။ မြို့ရိုတံတိုင်း၏ အပြင်တွင်လည်း တောင်မှအရှေ့သို့ အပြင်ဘက်ဆုံး ခံစစ်မျဉ်းအဖြစ် ဘုန်းတော်ကြီးကျောင်းများကို အစဉ်အတိုင်း အခိုင်အမာတည်ဆောက်ခဲ့ကြသည်။ ထိုဘုန်းတော်ကြီးကျောင်းများမှာ နိုဗာဂျယ်ဗီချီ သီလရှင်ကျောင်း၊ ဒန်စကိုရီး ဘုန်းတော်ကြီးကျောင်း၊ ဒန်နီလော့ဗ် ဘုန်းတော်ကြီးကျောင်း၊ အန်ဒရိုနီကော့ဗ် ဘုန်းတော်ကြီးကျောင်း၊ ဆီမန်နော့ဗ် ဘုန်းတော်ကြီးကျောင်းနှင့် နိုဗာစပါ့စကီး ဘုန်းတော်ကြီးကျောင်းများဖြစ်ပြီး ယခုအခါတွင် ၎င်းတို့အား ပြတိုက်များအဖြစ် ပြုလုပ်ထားသည်။ ထိုမြို့ရိုးတံတိုင်းတို့ကြောင့် မြို့တော်၏ အမည်ကို "အဖြူရောင်တံတိုင်း"ဟု ကဗျာဆန်ဆန် လှပစွာ ခေါ်ဝေါ်ကြသည်။ မြို့တော်၏ အကျယ်အဝန်းအဖြစ် ၁၅၉၂ ခုနှစ်မှ စိုက်ထူခဲ့သော တံတိုင်းများသည် ယခုအခါအတွင် "ဥယျာဉ်အဝိုင်း"ဟူ၍ သမုတ်ကာ ခေါ်ဝေါ်သတ်မှတ် သုံးနှုန်းနေကြပြီ ဖြစ်သည်။

၁၇ ရာစုကာလက ရင်ပြင်နီမှ ကရင်မလင်သို့ ဝင်ပေါက် ၃ ခု ရှိခဲ့ပြီး ၎င်းတို့မှာ ကွန်စတန်တီနို-ယဲ့လင်နင်စကီး၊ စပါ့စကီး၊ နီကိုလိုင်းစကီးစသော ဝင်ပေါက်တို့ဖြစ်သည်။ ထို့အထဲမှ ဝင်ပေါက်နှစ်ခုသည် ရင်ပြင်နီ၏ မျက်နှာချင်းဆိုင်တွင်ရှိပြီး ကွန်စတန်တီနို-ယဲ့လင်နင်စကီး ဂိတ်မှာ စိန့်ဘာစီး ကာသီဒရယ်နောက်ရှိ တံတိုင်းတွင် တည်ရှိသည်။
၁၆၀၁ ခုနှစ်မှ ၁၆၀၃ ခုနှစ်အတွင်း ရုရှားပြည်အတွင်း ကပ်ဆိုက်လေရာ မော်စကိုမြို့တွင် လူဦးရေ ၁၀၀,၀၀၀ ကျော်မှ သေဆုံးခဲ့လေသည်။ ထို့ပြင် ၁၆၁၀ မှသည် ၁၆၁၂ အတွင်းတွင် ပိုလန်ဘုရင် Sigismund III က ရုရှားထီးနန်းအား သိမ်းပိုက်လိုသည့်ဆန္ဒကြောင့် ပိုလန်-လစ်သူရေးနီးယန်း ဓနသဟာယနိုင်ငံမှ တပ်များ မော်စကိုသို့ ချီတက်သိမ်းပိုက်ခဲ့ကြသည်။ ထိုအခါ ညီးရှ်နီး နော့ဗ်ဂေါရတ်မြို့မှ မင်းသား ဒမီထရီ ပါရှားစကီး(Dmitry Pozharsky)နှင့် ကုန်သည် ကုဇ်မာ မင်နင်(Kuzma Minin)တို့သည် အခြားသော ရုရှားမြို့ပြတို့ကို ဆက်သွယ်ပြီး ပိုလန်ကျူးကျော်သူတို့အား တော်လှန်တိုက်ထုတ်ခဲ့ကြသည်။ ထို့နောက် ၁၆၁၃ ခုနစ်တွင် ဇမ်းစကီး ဆာဘော(Zemsky sobor)မှ မီခါအီးရ် ရိုမန်နော့(Michael Romanov)ကို ဇာဘုရင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီးနောက် ရိုမန်နော့မင်းဆက်ခေတ်(Romanov dynasty)သို့ ရောက်ရှိ၍ သွားခဲ့သည်။ ၁၇ ရာစုသည် ပိုလန်ကျူးကျော်သူတို့အား တိုက်ခိုက်ခြင်း(၁၆၁၂)၊ ဆားအဓိကရုဏ်း(Salt Riot)(၁၆၄၈)၊ ကြေးအဓိကရုဏ်း(Copper Riot)(၁၆၆၂)နှင့် မော်စကိုပုန်ကန်မှု(Moscow Uprising of 1682)(၁၆၈၂)စသော ကြီးကျယ်သော အရေးအခင်းများ ပေါများရာကာလ ဖြစ်ခဲ့သည်။
၁၇ ရာစု၏ ပထမရာစုဝက်တွင်ပင် မော်စကို၏ လူဦးရေးသည် ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ နှစ်ဆမျှမြှင့်တက်၍လာခဲ့သည်။ ၁၇ ရာစုနှောင်းပိုင်းတွင် မြို့နေထိုင်သူများတို့သည် မြို့ရိုးအပြင်ဘက်သို့ပင် ကျော်လွန်လာခဲ့လေသည်။ ၁၆၈၂ ခုနှစ်၌ ရုရှား-ပိုလန်စစ်ပွဲ (၁၆၅၄-၁၆၆၇)(Russo-Polish War (1654–1667)))ကြောင့် ယူကရိန်းနှင့် ဘီလာရုစ်လူမျိုးတို့ ၎င်းတို့၏ ဇာတိမြေမှ စွန့်ခွာခဲ့ရကာ မြို့ရိုး၏ မြောက်ဘက်တွင် အခြေချနေထိုင်ခဲ့ရာ အိမ်ခြေ ၆၉၂ ခုမျှ ရှိနေပြီဖြစ်သည်။ ၁၇ ရာစုနှောင်းပိုင်း၌ မြို့ရိုးကို ကျော်လွန်ရိုး တိုးပွားလာခဲ့သော မြို့ဧရိယာတစ်ခုလုံးသည် ယနေ့ခေတ် မော်စကိုမြို့၏ ဗဟိုအုပ်ချုပ်မှု အော့ကရု(Central Administrative Okrug)အတွင်းတွင် တည်ရှိ၍ နေပါသည်။
များလှစွာသော ကပ်ဘေးအန္တရာယ်တို့သည်လည်း မြို့တော်အား ကျရောက်နှိပ်စက်ခဲ့လေသည်။ ၁၅၇၀–၁၅၇၁၊ ၁၅၉၂ နှင့် ၁၆၅၄–၁၆၅၅ ခုနှစ်တို့တွင် မော်စကိုမြို့၌ ပလိပ်ရောဂါကူးစက်ပျံ့နှံ့ခဲ့ရာ ၁၆၅၄–၁၆၅၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပလိပ်ရောဂါတွင် မြို့နေလူဦးရေ၏ ၈၀ ရာနှုန်းကျော် သေဆုံးခဲ့ရာသည်။[၂၁] ထို့ပြင် သစ်တို့ဖြစ်တည်ဆောက်ထားသော မြို့အား ၁၆၂၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၆၄၈ ခုနှစ်တွင် တစ်ကြိမ် မီးလောင်ခဲ့ရာ ဆုံးရှုံးမှုများစွာနှင့် လောင်ကျွမ်းခြင်း ခံခဲ့ရသည်။[၂၂] ၁၇၁၂ ခုနှစ်တွင် မဟာပီတာဘုရင်မြတ်ကြီးသည် မြို့တော်အား မော်စကိုမှ ဘောလ်တစ် ပင်လယ်ကမ်းရိုးတန်းရှိ စိန့်ပီတာစဘတ်မြို့သို့ ပြောင်းရွှေ့စံတော်မူခဲ့ရာ ၁၇၂၈ မှ ၁၇၃၂ ခုနှစ်အတွင်း အထူးအကြံပေးအဖွဲ့(Supreme Privy Council)၏ လွှမ်းမိုးမှုခံရသော နှစ်များမှလွဲလျှင် မော်စကိုသည် ၎င်း၏မြို့တော်ဟူသော ဂုဏ်ပုဒ်အား စွန့်လွတ်ခဲ့ရလေသည်။
အင်ပါယာခေတ် (၁၇၂၁–၁၉၁၇)

အင်ပါယာ၏ မြို့တော်ဟူသော ဂုဏ်ပုဒ်ကို ဆုံးရှုံးခဲ့ရပြီးနောက် မော်စကိုမြို့၏ လူဦးရေသည် အစပထမ၌ ကျဆင်းသွားခဲ့ရာ ၁၇ ရာစုတွင် ၂၀၀,၀၀၀ ကျော်ရှိသည်မှ ၁၇၅၀ ခုနှစ်တွင် ၁၃၀,၀၀၀ သာ ရှိတော့သည်။ သို့ပေမယ့်လည်း ၁၇၅၀ ခုနှစ်နောက်ပိုင်းမှ ၁၉၁၅ ခုနှစ် ရောက်သည်အထိ ကျန်ရှိနေသော အင်ပါယာ၏ သက်တမ်းအတွင်းတွင် မြို့နေလူဦးရေမှာ ၁၀ ဆမျှ များပြားလာခဲ့သည်။

၁၇၀၀ ခုနှစ်တွင်စ၍ ကျောက်တုံးများဖြင့် လမ်းများခင်းခြင်းအား စတင်ဆောင်ရွက်ခဲ့သည်။ ၁၇၃၀ ခုနှစ် နိုဝင်ဘာလတွင် လမ်းမီးများအား အမြဲတမ်းအနေဖြင့် တပ်ဆင်ပေးခဲ့ပြီး ၁၈၆၇ ခုနှစ်အရောက်တွင်တော့ လမ်းအများစုကို ဂတ်စ်မီးများဖြင့် တပ်ဆင်ပေးနိုင်ခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် ပရီချီစတင်စကားယားဂိတ်အနီးတွင် လျှပ်ကူးမီးခွက်များ တပ်ဆင်ပေးနိုင်ခဲ့သည်။ ၁၇၄၁ ခုနှစ်သို့ရောက်သောအခါ မော်စကိုမြို့ပတ်လည်တွင် ၂၅ မိုင် (၄၀ ကီလိုမီတာ) ရှည်လျားပြီး အခွန်ကောတ်ခံရန် ဝင်ပေါက် ၁၆ ခုပါသော တံတိုင်းကို တည်ဆောက်ခဲ့ပြီး ထိုတံတိုင်းကို ကာမျဲ-ကာလျဲ့ရှ်စကီး ဘား({{:en:Kamer-Kollezhsky rampart|Камер-Коллежский вал}})ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ယနေ့ခေတ်အခါတွင် ထို့တံတိုင်းနေရာများကို ခြေရာကောတ်ကြည့်ပါက လမ်းများဖြစ်၍နေပြီး ဘား (“အတားအဆီး”)ဟုပင် ခေါ်ကြသည်။ ၁၇၈၁-၁၈၀၄ ခုနှစ်အကြားတွင် မော်စကိုမြို့၌ ပထမဆုံးသော ရေလိုက်လိုင်းအဖြစ် မီကျီရှန်စကီးပိုက်လိုင်းကို တည်ဆောက်ခဲ့ကြသည်။ ၁၈၁၃ ခုနှစ်တွင် ပြင်သစ်တို့သိမ်းပိုက်စဉ် မြို့အား များစွာဖျက်ဆီးစေခဲ့မှုကြောင့် မော်စကိုမြို့တော်တည်ဆောက်ရေးကော်မရှင်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ ထိုကော်မရှင်သည် ပြန်လည်တည်ဆောက်ရေးစီမံကိန်းကြီးများကို အကောင်အထည်ဖော်ခဲ့ကြပြီး ထိုစီမံကိန်းထဲတွင် မြို့လယ်အား တစိတ်တပိုင်းပြန်လည်အကွက်ချခြင်းတို့ ပါဝင်သည်။ အဆောက်အဦများစွာကို တည်ဆောက်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းများပြုလုပ်ခဲ့ပြီး ထိုအထဲတွင် ဂရင်းကရင်မလင်နန်းတော်(Grand Kremlin Palace)၊ ကရင်မလင်လက်နက်တိုက်(Kremlin Armoury)၊ မော်စကို တက္ကသိုလ်၊ မော်စကိုမြင်းစီးသင်တန်းကျောင်း(Moscow Manege)နှင့် ဘာရှိုးအီပြဇာတ်ရုံ(Bolshoi Theatre)တို့ပါဝင်သည်။ ၁၉၀၃ မာစကဗာရဲ့စ်စကားယား ရေပေးဝေရေးလုပ်ငန်းပြီးစီးခဲ့သည်။
၁၉ ရာစုအစောပိုင်းတွင် ကွန်စတန်တီနို-ယဲ့လင်နင်စကီးဂိတ်အား အုတ်ခဲတို့ဖြင့် ပိတ်ခဲ့ကြပြီး စပါ့စကီးဂိတ်သည် ကရင်မလင်ရှေ့မျက်နှာစာရှိ အဓိကဝင်ပေါက်ဖြစ်လာကာ တော်ဝင်မိသားစု၏ ဝင်ထွက်ရာတွင် အသုံးပြုခဲ့သည်။ ထို့ဂိတ်မှ ကျုံးသို့ ဖြတ်ကူးရန် သစ်သားတံတားနှင့် ၁၇ ရာစုမှ ပြုပြင်ခဲ့သော ကျောက်တံတားတို့ရှိကာ ထိုကျောက်တံတားပေါ်တွင် စာအုပ်ဆိုင်များ ရောင်းချခဲ့သည်။ အမြောက်သေနတ်များအတွက်လည်း ကျောက်တုံးပလက်ဖောင်းများရှိပြီး ဇာအမြောက်(ကြီမားသောအမြောက်ကြီးဟုဆိုလို)(Tsar Cannon)သည် လော့ဗ်နားရဲ မျဲစသာ(Лобное место) ပလက်ဖောင်းနေရာတွင် တည်ရှိသည်။

နပိုလီယန်မှ ရုရှားသို့ ၁၈၁၂ တွင် ကျူးကျော်ဝင်ရောက်ခဲ့ရာ(Napoleon's invasion of Russia) မော်စကိုမြို့သားတို့ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မော်စကိုမြို့မှာ မီးလောင်ခဲ့ရာ(Moscow fire) ထို့သည်မှာ အဓိကအားဖြင့် ရုရှားတို့ တမင်ရှို့ခဲ့ခြင်းလားဟု သံယဝင်ဖွယ်ရှိခဲ့သည်။ နပိုလီယန်၏တပ်များသည် ကြီးကျယ်လှသော ရုရှားဆောင်းတွင်း၏ အအေးဒဏ်နှင့် ပြောက်ကျားတိုက်၍နေသော ရုရှားတပ်များကြောင့် ရုရှားမှ ဆုတ်ခွာခဲ့ရာသည်။ ထိုကာလအတွင်း နပိုလီယံ၏ တပ်သားပေါင်း လေးသိန်းကျော်မျှ သေဆုံးခဲ့ရသည်။[၂၃]

မော်စကို တက္ကသိုလ်ကို ၁၇၅၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ တက္ကသိုလ်ပင်မဆောင်အား ၁၈၁၂ မီးလောင်မှုအပြီးတွင် ဒိုမီနီကို ဂီလီယာ့ဒီ(Domenico Giliardi)မှ ပြန်လည်တည်ဆောင်ခဲ့သည်။ ၁၇၅၆ ခုနှစ်တွင် မော်စကော့စကီးယဲ ဗျဲ့ဒါမာ့စကျီ(Moskovskiye Vedomosti) သတင်းစာကို စတင်ထုတ်ဝေခဲ့သည်။ ထုတ်ဝေစဉ်က အပတ်စဉ်ထုတ် သတင်းစာဖြစ်သော်လည်း ၁၈၅၉ ခုနှစ်မှစ၍ နေ့စဉ်ထုတ်ဝေခဲ့သည်။
အာဘတ်လမ်း(Arbat Street)သည် ၁၅ ရာစုနှောင်းပိုင်းကတည်းက တည်ရှိနေသောလမ်းဖြစ်သော်လည်း ၁၈ ရာစုသို့ရောက်မှသာ ဂုဏ်သတင်းကြီးမားသော လမ်းမအဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၁၈၁၂ မီးလောင်းစဉ်က လမ်းမမှာပျက်စီးခဲ့သော်လည်း ၁၉ ရာစုအစောပိုင်းတွင် အလုံးစုံ ပြန်လည်တည်ဆောက်ခဲ့သည်။
၁၈၃၀ ခုနှစ်များတွင် ဗိုလ်ချုပ် အလက်ဇန်းဒါး ဘာရှီလော့ဗ်(Alexander Bashilov)သည် မြောက်ဘက် ပီသရိုစကီးနန်းတော်မှနေ၍ ပီတာစဘတ်အမြန်လမ်း(present-day Leningradsky Prospekt)တလျှောက်တွင် မြို့တော်၏ ပထမဆုံးသော စနစ်ကျသည့်ဂရစ်လိုင်းများပုံစံဖြင့် ဖောက်လုပ်ထားသည့် လမ်းများကို စတင်ဖောက်လုပ်ခဲ့သည်။ အမြန်လမ်းတောင်ဘက်ရှိ ခါဒင်းစကားယဲကွင်းပြင်(Khodynka field)ကို တပ်များလေ့ကျင့်ရန်အတွက်အသုံးပြုခဲ့သည်။ စမားလန့်စကီး ဘူတာရုံ(ယနေ့ခေတ်တွင် ဗျယ်လာရုစကီး ဘူတာရုံ(Belorussky Rail Terminal))ကို ၁၈၇၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၈ ရာစုက ဇာဘုရင်တို့၏ သိမ်းငှက်များအားလေ့ကျင့်ရာ မော်စကိုမြို့ပြင်ရှိ ဆာကောလ်နီကီပန်းခြံ(Sokolniki Park)သည် ၁၉ ရာစုနှောင်းပိုင်း၏ မြို့၏တဖြည်းဖြည်းကျယ်ပြန့်လာခဲ့မှုကြောင့် ၁၈၇၈ ခုနှစ် အများပြည်သူ့မြူနီစပယ်ပန်းခြံအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ မြို့ဆင်ခြေဖုံး၌ ဆာဗျို့လော့ဗ်စကီး ဘူတာရုံ(Savyolovsky Rail Terminal)ကို ၁၉၀၂ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၁၉၀၅ ခုနှစ် ဇန်နဝါရီလတွင် မြို့တော်အုပ်ချုပ်သူ (သို့မဟုတ်) မြို့တော်ဝန်ရာထူးကို တရားဝင်အသုံးပြုခဲ့ပြီး အလက်ဇန်းဒါး အာဒရီနော့ဗ်(Александр Адрианов)သည် မော်စကိုမြို့၏ ပထမဆုံးသော မြို့တော်ဝန်ဖြစ်လာခဲ့သည်။
၁၇၆၂ ခုနှစ် ဒုတိယမြောက် ကတ်သရင်းဘုရင်မကြီး(Catherine II) နန်းတက်လာသောအခါတွင် လေ့လာသူများအဆိုအရ မြို့တော် ညစ်ညမ်းမှုများနှင့် ရေနှုတ်မြောင်းတို့မှ အနံ့အသက်ဆိုးများသည် လယ်တောများမှ တက်လာသော အောက်ခြေ ရုရှားတို့၏ ပရမ်းပတာနေထိုင်မှု၏ လက္ခဏာရပ်များဟု ဆိုလာကြသည်။ ထိုကြောင့် ထိုအချက် ကတ်သရင်းဘုရင်မကြီး၏ လူမှုဘဝ မြှင့်တင်ထိန်းချုပ်ရေး အစီအစဉ်တစ်ရပ်အဖြစ် ပါဝင်လာခဲ့ပြီး ဒါကို အထက်တန်းလွှာတို့က ကျန်းမာသန့်ရှင်းမှုစနစ်မြှင့်တင်ခြင်းလို့ ခေါ်ကြသည်။ ၁၈၁၂ မှ ၁၈၅၅ ခုနှစ်ထိ အမျိုးသားနိုင်ငံရေးနှင့် တပ်မတော်တို့သည် အောင်မြင်မှုများ ရရှိနေပြီး ပိုမိုအသိဉာဏ်ကြွယ်ဝ၍ တည်ငြိမ်အေးချမ်းသည့် လူအဖွဲ့အစည်းဖြစ်စေရန် ကြိုးပမ်းအားထုတ်အားထုတ်မှုများလည်း အခိုင်အမာရှိနေသောကြောင့် ဝေဖန်ပြစ်တင်သူများကို အသံတိတ်စေခဲ့သည်။ ထို့ပြင် အနံ့အသက်များနှင့် အများပြည်သူ့ကျန်းမာရေး နိမ့်ကျမှုအခြေအနေနှင့် ပတ်သက်၍လည်း ပြောဆိုမှုများကို အသံတိတ်စေခဲ့သည်။ သို့သော်လည်း ၁၈၅၅–၅၆ ခရိုင်းမီးယားစစ်ပွဲတွင် ရုရှားတို့ ရှုံးနိမ့်ခဲ့ရမှုသည် နိုင်ငံတော်၏ အောက်ခြေဆင်းရဲသားရပ်ကွက်တို့အား ထိန်းသိမ်းနိုင်မှုသည် တဖြည်းဖြည်းပြိုပျက်ခဲ့ရာ အများပြည်သူ့ကျန်းမားရေးအခြေအနေ မြှင့်တင်ရန်မှာ ဆောက်ရွက်ရမည်တာဝန်ဝတ္တရားများထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။[၂၄]
ဆိုဗီယက်ခေတ် (၁၉၁၇–၁၉၉၁)



၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေး(Russian Revolution)ကို အောင်မြင်ခဲ့ပြီးနောက် ဗလာဒီမီယာ လီနင်သည် တိုင်းတပါးသားတို့၏ ကျူးကျော်မှုကို ကြောက်ရွံ့သဖြင့် မြို့တော်ကို စိန့်ပီတာစဘတ်မှ မော်စကိုသို့ ၁၉၁၈ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ရွေ့ပြောင်းခဲ့သည်။ ကရင်မလင်သည် နိုင်ငံသစ်၏ ဘုန်းတန်ခိုးအာဏာတို့ တည်ရှိရာ နိုင်ငံရေးဗဟိုဌာနတည်ရှိရာသို့ နောက်တစ်ကြိမ် ပြန်လည်ဖြစ်ခဲ့ရပြန်သည်။
မဟာမျိုးချစ်စစ်ပွဲကြီး ကာလအတွင်း ဆိုဗီယက်အစိုးရကော်မတီနှင့် တပ်နီတော်မှ စစ်ဦးစီးချုပ်ရုံးတို့သည် မော်စကိုမြို့တွင် အခြေစိုက်ခဲ့ကြသည်။ ၁၉၄၁ ခုနှစ်တွင် တိုင်းပြည်ကိုကာကွယ်လိုသူ မော်စကိုမြို့သူမြို့သားအပေါင်းနှင့် တပ်မ ၁၆ ခု (လူဦးရေ ၁၆၀,၀၀၀ ကျော်)၊ တပ်ရင်း ၂၅ ရင်း (၁၈,၀၀၀ ဦး)၊ အင်ဂျင်နီယာတပ်ရင်းကြီး ၄ ခု တည်ထောင်ခဲ့သည်။ ၁၉၄၁ နိုဝင်ဘာလတွင် ဂျာမန်ဗဟိုတပ်ပေါင်းစု(Army Group Centre) မော်စကိုမြို့ ဆင်ခြေဖုံးတွင် တပ်စွဲခဲ့ပြီး မော်စကိုတိုက်ပွဲ(Battle of Moscow)ကို စတင်ခဲ့လေသည်။ များလှစွာသော စက်ရုံများ၊ အစိုးရအဖွဲ့ရုံးများသည် ဘေးကင်းရာသို့ ရွေ့ပြောင်းခဲ့ရပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် မြို့တော်မှာ တိုက်ခိုက်ခံနေရပြီဖြစ်ကြောင်း ကြေညာခဲ့လေသည်။ မြို့တော်သည် လေကြောင်းမှ ဗုံးကြဲမှုများစွာ ခံနေရပြီး ကျန်ရှိနေသော မြို့သူမြို့သားတို့သည် တင့်ဖျက်လက်နက်များတည်ဆောက်ကာကွယ်ခဲ့ကြသည်။ ၁၉၄၄ ခုနှစ် မေလ ၁ ရက်နေ့တွင် "မော်စကိုမြို့ ကာကွယ်ရေးတံဆိပ်"နှင့် ၁၉၄၇ ခုနှစ်တွင် "မော်စကိုမြို့ နှစ် ၈၀၀ ပြည့် အထိမ်းအမှတ်တံဆိပ်"တို့ကို စတင်ချီးမြှင့်ခဲ့သည်။
မော်စကိုတိုက်ပွဲအတွင်း ဂျာမန်နှင့် ဆိုဗီယက်တို့၏ ဒဏ်ရာရသေဆုံးမှုများသည် များလှစွာသော သတင်းရင်းမြစ်တို့မှ အနည်းငယ်ကွဲပြားစွာ ခန့်မှန်းမှုကြောင့် အငြင်းပွားဖွယ် အကြောင်းအရာတစ်ခုဖြစ်နေခဲ့သည်။ ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ ၁၉၄၂ ဇန်နဝါရီ ၇ ရက်နေ့အတွင်း စုစုပေါင်း ဒဏ်ရာရသေဆုံးမှုများသည် ဂျာမန်ကာကွယ်ရေးတပ်မတော်(Wehrmacht)အတွက် ၂၄၈,၀၀၀ မှ ၄၀၀,၀၀၀ ထိ တပ်နီတော်အတွက် ၆၅၀,၀၀၀ မှ ၁,၂၈၀,၀၀ ထိ ရှိမည်ဟု ခန့်မှန်းကြသည်။[၂၅][၂၆][၂၇]
စစ်ပြီးခေတ်နောက်ပိုင်း အိမ်ရာပြဿနာများကို အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ခြင်းဖြင့် ဖြေရှင်းခဲ့ရသည်။ ၁၁,၀၀၀ ကျော် အဆောက်အဦများသည် မော်စကိုမြို့နေလူများ၏ အဓိကနေထိုင်ရာဖြစ်လာခဲ့ပြီး အလွန်မြင့်သော အဆောက်အဦများသည် မြို့တော်အတွင် အတော်လေးများပြားလာခဲ့သည်။[၂၈] အထပ်မြင့်များသို့ မြှင့်တက်ရာနှင့် အဆင့်ဆင့်မဆင့်မှီတွင် အခန်းများကို တည်ဆောက်ခြင်းနှင့် စက်ရုံများတွင် တစ်စိတ်တစ်ပိုင်း ပရိဘောဂများထည့်သွင်း၍ အခန်းဖွဲ့ခြင်းများ ပြုလုပ်ခဲ့သည်။ ဆိုဗီယက်ခေတ်တွင် ကျော်ကြားခဲ့သော Irony of Fate ကော်မစ်ရုပ်ရှင်တွင် ထိုအဆောက်အဦးတည်ဆောက်မှုနည်းကို သရော်ခဲ့သည်။
မြို့တော်ဗဟိုမှာ အနောက်မြောက် ၃၇ ကီလိုမီတာ (၂၃ မိုင်) အကွာ လီနင်ဂရတ်စကားယဲ ရှော်ဆယ်(Leningradskoye Shosse)တစ်လျှောက်တွင် ဇီလီနိုဂရတ်မြို့အား ၁၉၅၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မော်စကိုမြို့ အုပ်ချုပ်ရေးနယ်မြေများထဲမှ တစ်ခုအဖြစ် ထည့်သွင်းခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မော်စကို တက္ကသိုလ်ကျောင်းဝင်းအား စာကလေးတောင်ပေါ်သို့ ရွေ့ပြောင်းခဲ့သည်။
၁၉၅၉ ခုနှစ်တွင် နစ်ကီတာ ခရုရှက်သည် ဘာသာရေးကိုဆန့်ကျင်သောကမ်ပိန်းအား စတင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ကျေးလက်ဒေသများရှိ ဘုရားရှိခိုးကျောင်း နှစ်သောင်းကျော်မှ တစ်သောင်းကျော်ကို ပိတ်ပစ်ခဲ့ပြီး များစွာကို ဖျက်ဆီးခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၅၈ ခုရှိနေ့ရာမှ ၁၉၆၄ ခုနှစ်တွင် ၁၆ ခုသာကျန်တော့သည်။ မော်စကိုမြို့တွင် ၁၉၅၉ ခုနှစ်တွင် ဘုရားရှိခိုးကျောင်း ၅၀ ဝတ်ပြုနိုင်ရာမှ သုံးဆယ်မှာ ပိတ်ပစ်ခဲ့ရပြီး ၆ ခုမှာ ဖျက်ဆီးခံခဲ့ရသည်။
၁၉၆၅ ခုနှစ် မေလ ၈ ရက်နေ့တွင် ၂၀ ကြိမ်မြောက် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့(Victory Day (9 May))အထိမ်းအမှတ်ဖြင့် မော်စကိုမြို့အား သူရဲကောင်းမြို့ဟုသော ဂုဏ်ပုဒ်ကို ချီးမြှင့်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ၁၉၈၀ နွေရာသီ အိုလံပစ်အားကစားပွဲတော်(Summer Olympic Games)ကို အိမ်ရှင်အဖြစ် လက်ခဲ့ကျင်းပခဲ့သည်။
MKAD (မြို့ပတ်လမ်း)ကို ၁၉၆၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ လေးလမ်းသွားလမ်းမဖြစ်ပြီး မြို့အနားသတ်မျဉ်းတစ်လျှောက် ၁၀၉ ကီလိုမီတာ (၆၈ မိုင်) ရှည်လျားသည်။ မြို့ပတ်လမ်းအလွန်ရှိ ဆင်ခြေဖုံးဒေသများ မြို့တော်အုပ်ချုပ်မှုအတွင်း ဝင်လာခဲ့သော်အခါ MKAD သည် ၁၉၈၀ ခုနှစ် မတိုင်မီအထိ မော်စကိုမြို့၏ အနားသတ်မျဉ်းဖြစ်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် နွေရာသီ အိုလံပစ်အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော်လည်း ၁၉၇၉ ခုနှစ်နှောင်းပိုင်းတွင် အာဖကန်အရေး၌ ပါဝင်ပတ်သက်ခဲ့မှုကြောင့်အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများက ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့ပေ။ ၁၉၉၁ ခုနှစ်တွင် မော်စကိုမြို့သည် မစ်ဟေး ဂေါ်ဗာချော့ဗ်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သော ကွန်ဆာဗေးတစ်ကွန်မြူနစ်တို့၏ အာဏာသိမ်းရန်ကြံစည်သည် ဖြစ်ရပ်နှင့် ကြုံတွေခဲ့ရသည်။
မျက်မှောက်ခေတ် (၁၉၉၁–ယနေ့ခေတ်)


ထိုနှစ်တွင်ပင် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲခဲ့သည်။ မော်စကိုသည် Russian SFSR (၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် Russian SFSR ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အမည်ပြောင်းလဲခဲ့သည်။)၏ မြို့တော်ပင် ဆက်၍ ဖြတ်ခဲ့သည်။ အဲဒီနောက်တွင်တော့ မော်စကိုမြို့၌ ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းလာပြီး အနောက်တိုင်းစတိုင် လက်လီရောင်းချခြင်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဗိသုကာလက်ရာများ၊ လူနေမှုဘဝပုံစံတို့သည် မော်စကိုမြို့၌ အပြိုင်းအရိုင်းပေါ်ထွက်လာခဲ့သည်။
၁၉၉၀ ခုနှစ်များမှ ၂၀၀၀ ခုနှစ်များအတွင်း မြို့တော်၏ လူဦးရေသည် ၉ မီလီယံမှ ၁၀ မီလီယံသို့ ဆက်လက်တိုးတက်ခဲ့သည်။ ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း MKAD မြို့ပတ်လမ်းကို လေးလမ်းသွားမှ ၁၀ လမ်းသွားလမ်းအဖြစ် ချဲ့ခဲ့သည်။ ၂၀၀၂ ခုနှစ် ဒီဇင်ဘာတွင် ဒီမီထရီ ဒန်စကားဗား ရိပ်သာလမ်း ဘူတာရုံကို ဖွင့်လှစ်ခဲ့ရာ ထိုမီသရိုဘူတာရုံသည် MKAD မြို့ပတ်လမ်းအပြင်တွင် ဖွင့်လှစ်ခဲ့သော မော်စကိုမီသရိုဘူတာရုံဖြစ်ခဲ့သည်။ တတိယမြောက်မြို့ပတ်လမ်းကို ၁၉ ရာစု ဥယျာဉ်အဝိုင်းနှင့် ဆိုဗီယက်ခေတ် အပြင်ဘက်မြို့ပတ်လမ်းအကြား ဖောက်လုပ်ခဲ့ရာ ၂၀၀၄ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ နွေရာသီလယ်တောအိမ်များသည်လည်း တနှစ်ပတ်လုံးနေထိုင်သည့်အိမ်များအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ ထိုသို့ပြောင်းလဲခြင်းနှင့်အတူ မော်တော်ကားများသည်လည်း တဟုန်ထိုးများပြားလာခဲ့ပြီး ယာဉ်ကြောပိတ်ဆိုမှုများစွာဖြစ်ပွားလျက်ရှိသည်။[၂၉] ကယ်တင်ခြင်းခရစ်တော် ကာသီဒရယ်ကဲသို့ စတာလင်ခေတ်တွင် ဖျက်ဆီးခံခဲ့ရသော ဘုရားရှိခိုးကျောင်းအများအပြားနှင့် ဗိသုကာအမွေအနှစ်အဆောက်အဦများကို ပြန်လည်တည်ဆောက်ခဲ့ကြသည်။ ၂၀၁၀ ခုနှစ်များတွင် မော်စကိုမြို့ အုပ်ချုပ်သူများမှ မိုင်ယား အူလီဆာ (မြန်မာ: ငါ့ရဲ့လမ်း) မြို့ပြ ပြန်လည်ဖွံ့ဖြို့ရေးအစီအစဉ်[၃၀] သို့မဟုတ် Residency renovation one[၃၁] ကဲ့သို့ နှစ်ကာလကြာရှည်သည့် စီမံကိန်းများကို ဆောင်ရွက်ခဲ့ကြသည်။
Remove ads
ပထဝီဝင်
တည်နေရာ

မော်စကိုမြို့သည် အရှေ့ဥရောပကျောက်လွှာတလျှောက် ၅၀၀ ကီလိုမီတာ (၃၁၁ မိုင်) ကျော် ရှည်လျားစွာ စီးဆင်းနေသော မော်စကိုမြစ်၏ ကမ်းနံဖူးတွင် တည်ရှိသည်။ မြို့တော်နယ်နိမိတ်အတွင်း မြစ်ကြောင်းတစ်လျှောက်တွင် တံတားပေါင်း ၄၉ စင်းနှင့် တူးမြောင်းများ ရှိလေသည်။ မော်စကို မိုးလေဝသစခန်း တည်ရှိရာ All-Russia Exhibition Center (VVC) မှတိုင်းတာချက်အရ မော်စကိုမြို့သည် ပင်လယ်ရေမျက်နှာပြင်ထက် ၁၅၆ မီတာ (၅၁၂ ပေ) မြင့်သည်။ ကျယ်ပလာစတန်စကားယား ကုန်းမြင့်(Teplostanskaya highland)သည် မြို့တော်၏ အမြင့်ဆုံးနေရာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၅ မီတာ (၈၃၇ ပေ) မြင့်သည်။[၃၂] မော်စကိုမြို့၏ အကျယ်မှာ အနောက်မှ အရှေ့သို့ ၃၉.၇ ကီလိုမီတာ (၂၄.၇ မိုင်)၊ မြောက်မှ တောင်သို့ ၅၁.၈ ကီလိုမီတာ (၃၂.၂ မိုင်) ကျယ်ဝန်းသည်။
စံတော်ချိန်
မော်စကိုစံတော်ချိန်ကို စိန့်ပီတာစဘတ်၊ ဘီလာရုစ်နှင့် ခရိုင်းမီးယားပြည်နယ်တို့အပါအဝင် ဥရောပရုရှားဒေသအများစု၏ အချိန်ဇုန် ရည်ညွှန်းမှတ်အဖြစ် သတ်မှတ်ကြသည်။ ထိုဒေသတွင်အသုံးပြုသော အချိန်မှာ UTC ထက် သုံးနားရီ စောသော (သို့တည်းမဟုတ်) UTC+3 ဖြစ်ပြီး နိုင်ငံတကာစံနှုန်းတွင် မော်စကိုစံတော်ချိန်ဟု ရည်ညွှန်းဖော်ပြလေ့ရှိသည်။ နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို အသုံးပြုခြင်းမရှိပေ။ လောင်ဂျီကျူမျဉ်းများအရ မော်စကိုမြို့တွင် ပျမ်းမျှနေမွန်းတည့်ချိန်(average solar noon)ကို ၁၂:၃၀ တွင် တွေ့ရသည်။[၃၃]
ရာသီဥတု
ရာသီဥတုပြောင်းလဲမှု
အောက်တွင်ဖော်ပြထားသော ဇယားမှ ၁၉၆၁–၁၉၉၀ ရာသီဥတုအခြေအနေဖြစ်သည်။ နှစ်စဉ် အပူချိန်သည် ၅.၀ ဒီဂရီ စင်တီဂရိတ် (၄၁.၀ ဒီဂရီ ဖာရင်ဟိုက်)[၃၈] မှ ၁၉၈၁–၂၀၁၀ တွင် ၅.၈ ဒီဂရီ စင်တီဂရိတ် (၄၂.၄ ဒီဂရီ ဖာရင်ဟိုက်) သို့တက်၍သွားသည်။ ၂၀၁၅ ခုနှစ်တွင် ပျမ်းမျှနှစ်စဉ်အပူချိန်သည် ၇.၅ ဒီဂရီ စင်တီဂရိတ် (၄၅.၅ ဒီဂရီ ဖာရင်ဟိုက်) သို့ စံချိန်တင်မြင့်တက်ခဲ့သည်။
Remove ads
လူမှုအခြေအနေ
လူဦးရေ
မော်စကိုမြို့ရှိ လူဦးရေသည် ၂၀၀၂ ခုနှစ် သန်းခေါင်စာရင်းတွင် ၁၀,၃၈၂,၇၅၄ ရှိရာမှ ၂၀၁၀ ခုနှစ် သန်းခေါင်စာရင်းအရတွင် ၁၁,၅၀၃,၅၀၁ အထိ မြှင့်တက်၍ လာခဲ့ပေသည်။
၂၀၁၀ သန်းခေါင်စာရင်းတွင် မြို့တော်တွင် နေထိုင်ကြသော လူများတွင် လူမျိုးစုသိရှိသူ လူဦးရေမှာ ၁၀,၈၃၅,၀၉၂ ဦးဖြစ်ပြီး လူမျိုးစုအလိုက် လူဦးရေများမှာ:[၄၃]
- ရုရှား: ၉,၉၃၀,၄၁၀ (၉၁.၆၅%)
- ယူကရိန်း: ၁၅၄,၁၀၄ (၁.၄၂%)
- တာတာ: ၁၄၉,၀၄၃ (၁.၃၈%)
- အာမေးနီးယန်း: ၁၀၆,၄၆၆ (၀.၉၈%)
- အဇာဘိုင်ဂျန်: ၅၇,၁၂၃ (၀.၅%)
- Jewish: ၅၃,၁၄၅ (၀.၅%)
- ဘီလာရုစ်: ၃၉,၂၂၅ (၀.၄%)
- ဂျော်ဂျီယာ: ၃၈,၉၃၄ (၀.၄%)
- ဥဇဘတ်: ၃၅,၅၉၅ (၀.၃%)
- တာဂျစ်: ၂၇,၂၈၀ (၀.၂%)
- Moldovan: ၂၁,၆၉၉ (၀.၂%)
- Mordvin: ၁၇,၀၉၅ (၀.၂%)
- ချေချင်း: ၁၄,၅၂၄ (၀.၁%)
- Chuvash: ၁၄,၃၁၃ (၀.၁%)
- Ossetian: ၁၁,၃၁၁ (၀.၁%)
- အခြား: ၁၆၄,၈၂၅ (၁.၆%)
- ၆၆၈,၄၀၉ ယောက်သော လူများသည် အုပ်ချုပ်မှု စီမံခန့်ခွဲရေး ဒေတာဘေ့စ်တွင် မှတ်ပုံတင်ထားသော်ငြား လူမျိုးစုအမည်ကို သီခြားဖော်ပြခြင်းမရှိပေ။[၄၄]
ဘာသာအယူဝါဒများ

ခရစ်ယာန်ဘာသာသည် မော်စကိုမြို့တွင် လူအများ သက်ဝင်ယုံကြည်မှုအများဆုံးဖြစ်ပြီး ခရစ်ယာန်ဘာသာထဲမှ ရုရှားအော်သိုဒေါ့ ဘုရားကျောင်းတော်ကို ယုံကြည်ကိုးကွယ်မှုအများဆုံးဖြစ်သည်။ မော်စကိုမြို့သည် အရှေ့ပိုင်းအော်သိုဒေါ့ခရစ်ယာန်များ၏ ရုရှားနိုင်ငံမြို့တော်ဖြစ်သည်။ ထိုဘာသာသည် နိုင်ငံ၏ မိရိုးဖလာယုံကြည်သော ဘာသာဖြစ်ပြီး ရုရှားနိုင်ငံ၏ သမိုင်းအမွေအနှစ်ဘာသာအဖြစ် ၁၉၉၇ ခုနှစ် ဥပဒေဖြစ် ခွင့်ပြုခဲ့သည်။[၄၇] မော်စကိုမြို့တွင် အခြားသော ကိုးကွယ်ရာဘာသာတရားတို့မှာ Armenian Apostolicism, ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ရိုမန်ကတ်သလစ်ဘာသာ၊ အစ္စလာမ်ဘာသာ၊ Judaism၊ Yazidism၊ ရှေးရိုး ယုံကြည်မှုရှိသူများ၊ ပရိုတက်စတင့်ဘာသာ နှင့် Rodnovery တို့ဖြစ်ကြသည်။

မော်စကိုမြို့၏ ဘာသာရေးခေါင်းဆောင်သည် ဘုရားရှိခိုးကျောင်းအားလုံး၏ အကြီးအကဲဖြစ်ပြီး ဒန်နီလော့ဗ် ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သည်။ မော်စကိုမြို့ကို "၄၀ အမြှောက် ၄၀ ဘုရားရှိခိုးကျောင်းရှိရာမြို့ "—"город сорока сороков церквей"—ဟူ၍ ၁၉၁၇ ခုနှစ် အစောပိုင်းတုန်းက ပြောဆိုခဲ့ကြသည်။ ဘောရှီဗစ်အစိုးရ တက်လာချိန် ၁၉၁၈ ခုနှစ်တွင် ရုရှားနိုင်ငံသည် လောကီသက်သက်ကျင့်သုံးသော နိုင်ငံ (လောကီကိစ္စတို့တွင် ဘာသာရေး ဆက်နွယ်မှုမရှိစေသော မူဝါဒ) ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဆိုလိုသည်မှာ ဘာသာရေးကိုးကွယ်မှုကို နှိမ်ကွပ်ခဲ့ပြီး လူမှုအသိုင်းအဝန်းအား ဘာသာမဲ့များ ဖြစ်စေခဲ့သည်။ ၁၉၂၀ မှ ၁၉၃၀ ခုနှစ်များတွင် မော်စကိုမြို့ရှိ ဘုရားရှိခိုးကျောင်း တော်တော်များများမှာ ဖျက်ဆီးခံခဲ့ရသည်။ ထိုအထဲတွင် ၁၄ ရာစုတွင် တည်ဆောက်ခဲ့သော ကရင်မလင်အတွင်းရှိ ချူဒေါ့ ဘုန်းတော်ကြီးကျောင်း၊ ရင်ပြင်နီရှိ ကာဇန် ကာသီဒရယ်၊ ၁၈၁၂ ခုနှစ် နပိုလီယန်တပ်များအား နိုင်သည့်အထိန်းအမှတ်ဖြင့် ၁၉ ရာစုတွင် တည်ဆောက်ခဲ့သော ကယ်တင်ခြင်းခရစ်တော် ကာသီဒရယ်နှင့် အခြား ဘုရားရှိခိုးကျောင်း အများအပြား ပါဝင်ခဲ့သည်။ ထိုသို့ ဘာသာရေးအပေါ်တွင် ဖိနှိပ်မှုများသည် ဒုတိယကမ္ဘာစစ်ပြီးသည့်နောက် (၁၉၄၀- ၁၉၇၀ ခုနှစ်များအတွင်း)တွင်ပင် ရှိနေ့ခဲ့ပြီး နောက်ပိုင်းမှသာ ဖိနှိပ်မှုသက်သာလာခဲ့သည်။ မပျက်မယွင်းပဲ ကျန်ရှိနေသေးသော ဘုရားရှိခိုးကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများကို ပိတ်သိမ်းခဲ့ပြီး ကလပ်များ၊ ရုံးများ၊ အလုပ်ရုံများ၊ ဒါမှမဟုတ် သိုလှောင်ရုံများအဖြစ် ပြုလုပ်ခဲ့သည်။ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားသောအခါတွင် ဖျက်ဆီးခံခဲ့ရသော ဘုရားရှိခိုးကျောင်းများကို ပြန်လည်တည်ဆောက်ခဲ့ကြပြီး မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုများဖြင့် ဘာသာတရားကို တဖန်ပြန်လည် ယုံကြည်သက်ဝင်ခဲ့ကြသည်။ ၁၉၉၀ ခုနှစ်များတွင် ပြန်လည်တည်ဆောက်ခဲ့ကြသော ဘုရားရှိခိုးကျောင်းများတွင် ကယ်တင်ရှင်ခရစ်တော် ကာသီဒရယ်မှာ များစွာသပ္ပယ်ဖွယ်ဖြစ်ခဲ့ပြီး မြို့တော်၏ အမှတ်အသားဖြစ်လာခဲ့သည်။ ယခင်ဖျက်ဆီးခံခဲ့ရသော နေရာ၌ပင်ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုနေရာသည် ၁၉၉၄ ခုနှစ် ပြန်လည်တည်ဆောက်ခြင်းမပြုမီကာလအထိ ရေကူးကန်ကြီးအဖြစ် ပြုလုပ်ထားခြင်းခံခဲ့ရသည်။

မော်စကိုမာဖီကောင်စီ (Moscow mufti council)သည် ၂၀၁၀ ခုနစ် မြို့တော်လူဦးရေ ၁၀.၅ မီလီယံတွင် မူဆလင်ဦးရေ ၁.၅ မီလီယံခန့်ရှိမည်ဟု ဆိုသည်။[၄၈] မြို့တော်တွင် ဗလီ ၄ ခုသာ ရှိသည်။[၄၉] မော်စကို ကာသီဒရယ် ဗလီကို ယခင်ဗလီအဟောင်းရှိရာ ရင်ပြင်တွင် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဗလီကို တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုဗလီအသစ်တွင် ဝတ်ပြုသူ ၁ သောင်း ဝင်ဆံ့သည်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ တူရကီသမ္မတ အာဒိုဂန်၊ ပါလက်စတိုင်းသမ္မတ မူဟာမတ် အဘတ်နှင့် ဒေသခံ မူဆလင်ခေါင်းဆောင်များသည် ထိုဗလီအသစ် ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်ခဲ့ကြသည်။[၅၀]
ဗိသုကာလက်ရာများ
Remove ads
ယဉ်ကျေးမှု

မော်စကိုမြို့တွင် ထင်ရှားဆုံးသော ပြတိုက်များထဲမှတစ်ခုမှာ သရဲ့ကျီကော့ဗ် ဂယ်လာရီ(Tretyakov Gallery)ဖြစ်ပြီး ထိုပြတိုက်ကို ပါဗျယ် သရဲ့ကျီကော့ဗ်(Pavel Tretyakov)မှာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သူသည် အနုပညာကို များစွာထောက်ပံ့ခဲ့သည့် ချမ်းသာသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်စုဆောင်းထားသော ပန်းချီကားအများအပြားတို့ကို မြို့တော်အား လှူဒါန်းခဲ့ခြင်းဖြစ်သည်။[၅၁] သရဲ့ကျီကော့ဗ် ဂယ်လာရီတွင် အဆောက်အဦနှစ်ခုပါဝင်သည်။ မူလ သရဲ့ကျီကော့ဗ် ဂယ်လာရီအဆောက်အဦသည် မော်စကိုမြစ်၏ တောင်ဘက်ကမ်းတွင် တည်ရှိပြီး ရုရှားဂန္ထဝင်လက်ရာများ ပါဝင်သည်။[၅၂] ထိုလက်ရာများထဲတွင် အီလျာ ရီပင်(Ilya Repin)ကဲ့သို့ တော်လှန်ရေး အကြိုခေတ်က ကျော်ကြားခဲ့သော ပန်းချီဆရာများ၏ လက်ရာများနှင့် ဘာသာရေးပန်ချီများ(icon painters) ရေးဆွဲထားသော ရှေးရုရှားပန်းချီဆရာတို့၏ လက်ရာများကို တွေ့မြင်နိုင်သည်။ လာရောက်လေ့လာသူများသည် ရုားပါးလှသော ၁၅ ရာစုအစောပိုင်းမှ အိုင်ကွန်နစ်ပန်းချီဆရာ အန်ဒရဲရီ ရူဘလျှို့(Andrei Rublev)၏ မူရင်းလက်ရာများကိုလည်း တွေ့မြင်နိုင်သည်။[၅၂]
သရဲ့ကျီကော့ဗ် ဂယ်လာရီ အသစ်ကို ဆိုဗီယက်ခေတ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆိုဗီယက်အနုပညာရှင်တို့၏ လက်ရာများနှင့် ၎င်းတို့နှင့် ခေတ်ပြိုင်ပန်းချီဆရာတို့၏ လက်ရာအချို့တို့ ပါဝင်သည်။ ဤနေရာတွင် ပြတိုက်သစ်နှင့် အဟောင်းတို့မှာ ၂၀ ရာစု အစောပိုင်းလက်ရာအချို့သည် ရောယှက်၍ နေပါသည်။ ပြတိုက်သစ်တွင် ဗလာဒီမီယာ သာတလင်း(Vladimir Tatlin)၏ ကျော်ကြားလှသော Monument to the Third International တာဝါ၏ ပုံစံငယ်ကို တည်ဆောက်ထားသည်ကို တွေ့နိုင်သည်။ ထို့ပြင် ၎င်းနှင့်ခေတ်ပြိုင် ကာဇီမီယာ မာလျဲဗစ်ချ်(Kazimir Malevich)နှင့် ဗာစီးလီ ကန်ဂျင်စကီးWassily Kandinskyတို့၏ အသွင်သစ်အနုပညာလက်ရာတို့နှင့် ထိုခေတ်တွင် ထွန်းကားခဲ့သော ဆိုရှယ်လစ် ရီရယ်လစ်ဇင် လက်ရာများလည်း တွေ့နိုင်သည်။

မော်စကိုမြို့ရှိ နောက်ထပ်အနုပညာပြတိုက်မှာ ပူရှကင် အနုပညာပြတိုက်ဖြစ်ပြီး မာရီယာ စပျဲ့သာရဲ့ဗနာ(Marina Tsvetaeva)(ဆိုဗီယက်ခေတ် ကဗျာဆရာမ)၏ ဖခင်မှတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ပူရှကင်ပြတိုက်သည် လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်(British Museum)နှင့်တူပြီး ကမ္ဘာ့လူယဉ်ကျေးမှုသမိုင်းများကို ပြသထားပြီး ရှေးဟောင်းရုပ်တုများ၏ ပုံတူရုပ်ပွားများစွာလည်း ရှိသည်။ ပြတိုက်စုဆောင်းထားသော လက်ရာများတွင် ပါဘလို ပီကာဆို၊ ပေါလ် စေဇန်းနှင့် Claude Monet တို့၏ လက်ရာများလည်း ပါဝင်သည်။

ရုရှားသမိုင်းပြတိုက် ရုရှားသမိုင်းကြောင်းများကို ပြသထားသောပြတိုက်ဖြစ်ပြီး ရင်ပြင်နီနှင့် မန်ညဲရှနယားရင်ပြင်အကြားတွင် တည်ရှိသည်။ အကြိုသမိုင်းခေတ် အရိုးစုများမှသည် တန်ဖိုးမဖြတ်နိုင်သော ရိုမန်နော့မင်းဆက်မှ အုပ်စိုးသူမင်းနှင့်တို့၏ အဖိုးမဖြတ်နိုင်သော ပန်းချီကားချပ်တို့ကို ပြသထားသည်။ ပြတိုက်၏ စုဆောင်းထားသည့် ပစ္စည်းတို့မှာ မီလီယံများစွာ ရှိသည်။ ၁၈၇၂ ခုနှစ်တွင် တည်ထောင်ထားသော ပိုလီတက္ကနစ်ပြတိုက်မှာ ရုရှားနိုင်ငံတွင် အကြီးဆုံးသော နည်းပညာပြတိုက်ဖြစ်သည်။[၅၃] ပြသထားသည်တို့တွင် ၁၈ ရာစုမှ လူတူစက်ရုပ်နှင့် ပထဆုံး ဆိုဗီယက်ကွန်ပျူတာစသည့် သမိုင်းတွင် အောင်မြင်ခဲ့သော နည်းပညာနှင့် တီထွင်မှုများကို ပြသထားသည်။ စုဆောင်းထားသည့်တို့တွင် ပစ္စည်းအမျိုးအစားပေါင်း ၁၆၀,၀၀၀ ကျော် ရှိသည်။[၅၄]
ဘာရှိုးအီ ကဇာတ်ရုံ
မော်စကိုသည် ဘဲလေးအကနှင့် ရုပ်ရှင်စသည့် အနုပညာတို့၏ နှလုံးအိမ်ဖြစ်သည်။ မော်စကိုမြို့တွင် ထိုအနုပညာတို့နှင့် သက်ဆိုင်သော ပြတိုက် ၆၈ ခု[၅၅]၊ ကဇာတ်ရုံ ၁၀၃ ခု[၅၆] ၊ ရုပ်ရှင်ရုံ ၁၃၂ ခုနှင့် ဖျော်ဖြေရေးခန်းမ ၂၄ ခု ရှိသည်။ ထိုအထဲတွင် ဘာရှိုးအီ ကဇာတ်ရုံ၊ မာလီး ကဇာတ်ရုံ[၅၇]တို့ ယဲ့ဂဲညီး ကဇာတ်ရုံ၊ မော်စကို အနုပညာကဇာတ်ရုံတို့ ပါဝင်သည်။
Remove ads
အားကစား
စိတ်အပန်းဖြေ ဖျော်ဖြေရေးများ
နိုင်ငံရေး
စီးပွားရေး
ပညာရေး
သယ်ယူပို့ဆောင်ရေး
အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု
သတင်းမီဒီယာ
မော်စကိုသည် ရုရှားတစ်နိုင်ငံလုံးနီးပါး၏ တယ်လီဗွီးရှင်းကွန်ယက်များ၊ ရေဒီယိုအသံလွှင့်ရုံများ၊ သတင်းစာများနှင့် မဂ္ဂဇင်းများ၏ ဘူမိနက်သန်သဖွယ်ပင်။
သတင်းစာများ
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော The Moscow Times နှင့် Moscow News သတင်းစာတို့သည် ရုရှားနိုင်ငံတွင် အကြီးဆုံး[၅၈]နှင့် သက်တမ်းအကြာဆုံး အပတ်စဉ်ထုတ် သတင်းစာများ ဖြစ်ကြသည်။ ရုရှားဘာသာဖြင့် ထုတ်ဝေသော သတင်းစာများဖြစ်သည့် Kommersant၊ ဗျဲ့ဒါမာ့စကျီနှင့် နိုဗားယား ဂါဇယ့်သာသတင်းစာတို့၏ ရုံးချုပ်များသည် မော်စကိုမြို့တွင်ပင် ရှိကြသည်။ Kommersant နှင့် ဗျဲ့ဒါမာ့စကျီသတင်းစာတို့သည် အစဉ်အလာကြီးသည့် သက်တမ်းအကြာဆုံး စီးပွားရေးသတင်းစာများ ဖြစ်ကြသည်။
ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ
နိုင်ငံတကာဆက်ဆံရေး
မြို့ပြအဆင့်
မော်စကိုမြို့သည် ဥရောပတိုက်ဖက်ရှိ ရုရှနိုင်ငံ၏ အလယ်ပိုင်းမြောက်ဘက်ယွန်းယွန်း မော်စကို (မော့စဗာ) မြစ်၏ တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။ မော်စကိုမြစ်သည် အိုကာမြစ်၏ လက်တက်ဖြစ်၏။ မောစကိုမြို့သည် လီနင်ဂရက်မြို့နှင့် မိုင် ၄ဝဝ ခန့်ကွာဝေးသည်။ မြို့ကို တည်ဦးစက တောင် ၇ လုံးပေါ်တွင်ဖြစ်၏။ မောစကိုမြစ်သည် မြို့၏အလယ်ပိုင်းလောက်တွင် မြင်းခွာသဏ္ဌာန် ကွေ့ကောက်စီးဆင်းသွားပေသည်။ မြို့၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၁ဝဝ ကျော်ဖြစ်သည်။ မောစကိုမြို့သည် ဥရောပတိုက်မှသည်အရှေ့တိုင်းနိုင်ငံများသို့လည်းကောင်း၊ ဗေလတစ် ပင်လယ်မှသည် ကက်စပျန် ပင်လယ်သို့လည်းကောင်း ကုန်သွယ်ဖောက်ကားသည့်လမ်းကြောင်းများ၏ လမ်းမကြီးပေါ်တွင်တည်ရှိလေသည်။ သို့ဖြစ်ရကား မော်စကိုမြို့သည် အချက်အချာဒေသဖြစ်လျက် ယခုအခါ မီးရထားလမ်း ၁၁ လမ်းတို့၏ ဆုံရာနေရာဖြစ်၏။ ထို့ပြင် မောစ်ကိုတူးမြောင်း (ရှေးအခေါ် မောစ်ကို ဗော်လဂါတူးမြောင်း) တူးဖော် လိုက်ခြင်းအားဖြင့် မော်စကိုမြို့သည် ပင်လယ်နှင့် အဆက်အသွယ်ရကာ အတွင်းပိုင်း ဆိပ်ကမ်းမြို့ဖြစ်လာပေသည်။
ဤသို့ဖြင့် ကုန်စည်ဖြန့်ဖြူးရေး၊ ကူးသန်းရောင်းဝယ်ရေးတွင် ကောင်းမွန်ပြေပြစ်လာသည်။ မော်စကိုမြို့သည် ရုရှနိုင်ငံတွင် အဟောင်းဆုံးမြို့တော်ဖြစ်သည်။ ရှေးအခါက ဇာဘုရင်တို့ ဦးစွာစိုးစံသောနေရာဖြစ်ပေသည်။ ၁၇ဝ၃ ခုနှစ်တွင် ရုရှဇာဘုရင် ပီတာ ဩ ဂရိတ်သည် မြို့တော်ကို ပီတာစဗတ် (ယခု လီနင်ဂရက်) သို့ပြောင်းရွှေ့သည်။ ၁၉၁၇ ခုနှစ် ရုရှတော်လှန်ရေးဖြစ်ပွားပြီးနောက် ဆိုဗီယက် အစိုးရသည် မြို့တော်ကို မောစကိုမြို့သို့ ပြန်လည်ပြောင်းရွှေ့သည်။ မြို့သည်လူဦးရေ အထူးတိုးပွားလာသည့်အလျောက် ဆိုဗီယက်တို့သည် မြို့ကို ချဲ့ထွင်ခဲ့ရသည်။ ဆိုဗီယက် အစိုးရသည် မြို့ကို ပြန်လည်တည်ဆောက်ရန် စီမံကိန်းများ ပြုလုပ်ရလေသည်။ စီမံကိန်းများအရ လမ်းသစ်များ၊ ရိပ်သာသစ်များ၊ ပန်းခြံများ၊ ဟိုတယ်များ၊ တိုက်ခန်းများ၊ ပြတိုက်များ အစရှိသည့် အဆောက်အအုံများကို ဆောက်လုပ်သည်။ မော်စကိုမြို့တွင် ဆိုင်များ၊ ရုံးအဆောက်အအုံများတို့မှာ ပြည်သူပိုင်ချည်းဖြစ်လေသည်။ မြို့သစ်ပြန်လည် တည်ဆောက်သည်ဆိုသော်လည်း အချို့ရပ်ကွက်များတွင် ဟောင်းမြင်းဆွေးမြည့်နေသော အိမ်များရှိပေသေးသည်။
မောစကိုမြို့တွင် ထင်ရှားသော အဆောက်အအုံ ကြီးကား ကရင်မလင်ဖြစ်၍ အချက်အချာ နေရာဖြစ်၏။ ကရင်မလင်သည် ဆိုဗီယက် အစိုးရအဖွဲ့၏ ဌာနချုပ်တည်ရာ ဖြစ်လျက် အခိုင်အခံ့ လုံခြုံစွာ တည်ဆောက်ထားလေသည်။ ကရင်မလင်သည် အနားညီတြိဂံပုံသဏ္ဌာန်ရှိ၍ ရှေးအခါက ခံတပ်အလို့ငှာဆောက်ထားသည်ဖြစ်၍ တစ်ခါက ဝက်သစ်ချသားဖြင့် ပြုလုပ်ထားသော တံတိုင်းရှိခဲ့၏။ ၁၆ ရာစုနှစ် အကုန်လောက်တွင် ပန်းပျော့ရောင် အုတ်နံရံများဖြင့် လဲလှယ်တည်ဆောက်လိုက်သည်။ ကရင်မလင်အုတ်တံတိုင်းများကို အုပ်မိုးလျက်ရှိသော မျှော်စင်များ စွန်းထွက် နေပေသည်။ ကရင်မလင်ထဲတွင် နန်းတော်များ၊ ဘုရားရှိခိုးကျောင်းများ ရှိပေသည်။
ကရင်မလင်ထဲတွင် နန်းတော်များ၊ ဘုရားရှိခိုးကျောင်းများရှိပေသည်။ ကရင်မလင်သည် တောင်ပူစာ အပေါ်တွင် ရှိသည်။ ၁၂ ခုမျှသော ရိပ်သာလမ်းကျယ်များ သည် ကရင်မလင်မှနေ၍ ဖြာထွက်ကာ မြို့၏နယ်နိမိတ်ကို လွန်သွားသောအခါ လမ်းမကြီးများဖြစ်သွားလေသည်။ အခြားရိပ်သာများသည် ကရင်မလင်ကို ရစ်ပတ်လျက်ရှိသည်။ အခြားထင်ရှားသော အဆောက်အအုံများသည် ကရင်မလင်အနီး တစ်ဝိုက်တွင်ရှိ၏။ ကရင်မလင်၏ အရှေ့မြောက်ဘက် နံရံသည် ထင်ရှားကျော်ကြားသော ရက်စကွဲယား ခေါ် စတုဂံ ကွက်လပ်နီကြီးကို တူရူမျက်နှာမူလျက်ရှိသည်။ ယင်းစတုဂံ ကွက်လပ်သည် အလျားမိုင်ဝက်ခန့်ရှိ၍ အနံပေ ၄၅ဝ ရှိသည်။
အခါကြီးနေ့ကြီးများတွင်ယင်းကွက်လပ်၌ စစ်ရေးပြပွဲကြီးများကို ခမ်းနားကြီးကျယ်စွာ ပြသခင်းကျင်း၏။ လီနင် အာဇာနည် ဗိမာန်သည် ကရင်မလင်ကို မျက်နှာမူလျက် စတုဂံကွက်လပ်နီပေါ်တွင် တည်ရှိသည်။ ၁၆၇၆ ခုနှစ်၌ ဆောက်လုပ်ပြီးစီးသော စိန်ဗဲစီဘုရားရှိခိုးကျောင်းသည် စတုဂံကွက်လပ်နီ၏ တောင်ဘက်အစွန်း၌ တည်ရှိကာ ယခုအခါတွင် ပြတိုက်အဖြစ် အသုံးခံလျက်ရှိသည်။ စတုဂံကွက်လပ်နီ၏ မောက်ဖက်တွင် ရှေးအခါက မြို့မ ကောင်စီအဆော်အအုံ တည်ရှိ၏။ အနီးတစ်ဝိုက်ရှိ အခြားထင်ရှားသော အဆောက်အအုံတို့မှာ သမိုင်းပြတိုက်၊ အော်ပရာဇာတ်ရုံ၊ သူကောင်းတို့၏ ခန်းမဆောင်၊ ဆိုဗီယက် အစိုးရက တည်ဆောက်သော လီနင်စာကြည့်တိုက်၊ စာတိုက်နှင့် ကြေးနန်းအဆောက်အအုံ စသည်တို့ဖြစ်ကြ၏။ ထို့ပြင်လည်း မောစကို မြို့တွင် ပြပွဲ ဇာတ်ရုံ၊ အနုပညာပြတိုက်များ၊ စာကြည့်တိုက်စသည်အများအပြားပင်ရှိ၏။ မောစကိုမြို့ရှိ ပြည်သူ့ လီနင်စာကြည့်တိုက်တွင် စာအုပ်ပေါင်း ၁၅,ဝဝဝ,ဝဝဝ ရှိ၏။ ဆိုခဲ့သည့်အတိုင်း မောစကိုမြို့သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောဒေသ၌ တည်ရှိရကား လုပ်ငန်းဆောင်တာအဝဝ ထွန်းကားပေသည်။ ရှေးအခါက မောစကိုမြို့၌ လူသုံးကုန်ပစ္စည်းများကိုသာ အဓိကထုတ်လုပ်သော်လည်း ယခုအခါတွင်မူ စက်ကိရိယာနှင့် အထည်ကြီးများကို အရေးထား၍ ထုတ်လုပ်လျက်ရှိ၏။
အဓိက ထုတ်လုပ်သော ပစ္စည်းတို့ကား စက်ကိရိယာများ၊ မော်တော်ယာဉ်များ၊ လျှပ်စစ်ကိရိယာ တန်ဆာပလာများ၊ လေယာဉ်ပျံများနှင့်တစ်ကွ အထည်အလိပ်၊ အစား အသောက်၊ ဆေး၊ ဖိနပ် အစရှိသောလူ့အသုံးအဆောင်များ ဖြစ်ပေသည်။ မြို့၏ အရှေ့ပိုင်းတွင် သံမဏိလုပ်ငန်းများကို ပြုလုပ်လျက်၊ စက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးနေသည့် ရပ်ကွက်သစ်မှာ မောစကိုမြို့၏ အရှေ့တောင်ပိုင်းဖြစ်၍ မော်တော်ယာဉ်များ၊ ဗွိုင်လာအိုးများ၊ လျှပ်စစ်ကိရိယာများကို ထုတ်လုပ်လျက် ရှိပေသည်။
မောစကိုမြို့သည် ထိပ်တန်းမြို့ကြီး ဖြစ်ငြားသော်လည်း ပါရစ်မြို့တို့ကဲ့သို့ လူမျိုးစုံသော မြို့ကား မဟုတ်ပေ။ မောစကိုမြို့သည် ရုရှဆန်၍ ရုရှမူ မပျက်ဘဲရှိ၏။ မောစကိုမြို့ပေါ်ရှိ လမ်းမကြီးများတွင် ဗော်လဂါမြစ်အောက်ပိုင်းမှ ကော့ဆက်လူမျိုးများ၊ ဥဇဗက်ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံက လူမျိုးများ၊ ကော်ကေးဆပ်မှ တိုင်းရင်းသားများကို တွေ့နိုင်ပေသည်။
မောစကိုမြို့ကို ၁၂ ရာစုနှစ် အလယ်ပိုင်း လောက်က ရော့စတော့မှ မင်းသားတစ်ပါး ဖြစ်သူ ယူရီဒေါ်လဂိုရီ တည်ထောင်ခဲ့ဟန်တူသည်။ ၁၂ဝဝ ပြည့်နှစ်လောက်တွင် ရုရှကို တာတာလူမျိုးတို့က နှိမ်နင်းအောင်မြင်သဖြင့် မောစကိုမြို့သည် တာတာလူမျိုးတို့ကိုလက်ဆောင်ပဏ္ဏာများ ဆက်သွင်းရသောနယ်ဖြစ်ခဲ့၏။ ဤသို့ဖြင့် မောစကိုမြို့သည် တာတာလူမျိုးတို့၏ ကမ်းကားဖျက်ဆီးခြင်းမှလွတ်မြောက်ခဲ့ပေသည်။ ၁၂၃၇ ခုနှစ်တွင် အချို့နေရာများ၌ တာတာလူမျိုးတို့ မီးရှို့ဖျက်ဆီးခြင်းကို ခံရသည်။
တဖြည်းဖြည်းနှင့်သော်ကားမောစကိုမြို့က မင်းသားများသည်
အားကောင်းလာသဖြင့် တာတာလူမျိုးတို့ကို တွန်းလှန်
နိုင်ခဲ့ပေသည်။ ၁၄၆၂ ခုနှစ်တွင် တတိယ
အိုင်ဗန်သည် ရုရှနိုင်ငံအလုံးအုပ်စိုးသော မင်းအဖြစ်
နန်းတက်ပြီးသော် ၁၅၁၅ ခုနှစ်အထိ အုပ်စိုးခဲ့၏။ ၁၅၃ဝ
ပြည့်နှစ်မှ ၁၅၈၄ ခုနှစ်စတုတ္ထအိုင်ဗန်သည် ဇာဟူသောဘွဲ့ကို
ခံယူလျက် မော်စကိုမြို့ကို မြို့တော်ပြုသည်။
ထိုနောက်ပိုင်းတွင် မော်စကိုမြို့သည် စစ်မြေတလင်ဖြစ်ခဲ့သည်။ ၁၅၇၁ ခုနှစ်တွင် တာတာ လူမျိုးတို့သည် မြို့ကို မီရှို့ဖျက် ဆီးသည်။ ၁၆ဝ၃ ခုနှစ်မှ ၁၆၁၃ ခုနှစ် အတွင်း မော်စကိုမြို့သည် ဆူပူတိုက်ခိုက်မှုများ ဖြစ်ပွားရာနေရာ ဖြစ်ခဲ့သည်။ ၁၇ဝ၃ ခုနှစ်တွင် ပီတာ ဩ ဂရိတ်သည် စိန်ပီတာစဗတ်သို့ မြို့တော်ကို ရွှေ့ပြောင်းလိုက်သည်တွင် မော်စကိုမြို့သည် နိုင်ငံရေးအားဖြင့် အရေးမပါ လှတော့ဘဲ ရှိသော်လည်း ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုစုဝေးရာဌာန ဖြစ်လျက်ကျန်ရစ်ခဲ့ပေသည်။ ၁၈၁၂ ခုနှစ်တွင် နပိုလီယန်ဦးဆောင်သော ပြင်သစ်တပ်များ ဝင်လာရာတွင် ရုရှလူမျိုးတို့သည် မော်စကိုမြို့ကို ပြင်သစ်တို့လက်သို့မရောက်ရအောင် မီးရှို့နှင့်သဖြင့် အတော်ပင်ပျက်စီးခဲ့၏။ ပြင်သစ်တို့လည်း ဆုတ်ခွာထွက်ပြေးရ၏။ ၁၉ဝ၅ ခုနှစ်တွင် မော်စကိုမြို့၌ ဆူပူ ထကြွမှု တစ်ရပ် ဖြစ်ပွား၍၊အေးငြိမ်းသွားသော်လည်း၊ ၁၉၁၇ ခုနှစ်တွင် မော်စကိုမြို့၌ တော်လှန်မှုအရေးအခင်းများ ဖြစ်ပွားပြန်၏။ ယာယီ အစိုးရအဖွဲ့သည် မြို့ကို ခေတ္တသိမ်းပိုက်ပြီးနောက် ဗော်လရှီဗစ်တို့အားအလျှော့ပေးလိုက်သည်။
၁၉၁၈ ခုနှစ်တွင် ဆိုဗီယက်အစိုးရသည် မြို့တော်ကို မော်စကိုမြို့သို့ပြန်လည်ရွှေ့ပြောင်းလိုက်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့သည် မော်စကိုမြို့ကို သိမ်းပိုက်ရန်အားခဲကြံစည်ခဲ့၏။ သို့သော် ဆိုဗီယက်တို့က အချိန်မှီ တွန်းလှန်ဖြိုခွင်းနိုင်ခဲ့သည်။ အကြိမ် အနည်းငယ်မျှ ဂျာမန်တို့၏ ဗုံးဒဏ်ကို ခံရသည်ဆိုငြားလည်း မပြောပလောက်ပေ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်တွင် မော်စကိုမြို့သည် ကမ္ဘာပေါ်ရှိ ကွန်မြူနစ်အဖွဲ့ဝင်တို့ကို ဦးစီးကြိုးကိုင်ရာဒေသဖြစ်လာသည်။
မော်စကိုမြို့တွင် လူဦးရေ ၁၉၅၉ ခုနှစ် ခန့်မှန်းခြေအရ ၅,ဝ၃၂,ဝဝဝ ခန့် ရှိလေသည်။[၅၉]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads