အဝလောကိတေသွရ

From Wikipedia, the free encyclopedia

အဝလောကိတေသွရ
Remove ads

အဝ​လောကိ​တေသွရ(သင်္သကရိုက်: अवलोकितेश्वरပါဠိ: Avalokitesvara) သို့မဟုတ် ပဒ္မပါဏီ သို့မဟုတ် လောကနတ်ဟု အမည်နာမ​တော်ရှိ​သော ​ဗောဓိသတ်ဘုရား​လောင်းသည်  အတိုင်းအဆမရှိသည့် အနန္တမေတ္တာအနန္တကရုဏာတော်တို့ကို ကိုယ်စားပြု​သော ဘုရား​လောင်းတစ်ဆူ ဖြစ်​ပေသည်။ မဟာယာနနှင့် ဝဇီရာယာန ဗုဒ္ဓဘာသာဂိုဏ်းများတွင် လွန်စွာ ထင်ရှားကျော်ကြားပြီး ကိုးကွယ်ပူ​ဇော်သူလည်း များစွာရှိ​လေသည်။

Thumb
Khasarpana Lokesvara

အမည်များ

မြန်မာအမည်

Thumb
မန္တလေးမြို့ ရွှေနန်းတော်မှ လောကနတ်ရုပ်တု

မြန်မာနိုင်ငံတွင် "အဝလောကိတေသွာရ"ကို လောကနတ် ဟု ခေါ်ဆိုကြသည်။ လောကနတ်သည် မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယာနဂိုဏ်းမှ ဘုရားအလောင်းတော်မြတ်ဖြစ်သော(ဗောဓိသတ္တ) နတ်သားကို လူအများ၏ အားထားကိုးစားရာ (ခောကနာထ = လောကနတ်)အနေဖြင့် ဆင်းတု၊ ရုပ်တုပြုလုပ်ကာ ကိုးကွယ်ကြသည်ကိုစွဲပြီး ယခုလူတို့က “လောကနတ်” ဟုခေါ်ဆိုနေကြခြင်းဖြစ်သည်။ ယင်းသည် ဘုရားဆင်းတုတော်မဟုတ်၊ လောကနာထ ဆိုသည့် ပါဠိစကားမှ လောကနတ် ခေါ်တွင်သော (အဝလောကိ တေသွာရ ဗောဓိသတ္တ) ပုံဖြစ်၍ “မဟာရာဇ သိရီ အနုရုဒ္ဓဒေဝ” ဘွဲ့ထူးခံ၊ ပုဂံခေတ် အနော်ရထာမင်းလက်ထက်လောက်က စပြီး ရေးသားမှုရှိခဲ့သည်ကို ကျောက်စာ၊ အုတ်ခွက်နံရံတို့၌ တွေ့ရှိရသည်။

နိုင်ငံတကာ အမည်များ

အဝ​လောကိ​တေသွရ ဘုရား​လောင်းကို ကမ္ဘာ့နိုင်ငံအများတွင် နာမည်အမျိုးမျိုးဖြင့် အသီးသီး ​ခေါ်​ဝေါ်​လေ့ရှိကြသည်။ မူရင်းသက္ကတနာမည်များမှာ အဝ​လောကိ​တေသွရ (လောကကို ကြည့်ရှု​စောင့်​ရှောက်သူ)၊ ပဒ္မပါနိ (ကြာပန်းကိုင်​ဆောင်သူ) တို့ ဖြစ်ကြသည်။

တရုတ်ပြည်တွင် ​ခေါ်​ဝေါ်​သော နာမည်များမှာကား ကွမ်စစ်စိုက် ဖူဆ၊ ကွမ်ရှိယင် ဖူဆ၊ ကွမ်ယင် ဖူဆ တို့ဖြစ်ကြသည်။ ဂျပန်ပြည်တွင်မူ ကန်ဂျီဇိုင် ဘိုဆစု၊ ကန်ဇဲအွန် ဘိုဆစု၊ ကန်နွန်ဘိုဆစု ဟု ​ခေါ်ကြသည်။ ကိုရီးယားပြည်တွင် ကွမ်းဂျာဂျဲ ​ဘောဆယ်၊ ကွမ်းဆဲအွမ်း ​ဘောဆယ်၊ ကွမ်းအွမ်း ​ဘောဆယ် ဟု ​ခေါ်ဆိုကြသည်။ ဗီယက်နမ်တွင်မူကား ကွမ်တုတိုက် ဘိုတတ်၊ ကွမ်ထဲအမ်း ဘိုတတ်၊ ကွမ်အမ်း ဘိုတတ် ဟု ​ခေါ်ကြသည်။ တိဘက်ပြည်တွင်မူ အဝ​လောကိ​တေသွရ ဘုရား​လောင်းကို ချန်ရဲ့ဇစ်ခ် (Chenrézik) ဟု ​ခေါ်​ဝေါ်ကြသည်။

နိုင်ငံအသီးသီးတွင် အဓိက​ ခေါ်​ဝေါ်​သော နာမည်များမှာကား ​အောက်ပါအတိုင်း ဖြစ်ကြသည်။

  • သက္ကတ - अवलोकितेश्वर (Avalokiteśvara)
  • မြန်မာ - လောကနတ် (Lokanat)
  • တရုတ် - 觀音菩薩 (Guānyīn Púsà)
  • ဂျပန် - 観音菩薩 (Kannon Bosatsu)
  • ကိုရီးယား - 관음보살 (Gwaneum Bosal)
  • တိဘက် - སྤྱན་རས་གཟིགས་ (Chenrézik)
  • ဗိယက်နမ် - Quan âm Bồ tát
  • ခမာ - អវលោកិតេស្វរៈ
  • ထိုင်း - พระอวโลกิเตศวรโพธิสัตว์
Remove ads

မဟာယာနအယူအဆများ

အဝလောကိတေသွရ ဘုရားလောင်း၏ အကြောင်းအရာတို့ကို ရည်ညွန်းဖော်ပြသည့် မဟာယာန ကျမ်းစာ ​တော်​တော်များများရှိသည်။ ၎င်းတို့မှာကား -

  • အဝဋံသက သုတ်​တော်
  • မဟာ စုန္ဒီ ဓာရဏီ သုတ်​တော်
  • အဝလောကိတေသွာရဧကဒသမုခ၏ ဟဒယဓာရဏီ သုတ်​တော်
  • အမောဃဖဿ ဓာရဏီ သုတ်​တော်
  • သုခဝတီဝယူဟ သုတ်​တော်
  • သဒ္ဓမ္မပုဏ္ဍရိက သုတ်​တော်
  • ကရဏ္ဍယူဟ သုတ်​တော်
  • ကရုဏာပုဏ္ဍရီက သုတ်​တော်
  • နီလကဏ္ဍ ဓာရဏီ သုတ်​တော်
  • သူရင်္ဂမ သုတ်​တော် စသည်တို့ပင် ဖြစ်ကြသည်။

ကာရဏ္ဍဝယူဟ သုတ်တော်အရ နေနှင့်လသည် အဝလောကိတေသွရ ဘုရားလောင်း၏ မျက်လုံးတော် နှစ်ခုမှ၊ သီဝနတ်သည် နဖူးတော်မှ၊ မဟာဗြဟ္မာသည် ပခုံးတော်မှ၊ နရာယျန(ဗိဿနိုး) နတ်သည် နှလုံးတော်မှ ဆရဆွသီ ဒေဝီသည် သွားတော်မှ မွေးဖွားလာသည်ဟု ဆိုသည်။

ပါးစပ်တော်မှ လေ ဖြစ်လာ၍ ခြေထောက်တော်မှ မြေကမ္ဘာ၊ ဝမ်းဗိုက်မှ ကောင်းကင်တို့ ဖြစ်တည်လာကြသည် ဟုရေးသား ထားသည်။ သုခဝတီဝယူဟ သုတ်တော်အရ အဝလောကိတေသွာရ ဘုရားလောင်းသည် သုခဝတီဘုံရှိ အမိတာဘ ဘုရားရှင်၏ လက်ယာရံ ဘုရား​လောင်း ဖြစ်သည်ဟု ဆိုသည်။

သဒ္ဓရမာပုဏ္ဍရီက သုတ်တော်အရ အဝလောကိတေသွရ ဘုရားလောင်းသည် မေတ္တာ ကရုဏာတော် ကြီးမားသူ ဖြစ်​လေသည်။ ​လောကရှိ သတ္တဝါတို့၏ ငိုကြွေးသံတို့ကို ကြားရသူဖြစ်ပြီး အမည်နာမတော်ကို ရွတ်ဆို၍ အကူအညီတောင်းသူ တို့ကို ကူညီကယ်မသော ဘုရားလောင်းဖြစ်ကြောင်း ရေးသားထားသည်။ ထို့အပြင် အဝလောကိတေသွရ ဘုရားလောင်းသည် သတ္တဝါတို့ကို တရားဓမ္မ​ဟော​ပြောဆုံးမရာ၌ သတ္တဝါတို့၏ စိတ်အလိုရှိရာ ပုံသဏ္ဌာန်ယူ၍ ​ဟော​ပြောဆုံးမသည်ဟု ဆိုသည်။ ဥပမာအားဖြင့် ရဟန်းအသွင်ယူ၍ ​ဟော​ပြောမှ အကျွတ်တရား ရမည့်သူကို ရဟန်းအသွင်ယူ၍ ​ဟောပြောခြင်း ဖြစ်သည်။ ထိုကျမ်းထဲတွင် အဝလောကိတေသွရ ဘုရားလောင်း၏ အသွင်တော် ၃၃မျိုးကိုလည်း ရေးသားထားသည်။ ထိုအထဲတွင် ပုရိသ အသွင်​တော်များ သာမက ဣတ္ထိယ အသွင်တော်များလည်း ပါဝင်သည်။

အဝလောကိတေသွရ ဘုရားလောင်းကို စတင်ကိုးကွယ်ကြသည်မှာ အိန္ဒိယပြည်မှ ဖြစ်​လေသည်။ ​နောင်​သောအခါ မဟာယာန ဗုဒ္ဓဘာသာနှင့်အတူ တရုတ်၊တိဗက်၊ကိုရီးယား၊ဂျပန်၊ ဗီယက်နမ်၊မွန်ဂိုလီးယား စသည့်နိုင်ငံများကိုပါ ပျံ့နှံ့သွားသည်။ အဝလောကိတေသွရ ဘုရားလောင်းကို ကိုးကွယ်ခြင်းအ​လေ့အထသည် မြန်မာနိုင်ငံတွင်လည်း တစ်ချိန်က ရှိခဲ့ဖူး​လေသည်။

အဝလောကိတေသွရ ဘုရားလောင်းသည် အသနားကြင်နာ ကရုဏာ ​မေတ္တာဓာတ်ကို အရင်းခံ​သော ဘုရားလောင်း ဖြစ်လေရာ လူအများက ​လေးစားကြည်ညိုကြသည်။ တဖန် အဝလောကိတေသွရ ဘုရားလောင်း၏ ကရုဏာ​မေတ္တာဓာတ်ကို ပိုမို​ပေါ်လွင်​စေရန် မိခင်​မေတ္တာနှင့် နှိုင်း၍ အမျိုးသမီးအသွင်​တော်ဖြင့် ထုလုပ် ကိုးကွယ်ကြပြန်သည်။ ယင်းကဲ့သို့ အမျိုးသမီး အသွင်ဖြင့် ထုဆစ်ခြင်းကို တရုတ်နိုင်ငံက စတင်ခဲ့​လေသည်။

Remove ads

လက်တစ်​ထောင် အဝ​လောကိ​တေသွရ

အဝလောကိတေသွရ ဘုရားလောင်းသည် ​လောကရှိ သတ္တဝါများအားလုံး သံသရာစက်ဝန်းမှ မလွတ်မချင်း အနားမယူဟု သစ္စာဆိုထားသူ ဖြစ်သည်။ ထို့​ကြောင့် အားသွန်ခွန်စိုက်၍ သတ္တဝါတို့ကို ဒုက္ခဆင်းရဲမှ ကယ်တင်ခဲ့လေသည်။ သို့​သော်လည်း များစွာသော  သတ္တဝါတို့မှာ ကျန်ရှိနေသေးသည်။ ထို့ကြောင့်  ဆက်လက်ကယ်တင်ရန် အားထုတ်ကြိုးစားရာမှ အဝလောကိတေသွရ ဘုရား​လောင်း၏ ဦးခေါင်းတော်သည် ၁၁စိတ် ကွဲကြေသွားခဲ့လေသည်။   ထိုအခြင်းအရာကို အမိတာဘ ဘုရားရှင် မြင်သောအခါ ဦးခေါင်း ၁၁ လုံးတိတိ ဖန်ဆင်းပေးလိုက်လေသည်။ လောက၌ ရှိသမျှ သတ္တဝါတို့၏ ဒုက္ခဆင်းရဲဖြင့် ငိုကြွေးသံတို့ကို ကြားနိုင်အောင် ဖြစ်သည်။

တစ်ဖန် အဝလောကိတေသွရ ဘုရားလောင်းသည် ဆင်းရဲဒုက္ခ ရောက်နေသော သတ္တဝါတို့ကို လိုက်လံ ကယ်ဆယ်နေရာမှ သူ၏ လက်တော် နှစ်ဖက်သည် ကွဲအက်ကြွေမွပြီး ပျက်စီးသွားပြန်လေသည်။ ထိုအခါ အမိတာဘ ဘုရားရှင်သည် ရောက်လာပြီး လက်တော် တစ်ထောင်ကို ထပ်မံ ဖန်ဆင်းပေးရပြန်လေသည်။

ဤဇာတ်လမ်းကို ရည်ညွန်းပြီး အဝလောကိတေသွရ ဘုရားလောင်းကို ဦး​ခေါင်း​တော် ၁၁လုံး၊ လက်​တော် တစ်​ထောင်ဖြင့် ထုဆစ်၍ ပူ​ဇော်ကြ​လေသည်။

မန္တရား၊ဓါရဏီနှင့်သုတ်​တော်များ

အဝလောကိတေသွရ ဘုရားလောင်းနှင့် ပတ်သက်၍ အထင်ရှားဆုံး မန္တရားမှာကား ကာရဏ္ဍဝယူဟ သုတ်တော်လာ "ဥုံ မဏိ ပဒ္မေဟူံ" (Oṃ maṇi padme hūṃ) ဟူ​သော မန္တရားပင် ဖြစ်သည်။ ထိုမန္တရားကို တိဗက်လူမျိုးတို့ အလွန်နှစ်သက်ခုံမင်စွာ အဖန်တလဲလဲ ရွတ်ဆိုကြသည်။ "ဥုံ မဏိ ပဒ္မေဟူံ" သည် အလွန် ထင်ရှား​ကျော်ကြား​သော မန္တရား ဖြစ်​သော်လည်း ၎င်း၏ အနက် အဓိပ္ပာယ် အတိအကျကိုမူ မဖွင့်ဆိုနိုင်​ကြသေး​ပေ။

မန္တရားတွင်ပါသည့် ဥုံ၊ဟူံ အစရှိ​သော စကားလုံးများမှာ တန်ခိုးစွမ်းအား ကိန်း​အောင်း​နေ​သော စာလုံးများ ဖြစ်ပြီး မန္တရားများတွင် ထည့်သွင်းအသုံးပြုကြသည်။ မဏိ ဟူသည်မှာ ပတ္တမြားကို ဆိုလိုပြီး ပဒ္မေ မှာ ပဒုမ္မာကြာပန်းကို ဆိုလိုသည်။ ထို့​ကြောင့် မန္တရား၏ အနက်အဓိပ္ပာယ်မှာ "ပတ္တမြားနှင့် ကြာပန်းကို ကိုင်​ဆောင်သူ (ဘုရား​လောင်း အဝလောကိတေသွရ) ကို ရှိခိုးပါ၏" ဟု ယူဆရ​ပေမည်။ အဝလောကိတေသွရ ဘုရား​လောင်းကို ပူ​ဇော်သည့်  တခြား​သော မန္တရားများ ​မြောက်မြားစွာ ရှိကြသေးသည်။

ထင်ရှားသည့် မန္တရားတစ်ခုက​တော့ ဂျပန်ပြည် ရှင်ဂွန်းဂိုဏ်းသုံး "ဥုံ အာရောလိက် သွာဟာ" (Oṃ ārolik svaha) (ဂျပန်ဘာသာအားဖြင့် On aruri kya sowa ka / おん あるりきゃ そわか) ဖြစ်​လေသည်။

အဝလောကိတေသွရ ဘုရားလောင်းနှင့် ပတ်သက်၍ ထင်ရှား​သော ဓါရဏီမှာ နီလကဏ္ဌ ဓါရဏီ (Nīlakaṇṭha Dhāraṇī) သို့မဟုတ် မဟာကရုဏာ ဓါရဏီ (Mahākaruṇā  Dhāraṇī) ဖြစ်သည်။ ၎င်းကို တရုတ်လို တာ့​ပေကျိုး ( 大悲咒/Dàbēi zhòu) ဟုလည်း ​ခေါ်သည်။ ၎င်းဓါရဏီမှာ စာလုံး​ရေ ၈၂ လုံးရှိပြီး ထင်ရှား​သော ဓါရဏီဖြစ်သည်။ မဟာယာန ကျမ်းဂန်များအရ ထိုဓါရဏီကို ရွတ်ပါက ​သေခြင်းဆိုး ၁၅ပါးမှ လွတ်ကင်း၍ ​ကောင်း​သော ​မွေးဖွားခြင်း ၁၅ပါးနှင့် ပြည့်စုံလိမ့်မည်ဟု ဆိုကြသည်။

မဟာယာန ကျမ်းဂန်များထဲတွင် အဝလောကိတေသွရ ဘုရားလောင်း ​ဟောကြားခဲ့သည်ဟု ဆို​သော ပညာ ပါရမီတာ ဟဒယ သုတ်​တော် (Heart sutra) လည်း ရှိသေးသည်။ ထိုသုတ်​တော်ကို မြတ်စွာဘုရား လက်ထက် ရှင်သာရိပုတ္တရာက ​မေး​လျှောက်လာသဖြင့် အဝလောကိတေသွရ ဘုရားလောင်းက ထုတ်​ဖော်​ဟောကြားခဲ့သည်ဟု ဆိုသည်။ ထိုကျမ်းစာမှာ မဟာယာနကျမ်းဂန်များထဲမှ အ​ရေးပါသည့် ကျမ်းဖြစ်သည်။ ထိုကျမ်း၏ အဓိက ဆိုလိုရင်းမှာကား "အရာခပ်သိမ်းသည် သုညတ (မရှိခြင်း) သ​ဘောသာ ဖြစ်သည်" ဟူ​သောအချက်ပင် ဖြစ်သည်။

အဝလောကိတေသွာရ ဗောဓိသတ္တ၏ အသွင်​တော်များ

၁. အရိယာအဝလောကိတေသွာရ (Āryāvalokiteśvara) ​ခေါ် မြင့်မြတ်သည့် မူလအသွင်တော်

၂. အရိယာ ဧကဒဿမုခ အဝလောကိတေသွာရ (Ekādaśamukha) ​ခေါ် မျက်နှာ (၁၁)ဖက် ပါရှိသည့် အသွင်တော်

၃. စဟစရ်ဘုဂျ စဟစရ်နေတြ ​ (Sahasrabhuja Sahasranetra) ခေါ်  မျက်နှာတစ်ထောင် လက်ရုံးပေါင်း တစ်ထောင် ပါရှိသည့် အသွင်တော်

၄. သီတာသပ္ပတ္တရ ထီဖြူအားကိုင်ဆောင်းထားသည့် နတ်သမီးအသွင်တော်

၅. ဟယဂြီဝ (Hayagrīva) ​ခေါ်  မြင်း၏ လည်ပင်း ရှိသည့် အသွင်တော်

၆. မဟာစုန္ဒီ ​(Cundī) ခေါ် ကြာပလ္လင်ထက်တွင် ထိုင်တော်မူကာ လက် ၁၈ ချောင်းရှိသည့် နတ်သမီး အသွင်တော် ခုနစ်ကု​ဋေကုန်သော ဗုဒ္ဓတို့၏မာတာ

၇. စိန္တာမဏိ စက္က (Cintamāṇicakra) ​ခေါ်  စိန္တမဏိ စကြာကို ကိုင်ထားသည့် အသွင်တော်

၈. အမောဃဖဿ (Amoghapāśa) ​ခေါ်ကြိုးနှင့် ကွန်ယက် ကို ကိုင်ဆောင်ထားသည့် အသွင်တော်

၉. ဘရိကုတိ (Bhṛkuti) အသွင်​တော်

၁၀. ပန္ဒရဝါစိနီ (Pāndaravāsinī) အသွင်​တော်

၁၁. ပါဏသွာရီ (Parnaśabarī) အသွင်​တော်

၁၂. ရက္တဆဒသျှရီ (Raktaṣadakṣarī) အသွင်​တော်

၁၃. ဆွေတဘဂဝတီ (Śvetabhagavatī) အသွင်​တော်

၁၄. ဥဒကသျှရီ (Udakaśrī) အသွင်​တော်

၁၅. အရိယာ တာရာဒေဝီ အသွင်တော်

၁၆. ပဒ္မပါဏိ ကြာပန်းကိုင်ဆောင်ထားသည့် အသွင်တော်

၁၇. လောကေဆွာရ(ဝါ)လောကနာထ (လောကအားစောင့်ကြပ်သည့် အရှင်မြတ်၊ လောကစောင့်နတ် အသွင်တော်)

၁၈. စကြဗုဒ္ဓ လောကေသွာရ အသွင်တော်

၁၉. မဟာဝဇီရသတ္တ လောကေသွာရ အသွင်တော်

၂၀. ကရဏ္ဍယူဟ လောကေသွာရ အသွင်တော်

၂၁. သဗ္ဗနိဝရဏ ဝိက္ခမ္ဘိ လောကေသွာရ အသွင်တော်

၂၂. မဟာရာဇ အဝလောကိတေသွာရ အသွင်တော်

၂၃. ဓမ္မစက္က လောကေသွာရ အသွင်တော်

၂၄. ဒေဝဒေဝတာ လောကေသွာရ အသွင်တော်

၂၅. နီလကဏ္ဍ လောကေသွာရ အသွင်တော်

၂၆. ဥလက္ခမုခ ပေတ ရာဇ အသွင်တော်စသဖြင့် အသွင်တော်တစ်ရာ့ရှစ်ပါးအထိရှိသည်။ (TOY)

Remove ads

ယေဘူယျကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads