ရွေ့လျားခြင်း
From Wikipedia, the free encyclopedia
Remove ads
ရူပဗေဒတွင် ရွေ့လျားခြင်း ဆိုသည်မှာ အရာဝတ္ထုတစ်ခုသည် အချိန်ပေါ်မူတည်၍ ၎င်း၏ တည်နေရာပြောင်းလဲခြင်း ဖြစ်သည်။ ရွေ့လျားခြင်းကို သင်္ချာနည်းအရ အရွေ့၊ အကွာအဝေး၊ အလျင်၊ အရှိန်၊ အမြန်၊ အချိန် စသည့် ဝေါဟာရများဖြင့် ဖော်ပြလေ့ရှိသည်။ အရာဝတ္ထုတစ်ခု၏ ရွေ့လျားခြင်းကို စူးစမ်းသူက ရည်ညွှန်းဘောင်(အမှတ်)ကို မူတည်ဆက်စပ်၍ လေ့လာစူးစမ်းနိုင်ကာ အချိန်ပြောင်းလဲမှုနှင့်အတူ ထိုရည်ညွှန်းဘောင်ကိုပင် မူတည်ဆက်စပ်ပြီး ထိုအရာဝတ္ထု၏ တည်နေရာပြောင်းလဲမှုကို တိုင်းတာခြင်းဖြင့် လေ့လာနိုင်သည်။ အရာဝတ္ထုများ၏ ရွေ့လျားခြင်းကို ဖော်ပြသော ရူပဗေဒဘာသရပ်ခွဲကို ကိုင်နစ်မတ်တစ် (kinematics; ကင်နစ်မတ်တစ် ဟုလည်း အသံထွက်ရှိ) ဟုခေါ်ဆိုပြီး အားများနှင့် အားများ၏ ရွေ့လျားခြင်းအပေါ် သက်ရောက်မှုအား လေ့လာသည့် ဘာသာရပ်ကို ဒိုင်းနမစ် (dynamics) ဟု ခေါ်ဆိုသည်။

အရာဝတ္ထုတစ်ခုသည် ပေးထားသော ရည်ညွှန်းဘောင်နှင့် ဆက်စပ်၍ ပြောင်းလဲမှုမရှိလျှင် ထိုအရာဝတ္ထုသည် ရပ်နေသည်၊ ရွေ့လျားမှုမရှိ (သို့) ပတ်ဝန်းကျင်ကို ရည်ညွှန်းချက်ထား၍ ကိန်းသေတည်နေရာတွင် ရှိသည်၊ အချိန်အလိုက် မပြောင်းလဲဟု စသဖြင့်ဆိုနိုင်သည်။ ပကတိရည်ညွှန်းဘောင် (သို့) ပကတိအမှတ်နေရာ မရှိသောကြောင့် ပကတိရွေ့လျားမှု (absolute motion) ကို ဆုံးဖြတ်၍ မရနိုင်ပေ။[၁] ထို့ကြောင့် စကြဝဠာအတွင်း အရာဟူသမျှသည် ရွေ့လျားနေသည်ဟု ယူဆနိုင်ပေသည်။[၂]:20–21
ရွေ့လျားမှုသည် ရူပဗေဒဆိုင်ရာ စနစ်များတွင် အသုံးချနိုင်ရာ အရာဝတ္ထုများ (ကြီး/ငယ်) ၊ ဒြပ်မှုန်များ၊ ဒြပ်စက်ကွင်းများ၊ ရောင်ခြည်ဖြာထွက်ခြင်း၊ ရောင်ခြည် စက်ကွင်းများ၊ ရောင်ခြည်မှုန်များ၊ ကွေး/ခုံးခြင်း၊ အာကာသအချိန် စသည်တို့၌ အသုံးချနိုင်သည်။ ပုံရိပ်၊ သဏ္ဌာန်၊ နယ်နိမိတ်များ၏ ရွေ့လျားမှုများအကြောင်းကိုလည်း ပြောဆိုနိုင်သည်။ ထို့ကြောင့် "ရွေ့လျားမှု"ဆိုသော ဝေါဟာရသည် ယေဘုယျအားဖြင့် အာကာသတွင် ရုပ်ဝတ္ထုစနစ်တစ်ခု၏ ပုံပန်းသဏ္ဌာန် အစီအစဉ် (သို့) တည်နေရာများ၏ အဆက်မပြတ် ပြောင်းလဲမှုကို သဘောဆောင်၏ ။
အရာဝတ္ထုတစ်ခု၏ ရွေ့လျားမှုကို တိုင်းတာသည့် အဓိကတန်ဖိုးမှာ အဟုန်ဖြစ်၏ ။ အရာဝတ္ထုတစ်ခု၏ အဟုန်သည် ထိုအရာ၏ ဒြပ်ထု၊ အလျင်တို့အပေါ် မူတည်သည်။ ပြင်ပသက်ရောက်မှုမရှိသော စနစ် (isolated system) ၌ အရာဝတ္ထုတို့၏ စုစုပေါင်းအဟုန်သည် အချိန်အလိုက် ပြောင်းလဲမှုမရှိပေ။ ဤသည်ကို အဟုန် ထိန်းသိမ်းခြင်း ဥပဒေသ (law of conservation of momentum) ၌ ဆိုထားသည်။ အရာဝတ္ထု၏ ရွေ့လျားမှု (အကျိုးဆက်အနေဖြင့် ၎င်း၏ အဟုန်) သည် ပြင်ပအားတစ်ခု ထိုအရာပေါ်သို့ သက်ရောက်မှုမရှိပါက မပြောင်းလဲနိုင်ပေ။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads