လောင်းအိုင်လန် ကွင်းဆက်လူသတ်သမား

From Wikipedia, the free encyclopedia

Remove ads

လောင်းအိုင်လန် ကွင်းဆက်လူသတ်သမား (အင်္ဂလိပ်: Long Island serial killer; LISK; ဂီလ်ဂိုကမ်းခြေ လူသတ်သမား သို့မဟုတ် ခရိတ်လစ်စ် ရစ်ပါ ဟုလည်း ညွှန်းဆိုခံရ) သည် အနှစ် ၂၀ အတွင်း လူဦးရေ ၁၀ မှ ၁၆ ယောက် အထူးသဖြင့် ပြည့်တန်ဆာ အမျိုးသမီးများအား သတ်ဖြတ်ပြီး နယူးယောက် လောင်းအိုင်လန် တောင်ဘက်ကမ်းရိုးတန်းပေါ်ရှိ နေရာများတွင် အလောင်းများအား စွန့်ပစ်ခဲ့သည့် ဖော်ထုတ်ခြင်းမခံရသေးသော ကွင်းဆက်လူသတ်သမား ဖြစ်သည်။

အချက်တိုများ လောင်းအိုင်လန် ကွင်းဆက်လူသတ်သမား, အခြား အမည်များ ...

ဆပ်ဖော့ခ်ကောင်တီ ဂီးလ်ဂို နှင့် အုတ်ခ် ကမ်းခြေ ဝေးလံခေါင်ဖျားမြို့များအနီးရှိ အိုးရှင်းဥယျာဉ်ပတ်လမ်းတလျောက် နှင့် Nassau ကောင်တီ ဂျုန်းစ်ကမ်းခြေ ပြည်နယ်ပန်းခြံ ဧရိယာတို့တွင် သားကောင်များကို တွေ့ရသည်။ သားကောင် ၄ ဦး၏ အကြွင်းအကျန်များကို ၂၀၁၀ ဒီဇင်ဘာတွင်လည်းကောင်း ကျန် ၆ ဦးကို ၂၀၁၁ မတ် နှင့် ဧပြီလများတွင် တွေ့ရသည်။[][][] နောက်မှတွေ့ရှိရသည့် ရုပ်ကြွင်းများမှာ ၂၀၁၀ ဒီဇင်ဘာတွင် တွေ့ရသည်များထက် စောမည်ဟု ရဲဝန်ထမ်းများက ယူဆသည်။[]

နောက်အကျဆုံးရုပ်ကြွင်းများအနက် ၂ စုံမှာ ဒုတိယလူသတ်သမားတစ်ဦး၏ လက်ချက်ဖြစ်နိုင်ဖွယ်ရာရှိသည်ဟု တာဝန်ရှိသူများက ၂၀၁၁ မေလ ၉ ရက်နေ့တွင် ခန့်မှန်းပြောဆိုခဲ့သည်။[] လူသတ်မှု ၁၀ ခု စလုံးမှာ လူ တစ်ဦးတည်း၏ လက်ချက်ဖြစ်နိုင်သည်ဟု ရဲဝန်ထမ်းများက ၂၀၁၁ နိုဝင်ဘာ ၂၉ ၌ ထုတ်ဖော်ပြောဆိုသည်။ ရှေ့အကျဆုံး ရုပ်အလောင်းများကို ရှာမတွေ့မီက ပျောက်ဆုံးသွားသော ကြေးကြီးအပျော်မယ် ရှန်နန်ဂီလ်ဘာ့တ် အမှုနှင့် သက်ဆိုင်မှုမရှိဟု ကောက်ချက်ချသည်။[] "ဂီလ်ဂိုကမ်းခြေနဲ့ အနီးတဝိုက်မှာ ကာလတခုကြာအောင် လူ့ရုပ်ကြွင်းတွေကို စွန့်ပစ်နေခဲ့တာ သေချာပါတယ်" ဟု ဆပ်ဖော့ခ်ကောင်တီ ခရိုင်ရှေ့နေ ထောမတ်စ်စပေါ့တာက ပြောသည်။[]

Remove ads

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးရေး

မေ ၁ ရက်နေ့တွင် ပျောက်ဆုံးလျက်ရှိသည်ဟု တိုင်ကြားခံထားရသော နယူးဂျာစီပြည်နယ်မှ ၂၄ နှစ်အရွယ် ကြေးကြီးအပျော်မယ် ရှန်နန်ဂီးလ်ဘာ့တ်အား ၂၀၁၀ မေတွင် ဆပ်ဖော့ခ်ကောင်တီ ရဲများက ရှာဖွေလျက်ရှိကြသည်။[][] သူမ၏ဒရိုင်ဘာ မိုက်ကယ်ပတ်ခ်က ပြင်ပတွင် စောင့်ဆိုင်းနေခိုက် ဖောက်သည်အိမ်မှ ထွက်ပြေးလာပြီးနောက် အုတ်ခ်ကမ်းခြေတွင် သူမအား နောက်ဆုံးမြင်တွေ့ရသည်။[၁၀]

Thumb
Exit for Robert Moses Causeway on the Ocean Parkway, near where the first body was found

၂၀၁၀ ဒီဇင်ဘာ၌ ရဲအရာရှိ တစ်ဦးက သူ၏ခွေးနှင့်အတူ လုပ်ဆောင်နေကျလေ့ကျင့်ခန်းဆင်းနေစဉ် "ပေါက်ပြဲ လုနီးပါး ဂုန်နီအိတ်တွင် အမျိုးသမီးတစ်ဦး၏ အရိုးအပိုင်းအစများ" ကို ဦးဆုံးတွေ့ရှိရာမှ ရှာဖွေမှုစတင်ခဲ့ပြီး ၂ ရက် အတွင်း နောက်ထပ် ရုပ်အလောင်း ၃ ခုအား အိုးရှင်းဥယျာဉ်ပတ်လမ်း မြောက်ဘက်ရှိ ယင်းနေရာ၌ပင် ထပ်မံတွေ့ရှိရသည်။[၁၁] "အလောင်း ၄ လောင်းကို တနေရာတည်းမှာ တွေ့ရတာကိုက တိုက်ဆိုင်တာ မဟုတ်တာ သိသာပါတယ်။ ကွင်းဆက်လူသတ်သမား တစ်ဦးရှိနေနိုင်ပါပြီ" ဟု ဆပ်ဖော့ခ်ကောင်တီ ရဲမင်းကြီး ရစ်ချတ်ဒေါ်မာက ပြောသည်။[၁၂]

လအနည်းငယ်ကြာပြီးနောက် ၂၀၁၁ မတ်လနှောင်းပိုင်း နှင့် ဧပြီလဆန်းပိုင်း၌ အုတ်ခ် နှင့် ဂီးလ်ဂို ကမ်းခြေအနီး ဥယျာဉ်ပတ်လမ်း အခြားနေရာများမှ နောက်ထပ် အလောင်း ၄ လောင်းကို ဖော်ထုတ်ရမိသည်။ ဆပ်ဖော့ခ်ရဲဌာနက Nassau ကောင်တီနယ်စပ်ထိတိုင်အောင် ရှာဖွေမှုဧရိယာကို ချဲ့ထွင်ပြီး နောက်ထပ် သားကောင်များ ရှာဖွေ ခဲ့သည်။[၁၃] "ဆပ်ဖော့ခ်မှာ မကြာသေးမီက ဖော်ထုတ်တွေ့ရှိသည့် လူ့ရုပ်အလောင်းမားအနီးတဝိုက်တွင် ရှိနေနိုင်တဲ့ ရာဇဝတ်မှုခင်းများကို ရှေ့ဆက် ရှာဖွေ စုံစမ်းသွားမှာဖြစ်ပါတယ်"ဟု Nassau ကောင်တီ ရဲဌာန မှ  စုံထောက် ကယ်ဗင် စမစ်သ် က ဧပြီ ၆ ရက်တွင်ပြောခဲ့သည်။ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်ပြီး ဆပ်ဖော့ခ် ကောင်တီနှင့် နယူးယောက်ပြည်နယ် ရဲဌာနတို့နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။[၁၄]

၅ ရက် ကြာမြင့်ပြီးနောက် Nassau ကောင်တီတွင် လူသေအလောင်းများကို ရှာဖွေမှု စတင်သည်။ ကြွင်းကျန် ရုပ်အလောင်း တပိုင်းတစ တစ်စုံနှင့်တကွ သီးခြား အရိုးခေါင်းတစ်ခုကို တွေ့ရှိခဲ့ရာ ဒီဇင်ဘာလမှစတင်၍ တွေ့ရှိသော သားကောင်အရေအတွက်မှာ ၁၀ ဦး အထိရှိလာသည်။[၁၅] အရိုးခေါင်းနှင့် ခြေတလှမ်းအကွာ၌ လူသွား ၂ ချောင်းကို ဧပြီ ၂၂ တွင် တွေ့ရှိသည်။ လောင်းအိုင်လန် လူသတ်မှုများအတွက် ဖမ်းဆီးမှုပြုနိုင်မည့် သတင်းအချက်အလက်ပေးနိုင်သူအား ချီးမြှင့်မည့် ဆုငွေ ကို ဒေါ်လာ ၅၀၀၀ မှ ၂၅၀၀၀ အထိ (ကောင်တီသမိုင်းတလျောက် အများဆုံး) ဆပ်ဖော့ခ်ကောင်တီ ရဲဌာနက ၂၀၁၁ ဇွန် ၁၆ ရက် တွင် တိုးမြှင့်ခဲ့သည်။[၁၆]

စက်တင်ဘာ ၂၀ တွင် မတ်နှင့်ဧပြီတွင် ဖော်ထုတ်တွေ့ရှိခဲ့သော အမည်မတပ်နိုင်သေးသည့် သားကောင် ၂ ဦး၏ ခဲခြစ် ပုံကြမ်း၊ ဧပြီ ၄ နှင့် ၁၁ ရက် အသီးသီးတို့တွင် တူးဖော်ရရှိသည့် လမ်းလျှောက်တတ်စ မိန်းကလေးနှင့် မိခင်တို့၏ ကိုယ်ပေါ်၌ တွေ့ရှိရသော လက်ဝတ်ရတနာများ၏ ဓာတ်ပုံတို့ကို ရဲဌာနက ထုတ်ပြန်ခဲ့သည်။[၁၇] Nassau ကောင်တီ၌ ဧပြီ ၁၁ ရက်တွင်တွေ့ရသော အကြွင်းအကျန်အစုံလိုက်များအနက်မှ တစ်စုံမှာ ကလေးငယ်၏ မိခင်ဟု အဆိုရှိသည်။ Nassau ကောင်တီ၌ ဧပြီ ၁၁ ရက်တွင် တူးဖော်ရရှိသည့် ရုပ်အလောင်းအကြွင်းအကျန် ဒုတိယတစ်စုံမှာ ၁၉၉၁ ခုနှစ်က မီးကျွန်းပေါ် တင်ကျန်ရစ်သည့် အမှိုက်အိတ်တွင်းမှ တွေ့ရှိရသော ခြေထောက် ၂ ချောင်းနှင့် ကိုက်ညီမှုရှိကြောင်း စက်တင်ဘာ ၂၀ တွင် ရဲဌာနက ထုတ်ဖော်ပြောကြားသည်။[၁၇][၁၈] စုံစမ်းမှုစတင်ချိန်မှစ၍ ၂၀၁၁ စက်တင်ဘာ ၂၂ တိုင်အောင် စာသား၊ အီးမေးလ် နှင့် ဖုန်းများမှ သတင်းပေးမှု ၁၂၀၀ ကျော်ကို ရဲဌာနက လက်ခံရရှိသည်။[၁၈]

လူသတ်မှု ၁၀ ခုလုံးမှာ လူတစ်ဦးတည်း၏ လက်ချက်ဖြစ်ပြီး ထိုသူမှာ လောင်းအိုင်လန်ကသာဖြစ်ရန် သေချာလုနီးပါး ရှိသည်ဟု ယုံကြည်ရကြောင်း ၂၀၁၁ နိုဝင်ဘာ ၂၉ တွင် ရဲဌာက ကြေညာသည်။ တစ်ဦးတည်းသောလူသတ်သမား အယူအဆမှာ အခြေအနေအရပ်ရပ်မှ တူညီသောလက္ခဏာများ ၊ အလောင်းများ၏ သေမှုသေခင်းစစ်ဆေးမှု အထောက်အထားများနှင့် ဆက်စပ်မှုရှိသည်။[၁၉]

ရှန်နန်ဂီးလ်ဘာ့တ်၏ ရုပ်အလောင်းအကြွင်းအကျန်ကို သူမပျောက်ဆုံးသွားသည့်နေရာမှ မိုင်ဝက်ခန့်အကွာ နွံတောတွင်း မှ တွေ့ရှိရသည်ဟု ၂၀၁၁ ဒီဇင်ဘာ ၁၃ တွင် ရဲဌာနက ကြေညာသည်။ ယင်းမတိုင်မီ တစ်ပတ်ခန့်က သူမ၏ အဝတ်အစား နှင့် အသုံးအဆောင်များကို ထိုနေရာအနီးတဝိုက်တွင်ပင် တွေ့ရှိခဲ့ပြီးဖြစ်သည်။ နွံတောအတွင်း ခြေချော်ကျကာ မတော်တဆ ရေနစ်သေဆုံးခဲ့သည်ဟု ရဲများက ယူဆသော်လည်း သူမ၏ မိခင်ဖြစ်သူက သဘောမတူညီပေ။ သူမအား ညအမှောင်ထဲ ထွက်မပြေးခင် နယ်ခံအိမ်တံခါးများကို ထုနှက်နေပြီး အကူအညီအော်ဟစ်တောင်းနေသည်ကို နောက်ဆုံးတွေ့မြင်ခဲ့ရသည်။ ထိုညက နိုင်းဝမ်းဝမ်း သို့ ခေါ်ဆိုပြီး အသက်အန္တရာယ်ရှိသည်ဟု တိုင်ကြားခဲ့သည်။

အက်ဖ်ဘီအိုင်က တရားဝင် ပါဝင်လာပြီဖြစ်ကြောင်းကို ဆပ်ဖော့ခ်ကောင်တီ ရဲမင်းကြီး တမ်(မ်)စီးနီက ၂၀၁၅ ဒီဇင်ဘာတွင် ကြေညာသည်။ ယင်းမတိုင်မီ ၁ ရက်က အောက်တိုဘာလက နုတ်ထွက်ခဲ့သော ရဲမင်းကြီးဟောင်း ဂျိမ်းစ်ဘာ့ခ်ကို ရဲအကြမ်းဖက်မှု နှင့် အခြားကိစ္စများအတွက် ရုံးတင်စွဲဆိုသည်။ လောင်းအိုင်လန် ကွင်းဆက်လူသတ်မှုသို့ အက်ဖ်ဘီအိုင် ပါဝင်လာနိုင်ခြင်းမရှိအောင် ၎င်းက နှစ်ပေါင်းများစွာ ပိတ်ဆို့ဟန့်တားထားခဲ့သည်ဟု အဆိုရှိသည်။[၂၀] အက်ဖ်ဘီအိုင် ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ တရားဝင်ပါဝင်မှုကို အတည်ပြုခဲ့သည်။ ယခင်က သားကောင်များ ရှာဖွေရာ တွင် အကူအညီပေးခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုတွင် တရားဝင်ပါဝင်ခြင်းမရှိခဲ့ပေ။[၂၁]

၁၉၉၃ နှင့် ၁၉၉၄ ခုနှစ်များတွင် ပြည့်တန်ဆာ ၂ ဦးအား သတ်မှုအတွက် ၂၀၁၇ မေတွင် တရားရုံးတင်စွဲဆိုခံရပြီး စက်တင်ဘာတွင် ပြစ်ဒဏ်ချခံရသူ မနောဗီးလ်မှ လက်သမား ဂျွန်ဘစ်တ်ထရော့လ်ဖ်သည် လောင်းအိုင်လန်ကွင်းဆက် လူသတ်မှုများအနက်မှ အနည်းဆုံး ၁ ခုတွင် သံသယရှိခံရသူဖြစ်သည်ဟု ကောင်တီ ရှေ့နေချုပ်ရုံးမှ ဆပ်ဖော့ခ် အစိုးရရှေ့နေ ရောဘတ် ဘီယန်ခါဗီလာက ၂၀၁၇ စက်တင်ဘာ ၁၂ တွင်ကြေညာသည်။ ဒီအဲန်အေအရ ဘစ်တ် ထရော့လ်ဖ်မှာ ၁၉၉၀ လူသတ်မှုများနှင့် ဆက်နွယ်မှုရှိခဲ့သည်။ လောင်းအိုင်လန်လူသတ်မှု စုံစမ်းစစ်ဆေးရေးမှာ အပြီးသတ်ခြင်းမရှိသေးသည့်အတွက် ရဲများက မှတ်ချက်ပြုခြင်း မရှိခဲ့ပါ။[၂၂][၂၃] အမည်မဖော်နိုင်သော သားကောင်များနှင့် လူသတ်သမားဖြစ်ဖွယ်ရှိသူကို မျိုးရိုးဗီဇနည်းပညာအသုံးပြုပြီး ဖော်ထုတ်သတ်မှတ်ရန် အဆိုပြုချက်ကို ၂၀၁၉ ဇွန်လ တွင် တင်သွင်းခဲ့သည်။[၂၄]

Remove ads

လူသတ်သမား၏ ကောက်ကြောင်း

"ဂျိုးစီ" (အမည်မသိ) ဟု ရဲများက ရည်ညွှန်းသည့် လူသတ်သမား၏ ကိုယ်ရေးကောက်ကြောင်းကို မီဒီယာများက ခန့်မှန်းခဲ့သည်။ လောင်းအိုင်လန် တောင်ပိုင်းကမ်းရိုးတန်းနှင့် အကျွမ်းတဝင်ရှိသူ၊ အလောင်းများ ထည့်သွင်း စွန့်ပစ်ရန် ဂုန်နီအိတ်များ အလွယ်တကူ ရနိုင်သူ၊ အသက် ၂၀ တွင်းမှ ၄၀ နှစ် ပတ်လည်ရှိ လူဖြူအမျိုးသား ဖြစ်နိုင်ဖွယ် ရှိသည်ဟု နယူးယောက်တိုင်းမ်စ် သတင်းစာက ဆိုသည်။[၂၅] ဥပဒေစိုးမိုးရေးနည်းနာဆိုင်ရာ အသိသုတ အသေးစိတ်ကို နားလည်သဘောပေါက်ပြီး ဥပဒေစိုးမိုးရေးနှင့် ဆက်နွယ်မှုရှိသူဖြစ်နိုင်သောကြောင့် ယခုအချိန်ထိ စက်ကွင်းမှ လွတ်နေခြင်းဖြစ်နိုင်ဖွယ်ရာရှိသည်ဟု ဆိုသည်။[၂၅][၂၆]

၂၀၁၁ မတ်နှင့်ဧပြီတွင် တွေ့ရှိရသည့် အလောင်းများအနက် အချို့မှာ လောင်းအိုင်လန်ဒေသခံဟောင်း ကွင်းဆက် လူသတ်သမား ဂျိုဝဲလ်ရစ်ဖ်ကင် ၏ လက်ချက်ဖြစ်နိုင်ကြောင်း နယူးစ်ဒေး သတင်းထောက်များက ခန့်မှန်းသည်။ သားကောင်များအနက် ၄ ဦး၏ ကိုယ်ခန္ဓာအပြည့်အစုံကို မတွေ့ရပေ။[၂၇] ၂၀၁၁ ဧပြီလအတွင်း နယူးစ်ဒေး သတင်းစာ နှင့် အင်တာဗျူး၌ လတ်တလောဖော်ထုတ်ရမိသော အလောင်းများနှင့် သက်ဆိုင်မှုတစုံတရာမရှိဟု ရပ်ဖ်ကင်က ငြင်းဆိုသည်။[၂၇]

Remove ads

သံသယဖြစ်ဖွယ်ရှိသူများနှင့် အာရုံထားခံရသူများ

ဂျိမ်းစ် ဘာ့ခ်

ဆပ်ဖော့ခ်ကောင်တီ ရဲမှူးကြီး ဂျိမ်းစ်ဘာ့ခ်မှာ လောင်းအိုင်လန်လူသတ်မှုများနှင့်ပတ်သက်မှုရှိကြောင်း သူနှင့် အဆက်အဆံလုပ်ဖူးသူ ကြေးကြီးအပျော်မယ်တစ်ဦးက ပြောသည်ဟု ဂီးလ်ဘာ့တ် မိသားစုရှေ့နေက ၂၀၁၆ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဆိုသည်။[၂၈]  လိင်အပျော်ရုပ်များပါဝင်သည့် လက်ဆွဲခရီးဆောင်အိတ် နှင့် ညစ်ညမ်းပစ္စည်းများအား သူ၏ ကားတွင်းမှ ခိုးယူသူ အမျိုးသားတစ်ဦးအား ရိုက်နှက်မှုအတွက် ဖက်ဒရယ်အကျဉ်းထောင်၌ ၄၆ လ ထောင်ဒဏ်အပြင် ထောင်မှလွှတ် ပြီးသည့်နောက် ၃ နှစ်တိုင် စောင့်ကြပ်ကြည့်ရှုခံရန် ၂၀၁၆ နိုဝင်ဘာတွင် ဘာ့ခ်အား ပြစ်ဒဏ်ချမှတ်လိုက်သည်။ ပြည်သူ့ရပိုင်ခွင့်ချိုးဖောက်မှု နှင့် တရားဥပဒေအား အနှောင့်အယှက်ပြုရန် လျှို့ဝှက် ကြံစည်မှု စွဲချက်များအတွက် အပြစ်ရှိကြောင်း ဘာ့ခ်က ၂၀၁၆ ဖေဖော်ဝါရီ၌ ဝန်ခံခဲ့သည်။[၂၉] အုတ်ခ် ကမ်းခြေပါတီတခု၌ ဘာ့ခ်နှင့် "ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံ" ကြောင်း ကြေးကြီးအပျော်မယ်တစ်ဦးက သတင်းပေးသည်ဟု ဂီးလ်ဘာ့တ်၏ ရှေ့နေက ဒီဇင်ဘာတွင် ပြောဆိုလိုက်သည်။ ဘာ့ခ်အနေဖြင့် ရဲမှူးကြီး တာဝန်ထမ်းခဲ့စဉ်အတွင်း လောင်းအိုင်လန် ကွင်းဆက်လူသတ်မှုအား အက်ဖ်ဘီအိုင်က စစ်ဆေးမှုကို ပိတ်ပင်တားမြစ်ခဲ့သည်ဟု သတင်းပေးခံရသည်။[၃၀]

ဂျွန်ဘစ်တ်ထရော့လ်(ဖ်)

ဆပ်ဖော့ခ်ကောင်တီနေ ဂျွန်ဘစ်တ်ထရော့လ်(ဖ်) မှာ လောင်းအိုင်လန်ကွင်းဆတ်လူသတ်မှုများအနက် အနည်းဆုံး ၁ ခု နှင့်ပတ်သက်ပြီး သံသယရှိသူဖြစ်သည်ဟု ဆပ်ဖော့ခ်ကောင်တီ အစိုးရရှေ့နေ ရောဘတ် ဘျန်ခဗီလာက ၂၀၁၇ စက်တင်ဘာ ၁၂ ၌ ပြောသည်။ ဂီလ်ဂိုကမ်းခြေ မှုခင်းဖြစ်ပွားရာနေရာများနှင့် ဘစ်တ်ထရော့လ်၌ အပြစ်ရှိကြောင်း ထင်ရှားသည့် လူသတ်မှုများအကြား (ယင်းအမှုများအတွက် ၂၀၁၇ မေတွင် ရုံးတင်ခံရပြီး စက်တင်ဘာတွင် ပြစ်ဒဏ် ချမှတ်ခံရသည်) ဆင်တူမှုများရှိရာ အခြားအမျိုးသမီးများ၏ သေဆုံးမှုအတွက်လည်း ဘစ်တ်ထရော့လ်မှာ တာဝန် ရှိနိုင်သည်ဟု ၎င်းကဆိုသည်။[၂၂][၃၁][၃၂]

၁၉၉၃ နှင့် ၁၉၉၄ ခုနှစ်တွင် အသီးသီးထွက်ပေါ်လာသည့် ပြည့်တန်ဆာအမျိုးသမီး ၂ ဦးဖြစ်ကြသော ရီတာတန်ဂရက်ဒီ နှင့် ကောလင်းမက်နမီးတို့၏  ရုပ်အလောင်းများမှ တွေ့ရှိရသော မျိုးရိုးဗီဇ (ဒီအဲန်အေ) နှင့် ဆက်နွယ်ပြီး ၂၀၁၄ ၌ ဘစ်တ်ထရော့လ်(ဖ်) ဖမ်းဆီးခံရသည်။ (အခြားဆက်စပ်မှုမရှိသော အမှုအခင်းတခုအတွက် ၂၀၁၃ ခုနှစ်၌ ရုံးတင် စွဲဆိုခံရသော ၎င်း၏အစ်ကိုထံမှ ရရှိသည့် ဒီအဲန်အေမှ တဆင့် တိုက်ဆိုင်စစ်ဆေးမှုပြုခဲ့ခြင်း ဖြစ်သည်)[၂၂] ၂၀၁၇ မေလတွင် ဤလူသတ်မှုများအတွက် အပြစ်ရှိကြောင်း ရုံးတင်စွဲဆိုခံရပြီး ထောင်ဒဏ် ၂၅ နှစ် တစပ်တဆက်တည်း ကျခံရန် စက်တင်ဘာတွင် ချမှတ်ခံရသည်။[၂၂] လောင်းအိုင်လန် လူသတ်မှုများမှာ စုံစမ်းစစ်ဆေးဆဲဖြစ်သောကြောင့် ဆပ်ဖော့ခ် ကောင်တီ ရဲဌာနက အစိုးရရှေ့နေ၏ ပြောဆိုချက်အပေါ်မှတ်ချက်မပြုခဲ့ပေ။ ဘစ်တ်ထရော့လ်၏ အမှုလိုက်ရှေ့နေက အစိုးရရှေ့နေ၏ စွပ်စွဲချက်ကို ပယ်ချသည်။[၃၁]

အိမ်ထောင်ရှိ လက်သမား ဘစ်တ်ထရော့လ်(ဖ်)သည် လောင်းအိုင်လန် ကွင်းဆက်လူသတ်မှု သားကောင် ဂျက်ဆီကာ တိုင်လာ နှင့် "ဂျိန်းဒိုး နံပါတ် ၆" တို့၏ ကိုယ်အထက်ပိုင်းအား ဖော်ထုတ်တွေ့ရှိရာမှ ၃ မိုင်အကွာရှိ မနောဗီးလ်တွင် နေထိုင်ခဲ့သည်။ (အောက်ပါ သားကောင်များကဏ္ဍတွင် ရှု) ဘစ်တ်ထရော့လ်(ဖ်)သည် တိရစ္ဆာန်များအား သတ်ဖြတ် ရသည်ကို သဘောတွေ့သော မုဆိုးတဦးဟု ဘျန်ခဗလီက ပြောသည်။[၃၂]

ဘစ်တ်ထရော့လ်(ဖ်)၏ သားကောင်များအနက်မှ တစ်ဦးဖြစ်သူ ရီတာတန်ဂရက်ဒီ၏ အရွယ်ရောက်ပြီးသော သမီးဖြစ်သူမှာ ဂီလ်ဂို ကမ်းခြေသားကောင်များအနက်မှ တစ်ဦးဖြစ်သည့် မလစ်ဆာဘာသဲလမီ၏ "အရင်းနှီးဆုံး သူငယ်ချင်း" ဖြစ်သည်ဟု အဆိုရှိကြသည်။[၃၃] သူမ၏သမီးဖြစ်သူမှာ မသေဆုံးမီ မနောဗီးလ်သို့ သူမ၏ဖုန်းမှ ကြိမ်ဖန်များစွာ ခေါ်ဆိုခဲ့ကြောင်း ဘာသဲလမီ၏ မိခင်ဖြစ်သူက ဆိုသည်။[၃၁][၃၃]

ဂျိုးဆက်ဖ် ဘရူဝါ

ရှန်နန်ဂီးလ်ဘာ့တ်အား အသက်ရှင်လျက် နောက်ဆုံးမြင်လိုက်ရသူအနက် တစ်ဦးမှာ ဂျိုးဆက်ဖ်ဘရူဝါဖြစ်သည်။ သူမ ပျောက်ဆုံးသွားသည့်ညက ကြေးကြီးအပျော်မယ်အဖြစ် ခရိတ်လစ်မှတဆင့် ငှားရမ်းခဲ့ခြင်းဖြစ်သည်။ သူ့အိမ်သို့ ဂီးလ်ဘာ့တ်ရောက်လာပြီး မကြာမီ ဂဏှာမငြိမ်ဖြစ်လာကာ ညအမှောင်ထဲသို့ထွက်ပြေးသွားသည်ဟု ဘရူဝါက ပြောသည်။ သူမအား အုတ်ခ်ကမ်းခြေတလျောက် ပြေးလွှားနေပြီး ဘရူဝါ အိမ်နီးချင်းများ၏ အိမ်တံခါးများအား လိုက်လံထုနှက်နေသည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။ ထိုအချိန်အတွင်း "သူတို့သတ်ရန်ကြိုးစားနေသည်" ဟု ဂီးလ်ဘာ့တ်က နိုင်းဝမ်းဝမ်းသို့ ခေါ်ဆိုတိုင်ကြားသည်။ သို့သော် အမှားအယွင်းတစုံတရာ မတွေ့ရသဖြင့် ဘရူဝါအား သံသယဖြစ်ဖွယ်စာရင်းမှ မြန်မြန်ဆန်ဆန် ရှင်းလင်းပေးလိုက်သည်။[၃၄]

ဒေါက်တာ ပီတာဟက်ကတ်

ဂီးလ်ဘာ့တ်ပျောက်ဆုံးပြီး ၂ ရက်အကြာ၌ အုတ်ခ် ကမ်းခြေနေ ဒေါက်တာပီတာဟက်ကတ်က မိခင်ဖြစ်သူ မာရီဂီးလ်ဘာ့တ်ကို ဖုန်းခေါ်ဆိုပြီး "လမ်းမှားလိုက်သည့်မိန်းကလေးများအတွက် ဂေဟာဖွင့်ထား" ပြီး ဂီးလ်ဘာ့တ်အား စောင့်ရှောက်ထားသည်ဟု သူကပြောသည်ဟု သူမက နောက်ပိုင်း၌ ပြန်ပြောင်းပြောပြသည်။ ၃ ရက်အကြာတွင် သူက မိခင်ဖြစ်သူထံ ဖုန်းထပ်မံခေါ်ဆိုကာ သူမ၏ သမီးဖြစ်သူနှင့် အဆက်အသွယ်မရှိခဲ့သည့်အပြင် မာရီဂီးလ်ဘာ့တ်ကိုလည်း ဖုန်းမခေါ်ခဲ့ဟု ငြင်းဆိုသည်။ ပျောက်ဆုံးပြီးနောက် ဟက်ကတ်က မာရီထံ ဖုန်း ၂ ကြိမ်ခေါ်ဆိုထားကြောင်း အမှုလိုက်များက နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။ ဂီးလ်ဘာ့တ်၏ ရုပ်ကြွင်းကို တွေ့ရှိရာ ရွှံ့နွံ့ထူသောနေရာမှာ ဟက်ကတ်၏ နေအိမ်ခြံဝင်း အနီးမှာပင်ဖြစ်သည်။ ယင်းမနက်က ဂီးလ်ဘာ့တ်အား အိမ်တွင်း ခေါ်ဆောင်ခဲ့ပြီး ဆေးပေးကာ သေဆုံးစေရန် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲချက်နှင့်အတူ တရားမျှတမှုကင်းမဲ့သော သေမှုသေခင်းဖြင့် ဟက်ကတ်အား ၂၀၁၂ တွင် ဂီးလ်ဘာ့တ်၏ မိသားစုက တရားစွဲဆိုခဲ့သည်။ ဖြစ်ရပ်ကြီးကြီးကျယ်ကျယ်များတွင် သူပါဝင်ရအောင်ကြံဆောင်ခြင်း သို့မဟုတ် သူ၏ အခန်းကဏ္ဍကို ချဲ့ကားတတ်လေ့ရှိသည်ဟု နောက်ပိုင်း၌ ရဲများက ဖော်ထုတ်ခဲ့သည်။ ဂီးလ်ဘာ့တ်ပျောက်ဆုံးသည့် ညက ဟက်ကတ်၏ ဇနီးနှင့် ကလေး ၂ ဦး အိမ်တွင် ရှိသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ဂီးလ်ဘာ့တ် နှင့် အခြား လောင်းအိုင်လန်သားကောင်များ သေဆုံးမှုအတွက် သံသယရှိခံရသူများ စာရင်းမှ ဟက်ကတ်အား ရဲများက ပယ်ဖျက်လိုက်သည်။[၃၅]

Remove ads

သားကောင်များ

၂၀၁၀ ဒီဇင်ဘာတွင် ဖော်ထုတ်တွေ့ရှိရသည့် ရုပ်အလောင်းများ

၂၀၁၀ နှောင်းပိုင်းမှ စတင် ဖော်ထုတ်ရမိသော လူသေအလောင်း ၁၀ အနက် ၂၀၁၀ ဒီဇင်ဘာ၌ တွေ့ရသည့် ၄ လောင်းမှာ ခရိတ်လစ်စ်ပေါ် ဖောက်သည်ရှာကြသည့် ပျောက်ဆုံးလျက်ရှိသော ပြည့်တန်ဆာများဖြစ်သည်။ လူတိုင်း လည်ပင်းညှစ် အသတ်ခံရပြီး ၎င်းတို့၏ အလောင်းများကို ဂီးလ်ဂိုကမ်းခြေတလျောက် မစွန့်ပစ်မီ ဂုန်နီ အိတ်တွင်း ထုပ်ပိုးခံထားရသည်။[၃၆] ၎င်းတို့အားလုံး အခြားတနေရာတွင် အသတ်ခံရခြင်းဖြစ်သည်ဟု ယူဆရသည်။

မည်သူမည်ဝါဖြစ်ကြောင်းသိရှိပြီးသူများ

  • ကွန်နတီကတ်ပြည်နယ် နောဝစ်ချ်မှ အသက် ၂၅ နှစ် အရွယ်ရှိ အွန်လိုင်းမှဖောက်သည်ရှာသူ ကြေးကြီးအပျော်မယ် မော်ရင်း ဘရိန်နာ့ဒ်-ဘန်းစ် ။ အရပ် ၄ ပေ ၁၁ လက်မ ၊ ၁၀၅ ပေါင်ရှိ မော်ရင်းအား ၂၀၀၇ ဇူလိုင် ၉ ရက်၌ နောက်ဆုံး တွေ့မြင်စဉ်က "နယူးယောက်စီးတီး မှာ အချိန်ဖြုန်းဖို့" အစီအစဉ်ရှိသည်ဟု သူမက ပြောသွားခဲ့ပြီးနောက် နောက်ထပ် မတွေ့ရတော့ပေ။[၃၇][၃၈] ရုန်းကန်နေရသော မိခင်တစ်ဦးဖြစ်သူ မော်ရင်းမှာ အိမ်ဖိုးဆပ်နိုင်ရန် ခရိတ်လစ်မှတဆင့် ကြေးကြီးအပျော်မယ်အဖြစ် လုပ်ကိုင်နေသူဖြစ်သည်။ ယခင်က လိင်မှုစီးပွားနယ်နှင့် ၇ လခန့် ကင်းကင်းနေခဲ့သော်လည်း အိမ်မှ ဖယ်ရှားရန် အကြောင်းကြားစာရပြီးနောက် ကုန်ကျစရိတ်များ ပေးနိုင်ရန် အလုပ်ပြန်ဆင်းခဲ့သည်။[၃၉] Her body was found in December 2010.[၄၀] ၂၀၁၀ ဒီဇင်ဘာတွင် သူမအလောင်းအား တွေ့ရှိခဲ့သည်။ မော်ရင်းပျောက်ဆုံးပြီးမကြာမီ သူမ၏ သူငယ်ချင်း ဆယ်ရာကားနစ်မှာ အမျိုးသားတစ်ဦး၏ မရင်းနှီးသည့်နံပါတ်တစ်ခုမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ ထိုသူက မကြာသေးမီက မော်ရင်းကို အသက်ထင်ရှားတွေ့ရှိရပြီး "ကွင်းစ်ရှိပြည့်တန်ဆာအိမ်" တစ်ခုတွင် နေလျက်ရှိကြောင်း ပြောခဲ့သော်လည်း သူကိုယ်တိုင်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ယင်းအိမ်လိပ်စာကို ပေးရန် ငြင်းဆိုသည်။ ဖုန်းပြန်ခေါ်ပြီး အိမ်လိပ်စာပေးမည်ဟု ပြောသော်လည်း ပြန်လည်ခေါ်ဆိုခြင်းမရှိတော့ပေ။ နယူးယောက် သို့မဟုတ် ဘော့စတွန် လေယူလေသိမ်းရှိကြောင်း ကွဲကွဲပြားပြားသိနိုင်သည့် လေသံမရှိဟု ကားနစ်က ပြောသည်
  • အီးရီကောင်တီ၊ နယူးယောက်နေ မလီဆာဘာသဲလမီ ၂၄ နှစ်မှာ ၂၀၀၉ ဇူလိုင် ၁၀ တွင် ပျောက်ဆုံးသွားသည်။ ဘရွန့်စ် တွင် နေထိုင်ပြီး ကြေးကြီးအပျော်မယ်အဖြစ် ခရိတ်လစ်မှတဆင့် ဖောက်သည်ရှာ လုပ်ကိုင်လျက် ရှိသည်။[၄၁] ပျောက်ဆုံးသည့်ညက ဖောက်သည်တစ်ဦးနှင့်တွေ့ဆုံပြီး သူမ၏ ဘဏ်အကောင့်တွင် ဒေါ်လာ ၉၀၀ အပ်နှံကာ ရည်းစားဟောင်းအမျိုးသားထံ ဖုန်းခေါ်ခဲ့သော်လည်း ဖုန်းမဝင်ခဲ့ပါ။ ပျောက်ဆုံးပြီး တစ်ပတ်အကြာမှ နောင် ၅ ပတ်တိုင်အောင် သူမ၏ ဆယ်ကျော်သက်အရွယ် ညီမငယ် အမန်ဒါထံသို့ အမျိုးသားတဦးက မလစ်ဆာ၏ ဖုန်းအသုံးပြု၍ "ရုန့်ရင်း လှောင်ပြောင်သရော် စော်ကား" သည့် ခေါ်ဆိုမှုများအား ပြုလုပ်ခဲ့သောကြောင့် ထိုသူမှာ လူသတ်သမားဖြစ်ဖွယ်ရှိသည်။ ဖုန်းခေါ်ဆိုသူက အမန်ဒါအား "အစ်မလိုပဲ မကောင်းသည့်မိန်းမ တစ်ယောက်လား" ဟု မေးမြန်းခဲ့ပြီး တစထက်တစ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ ဖြစ်လာခဲ့ပြီး မလစ်ဆာ  သေဆုံး သွားပြီဖြစ်ကြောင်း နှင့် သူမပုပ်သိုးသွားပုံကို ကြည့်နေမည်ဖြစ်ကြောင်း ဖုန်းခေါ်ဆိုသူက အမန်ဒါအား ပြောကြားကာ အဆုံးသတ်ခဲ့ သည်။ ခေါ်ဆိုမှုအချို့ကို မန်ဟက်တန်မြို့လယ် မက်ဒီဆန်ရင်ပြင်ပန်းခြံ နှင့် မဆာပကွား တို့မှ ပြုလုပ်ကြောင်း ရဲများက ခြေရာခံနိုင်ခဲ့သော်လည်း ခေါ်ဆိုသူကို ဖော်ထုတ်သတ်မှတ်နိုင်ခြင်းမရှိခဲ့ပေ။[၄၂] သူမ ပျောက်ဆုံးချိန် မလစ်ဆာ၏ဖုန်းမှ မနောဗီးလ်သို့ ခေါ်ဆိုမှုများစွာရှိခဲ့ကြောင်း မလစ်ဆာ၏ မိခင်က ပြောကြားခဲ့သည်။[၄၃] ၂၀၁၇ စက်တင်ဘာ၌ အခြားလူသတ်မှု ၂ ခုကို ကျူးလွန်ခဲ့သူ တမြို့တည်းသား လက်သမား ဂျွန်ဘစ်ထရော့လ်ဖ်အား လောင်းအိုင်လန်အမှုများအတွက် သံသယတရားခံအဖြစ် အမည်တပ်ခြင်းခံရသည်။[၄၃]
  • မိန်းပြည်နယ် တောင်ပိုင်းပေါ့တ်လန်းမှ မေးဂန်ဝါးတားမန်း အသက် ၂၂ မှာ ကြေးကြီးအပျော်မယ်အဖြစ် ခရိတ်လစ်တွင် ကြော်ငြာတင်ပြီးနောက် ၂၀၁၀ ဇွန် ၆ ရက်တွင် ပျောက်ဆုံးသွားခဲ့သည်။ ထိုရက်မတိုင်မီက သူမ၏ အသက် ၂၀ အရွယ် ရည်းစားဖြစ်သူ အမျိုးသားအား အပြင်သွားမည်ဖြစ်ပြီး ခဏကြာလျှင် ဖုန်းခေါ်မည်ဟု ပြောခဲ့သည်။ သူမပျောက်ဆုံးချိန်က ဂီလ်ဂိုကမ်းခြေ အရှေ့မြောက် ၁၅ မိုင်အကွာ နယူးယောက် Hauppauge ရှိ မိုတယ် တစ်ခုတွင် တည်းခိုလျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာတွင် သူမအလောင်းအား ဖော်ထုတ်တွေ့ရှိရသည်။[၄၄]
  • ဂီလ်ဂိုကမ်းခြေ မြောက်ပိုင်း ၁၀ မိုင်အကွာရှိ မြို့ဖြစ်သော နယူးယောက် နော့သ်ဘက်ဘလွန် မှ အသက် ၂၇ နှစ်အရွယ် အမ်ဘာလင်းကော်စတယ်လိုမှာ ဟီးရိုးအင်းဆေးစွဲနေသူ ပြည့်တန်ဆာတဦးဖြစ်ကာ ၂၀၁၀ စက်တင်ဘာ ၂ ရက်နေ့၌ ပျောက်ဆုံးခဲ့သည်။[၄၄] ထိုညက သူမထံ ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုပြီး အလုပ်အတွက် ဒေါ်လာ ၁၅၀၀ ကမ်းလှမ်းသော သူစိမ်းတစ်ဦးနှင့်တွေ့ဆုံရန် ထွက်သွားသည်ဟု ဆိုသည်။[၄၅] ကော်စတယ်လို၏ ညီမဖြစ်သူ အပျော်မယ် ကမ်ဘာလေအိုဗာစတျိက လူသတ်သမားကို မျှားခေါ်ရန် အမဖြစ်သူ ဟန်ဆောင်ကာ ခရိတ်လစ် ဘွတ်ကင်စနစ် တခုတည်းကိုပင် အသုံးပြုခဲ့ကြောင်း ၂၀၁၂ က ဝန်ခံခဲ့သည်။[၄၆]

၂၀၁၁ မတ်နှင့် ဧပြီတို့တွင် ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းအကြွင်းအကျန်များ

ဒီဇင်ဘာလ၌တွေ့ရှိခဲ့သည့်နေရာမှ အရှေ့အရပ် ၂ မိုင်ပတ်လည်အတွင်း ရုပ်ကြွင်းများ လေးစုံကို မတ် (၂၉) နှင့် ဧပြီ (၄) ရက်နေ့တို့တွင် ရှာဖွေတွေ့ရသည်။[] အမျိုးသမီး (၂) ဦး ၊ အမျိုးသား (၁) ဦးနှင့် လမ်းလျှောက်တတ်စကလေး (၂) ဦးတို့၏ ရုပ်ကြွင်းများဖြစ်သည်။ Nassau ကောင်တီသို့ ရှာဖွေမှုချဲ့ထွင်ခဲ့ရာ ဧပြီ (၁၁) ရက်နေ့တွင် အရိုးခေါင်းနှင့် ရုပ်ကြွင်းတပိုင်းတစတို့ကို (၁) မိုင်ခြားလျက် တွေ့ရှိရသည်။[၄၇] ဒီဇင်ဘာလတွင် တွေ့ရှိရသည်များ၏ အနောက်ဘက် (၅) မိုင်ခန့်တွင် ဖြစ်သည်။[၄၈]

ဖော်ထုတ်ပြီး

  • မန်ဟက်တက်မှ အသက် ၂၀ အရွယ် ဂျက်ဆီကာတေလာသည် ၂၀၀၃ ဇူလိုင် ၂၆ တွင် ပျောက်ဆုံးသွားခဲ့သည်။ ၂၀၀၃ ဇူလိုင် ၂၆ တွင် ဖြတ်တောက်ခံထားရသော သူမ၏ ဦးခေါင်းနှင့် လက်များမပါရှိသော ကိုယ်ခန္ဓာအပေါ်ပိုင်းကို ဗလာကျင်းလျက် နယူးယောက် မနောဗီးလ်ရှိ ဂီးလ်ဂိုကမ်းခြေ အရှေ့ရပ် ၄၅ မိုင်တွင် တွေ့ရသည်။[၄၉] ထိုနှစ် နှောင်းပိုင်တွင် ဒီအဲန်အေ ခွဲခြမ်းဆန်းစစ်မှုများအရ ဤအစိတ်အပိုင်းများအား ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။ လောင်းအိုင်လန်အဝေးပြေးလမ်းပေါ် ဟယ်လ်ဇီမနောလမ်း ဖြတ်သန်းသွားသည့်နေရာမှ မြောက်ဘက် ချဉ်းကပ်လမ်း လမ်းချော အဆုံးပိုင်းရှိ သစ်သားဖြတ်စပုံထက်တွင်  တေလာ၏ ကိုယ်အထက်ပိုင်းကို တွေ့ရခြင်း ဖြစ်သည်။ ကိုယ်အောက်တွင် ပလတ်စတစ်အခင်းကိုတွေ့ရှိရပြီး ချွန်ထက်သောလက်နက်ဖြင့် သူမကိုယ်ပေါ်မှ တက်တူးကို လှီးထုတ်ထားသည်။[၅၀] မတ် ၂၉ တွင် ဂီလ်ဂို၌ တွေ့ရသည့် အရိုးခေါင်း ၊ လက်တစုံ နှင့် လက်မောင်းတို့မှာ တေလာနှင့် ကိုက်ညီမှုရှိကြောင်း ၂၀၁၁ မေ ၉ တွင် သတင်းထုတ်ပြန်သည်။[၅၁][၅၂] ဝါရှင်တန် ဒီစီနှင့် မန်ဟက်တန်တို့တွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့သည်။[][၅၃]

မဖော်ထုတ်ရသေးသူများ

  • "ဂျိန်းဒိုး နံပါတ် ၆"- လူဦးခေါင်း၊ ညာခြေ နှင့် လက်များကို ၂၀၀၀ ပြည့်နှစ် ဧပြီ ၄ ရက်တွင် တွေ့ရှိရာ အမည်မဖော်နိုင်သော သားကောင်တစ်ဦးအဖြစ်သတ်မှတ်ခဲ့သည်။ နောင်တွင် ဂျက်ဆီကာတေလာ၏ ခန္ဓာရုပ်ကြွင်း အများစုအား တွေ့ရှိရာ မနောဗီးလ်၌ပင် သူမ၏ ခန္ဓာကိုယ် ကျန်ရှိအစိတ်အပိုင်းများအား ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ ၁၉ တွင် တွေ့ရသည်။ ဓာတ်အားပေးလိုင်း၊ ဓာတ်အားပေးလိုင်းချဉ်းကပ်လမ်းအနီး ကပ်လျက် ဟယ်လ်ဇီးမနာ လမ်း နှင့် မီးလ်လမ်း လမ်းဆုံအနီး တောအုပ်အတွင်း စွန့်ပစ်ထားသော အမှိုက်အိတ်များအတွင်းမှ သားကောင်း၏ ကိုယ်အထက်ပိုင်းကို တွေ့ရသည်။ သူမ၏ညာခြေကို ခြေမျက်စိအထက်ပိုင်းမှ ခုတ်ဖြတ်ထားသည့်အတွက် မှတ်မိနိုင်သည့် အမှတ်အသား သို့မဟုတ် တက်တူးကို ဖုံးထားနိုင်ရန် ဖြစ်ဖွယ်ရှိသည်။ ဂျက်ဆီကာတေလာ နှင့် ဂျိန်းဒိုး နံပါတ် ၆ တို့၏ ဖြတ်တောက်စိတ်ပိုင်းခံထားရသော အလောင်းအကြွင်းအကျန်များအား တစ်မြို့တည်း၌ တစ်ပုံစံတည်း စွန့်ပစ်ထားသည့်အတွက် အချိတ်အဆက်ရှိပုံပေါ်သည်။ ဂျိန်းဒိုး နံပါတ် ၆ ၏ ခဲခြစ်ပုံကြမ်းအား ၂၀၁၁ စက်တင်ဘာတွင် ရဲဌာနက ထုတ်ပြန်ခဲ့ရာ အရပ် ၅ ပေ ၂ လက်မခန့် နှင့် အသက် ၁၉ နှင့် ၃၅ ကြားရှိပုံပေါ်သည်။ ပြည့်တန်ဆာအဖြစ်အသက်မွေးခဲ့ဟန်ရှိသည်။[၁၇]
  • "ဂျွန်ဒိုး" - ၂၀၁၀ ဒီဇင်ဘာတွင် ဖော်ထုတ်ရမိသော ပထမအလောင်း ၄ လောင်းနှင့် အလွန်နီးကပ်သောနေရာ ဂီလ်ဂိုကမ်းခြေ၌ ၂၀၁၁ ဧပြီ ၄ တွင် တွေ့ရသည့် ခန္ဓာကိုယ်မှာ တုံးသောလက်နက်ဖြင့် ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် သေဆုံးသည့် အာရှသား ငယ်ရွယ်သောအမျိုးသားဖြစ်ဟန်ရှိသည်။[][၅၂] ၂၀၁၁ စက်တင်ဘာတွင် သားကောင်၏ ခဲခြစ်ပုံကြမ်းကို ရဲဌာက ထုတ်ပြန်ခဲ့ပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးသူဖြစ်နိုင်ကြောင်း နှင့် သေဆုံးချိန်က အမျိုးသမီးအဝတ်များကို ဝတ်ဆင်ထားကြောင်း ဖော်ပြသည်။[၁၇] အသက် ၁၇ နှင့် ၂၃ အကြား၊ အရပ် ၅ ပေ ၆ လက်မ ရှိပြီး သွား ၄ ချောင်း ပျောက်ဆုံးနေကာ သေဆုံးပြီးသည်မှာ ၅ နှစ်မှ ၁၀ နှစ်အထိ ရှိနေနိုင်သည်။[၁၇] အမျိုးသမီးတစ်ဦး အသွင်နေထိုင်ခဲ့ဟန်ရှိပြီး အမျိုးသမီးမဟုတ်ကြောင်း လူသတ်သမားက သိရှိသွားသည့်အတွက် အသတ်ခံရဖွယ်ရှိ သည်ဟု ယူဆသည်။ သူ့တွင် အရိုးကြွက်သားဖွဲ့စည်းပုံ မူမမှန်သောရောဂါရှိသဖြင့် သွားပုံလာပုံကို ထိခိုက်နိုင်ဖွယ်ရှိသည်။[၅၄]
  • "ဘေဘီဒိုး" - ၂၀၁၁ ဧပြီ ၄ ရက်တွင် "ဂျိန်းဒိုး နံပါတ် ၆" ၏ အကြွင်းအကျန်တပိုင်းတစကို တွေ့ရှိရာမှ ပေ ၂၅၀ အကွာတွင် တွေ့ရှိရသော တတိယမြောက်အလောင်းမှာ ၁၆ မှ ၂၄ လသား မိန်းခလေး ဖြစ်ပြီး အရိုးစုတစ်ခု ဖြစ်သည်။[၅၅] စောင်တစ်ခုနှင့် ထုပ်ပိုးထားပြီး မြင်သာသည့် ဒဏ်မတွေ့ရှိရ။ ဒီအဲန်အေ စစ်ဆေးမှုအရ ကလေး၏မိခင်မှာ ဂျုန်းစ်ကမ်းခြေ ပြည်နယ်ပန်းခြံအနီး အရှေ့ ၁၀ မိုင်တွင် တွေ့ရသည့် "ဂျိန်းဒိုး နံပါတ် ၃" ဖြစ်သည်။[၅၆] ကလေးမှာ လူဖြူမဟုတ်သူဖြစ်ပြီး ရွှေနားကပ် ၊ ရွှေဆွဲကြိုး ဝတ်ဆင်ထားသည်။[၅၆][၁၈]
  • "သစ်တော်သီးများ/ဂျိန်းဒိုး နံပါတ် ၃" - ၁၉၉၇ ဇွန် ၂၈ တွင် နယူးယောက်၊ လိတ်ခ်ဗျူးမြို့တွင်း ဟမ့်စတက်ကန် ပြည်နယ်ပန်းခြံ၌ တွေ့ရသော အမည်မဖော်နိုင်သည့် အာဖရိကန်-အမေရိကန်လူမျိုး အမျိုးသမီးငယ်တစ်ဦး၏ ဖြတ်တောက်ခံထားရသော ခန္ဓာကိုယ်အပေါ်ပိုင်းဖြစ်သည်။ ကန်အနောက်ဘက် ပတ်လမ်းဘေးတွင် စွန့်ပစ်ထားသော အစိမ်းရောင် ပလတ်စတစ်ပုံးအတွင်းမှ ခန္ဓာကိုယ်ကို တွေ့ရှိရခြင်းဖြစ်သည်။ တကိုက်ကိုက်ခံထားရသည့် အသဲပုံ သစ်တော်သီး နှင့် အသီးအူတိုင်မှ သူမ၏ ဘယ်ဘက်ရင်သားပေါ် စီးကျနေသည့် အစက် ၂ စက်ပုံ တက်တူးပါရှိသည်ဟု အမှုလိုက်များက သတင်းပေးသည်။ ၂၀၁၁ ဧပြီ ၁၁ တွင် ကောင်တီရဲဌာနက ဂျုန်းစ်ကမ်းခြေ ပြည်နယ်ပန်းခြံ၌ ဖြတ်တောက်ခံထားရသော လူ့အရိုးအပိုင်းအစများကို ပလတ်စတစ်အိတ်တလုံးအတွင်းမှ တွေ့ရှိရသဖြင့် "ဂျိန်းဒိုး နံပါတ် ၃" ဟု အမည်ပေးခဲ့သည်။ ဒီအဲန်အေ ခွဲခြမ်းစိတ်ဖြာစစ်ဆေးမှုအရ သားကောင်မှာ "ဘေဘီဒိုး" ၏ မိခင်ဖြစ်ကြောင်းတွေ့ရှိရသည်။[၅၆] "ဘေဘီဒိုး" နှင့်ဆင်တူ ရွှေလက်ဝတ်ရတနာ ဝတ်ဆင်ထားသည်ကို လည်း တွေ့ရသည်။ ၂၀၁၆ ဒီဇင်ဘာတွင် သစ်တော်သီးများနှင့် ဂျိန်းဒိုး နံပါတ် ၃ မှာ တစ်ဦးတည်းဖြစ်ကြောင်း အတည်ပြုနိုင်သည်။[၅၇]
  • "ဂျိန်းဒိုး နံပါတ် ၇/မီးကျွန်း ဂျိန်းဒိုး" - ၂၀၁၁ ဧပြီ ၁၁ တွင် တူဘေးကမ်းခြေအနီး၌ လူ့အရိုးခေါင်းနှင့် သွားအနည်းငယ်ကို သီးခြားစီဖြစ်လျက်ဖော်ထုတ်ရမိသည်။[၁၉][၅၂] ၁၉၉၆ ဧပြီ ၂၀ ၌ မီးကျွန်းပေါ် တင်ကျန်လာသည့် အမှိုက်အိတ်အတွင်းမှ ဖြတ်တောက်ထားသည့် ခြေထောက်တစ်စုံနှင့် ဒီအဲန်အေအရ ဆက်စပ်မှုရှိကြောင်း တွေ့ရသည်။[၅၆] သားကောင်၏ ဘက်ခြေထောက်ပေါ်တွင် ခွဲစိတ်ဒဏ်ရာအမာရွတ်ရှိသည်။[၅၈]

အခြားဖြစ်နိုင်ဖွယ်ရာသားကောင်များ

အောက်ပါအမှုများအား အခြား ရုပ်အလောင်း ၁၀ လောင်းနှင့် တရားဝင် ချိတ်ဆက်မှုမပြုရသေးသော်လည်း ရဲများက ပြန်လှန်သုံးသပ်လျက်ရှိသည် -

  • ၁၉ နှစ် အရွယ် တီနာ ဖော့ဂလီယာအား ဝက်စ်အစ်စလစ်(ပ်)ရှိ ရောခ့်တီးဝိုင်းပွဲနေရာတစ်ခု၌ ၁၉၈၂ ဖေဖော်ဝါရီ ၁ ရက်နေ့  နံနက်စောစောက နောက်ဆုံးမြင်တွေ့လိုက်ရသည်။ သူမအား တောင်တက်သမားတစ်ဦးအဖြစ် သိကြသည်။ သူမ၏ ဖြတ်တောက်စိတ်ပိုင်းခံထားရသော ခန္ဓာကိုယ်ကို ပို့ဆောင်ရေးဌာနအလုပ်သမားများက ဖေဖော်ဝါရီ ၃ ရက်က ပြည်နယ်တောင်ပိုင်းဥယျာဉ်ပတ်လမ်း လမ်းပခုံးပေါ်၌ တွေ့ခဲ့ကြသည်။ ဂီလ်ဂိုနှင့် အုတ်ခ် ကမ်းခြေသို့ ဦးတည်လျက်ရှိသော ရောဘတ်မော့စစ် တာလမ်းမှ မြောက်အရပ် မိုင်အနည်းငယ်အကွာ၌ ပလတ်စတစ် အမှိုက်အိတ် ၃ လုံးတွင်းမှ သူမရုပ်အလောင်းအပိုင်းအစများအား တွေ့ရှိရသည်။ ဖော့ဂလီယာဝတ်ဆင်ထားသည် ဟု သိရသော စိန်လက်စွပ်မှာ ပျောက်ဆုံးနေပြီး အမှိုက်အိတ်များအတွင်းမျ အမည်မသိအမျိုးသားတစ်ဦး၏ ဒီအဲန်အေကို တွေ့ရသည်။ လောင်းအိုင်လန်ကွင်းဆက်လူသတ်မှု၏ အစောပိုင်းသားကောင်တစ်ဦး ဖြစ်နိုင်ဖွယ်ရှိသည် ဟူသည့် အချက်ကို ရဲများက ပယ်ချခြင်းမရှိသေးပေ။[၅၉]
  • ၂၀၀၇ မတ် ၃ တွင် အမည်တပ်နိုင်ခြင်းမရှိသေးသော စပိန်နွယ်ဖွား သို့မဟုတ် အသားရောင်ဖျော့သောအာဖရိကန်-အမေရိကန်အမျိုးသမီး တစ်ဦး၏ ဖြတ်တောက်ခံထားရသည့် ကိုယ်အပေါ်ပိုင်းပါဝင်သည့် ခရီးဆောင်သေတ္တာ တလုံး မမာရိုနက်ခ် မြို့ပေါ်၊ ဟာဘာအိုင်းလန်ပန်းခြံရှိ ကမ်းခြေတစ်ခုပေါ် တင်ကျန်လာသည်။ သူမ၏ ဘယ်ဘက်ရင်သား ပေါ်တွင် ချယ်ရီသီး ၂ လုံးပုံ တက်တူးပါရှိရာ သစ်တော်သီးများ ကိုယ်ပေါ်တွင် တွေ့ရသည့် တက်တူးနှင့် ဆင်တူ သည်။ ဓားထိုးအသတ်ခံရဖွယ်ရှိပြီး အမည်ဖော်နိုင်သေးခြင်းမရှိသည့်အတွက် အမှုလိုက်များက "ချယ်ရီသီးများ" ဟု ရည်ညွှန်းသည်။ ဖြတ်တောက်ခံရသည့် ခြေထောက်တစ်ဖက်မှာ ၂၀၀၇ မတ် ၂၁ ရက်တွင် ကိုးလ်ဒ်စပရင်းဟာဘာ ပေါ်သို့လည်းကောင်း၊ ကျန်တစ်ဖက်မှာ နောက်ရက်တွင် အွိုင်စတာဘေးရှိ ကို့ဗ်နက်ခ် ရွာတွင်လည်းကောင်း ပေါ်လာခဲ့သည်။ "ချယ်ရီသီးများ" အား ဖြတ်တောက်စိတ်ပိုင်းထားသည့် ဟန်မှာ ဂျက်ဆီကာတေလာ ၊ "သစ်တော်သီးများ" နှင့် "ဂျိန်းဒိုး နံပါတ် ၆" တို့အား ဖြတ်တောက်စိတ်ပိုင်းပုံနှင့် တူညီရာ အခြားသားကောင်များနှင့် ချိတ်ဆက်မှုရှိနိုင်သည့် သဘောရသည်။[၆၀][၆၁]
  • လောင်းအိုင်လန်ရဲဌာနက အခြားအလားတူမဖြေရှင်းရသေးသည့် ပြည့်တန်ဆာအသတ်ခံရမှုများအား ပြန်လည် စုံစမ်းနေကြောင်း နယူးယောက်ပို့စ်သတင်းစာက ၂၀၁၁ မေလ ၁၇ နေ့စွဲဖြင့် သတင်းဖော်ပြသည်။ ကလေး ၃ ဦး မိခင် အသက် ၃၉ နှစ်အရွယ် တန်ညာရပ်ရှ်၏ ရုပ်အလောင်း အပိုင်းအစများကို နယူးယောက်ပြည်နယ် ဘဲလ်မောရှိ ပြည်နယ်တောင်ပိုင်းဥယျာဉ်ပတ်လမ်း လမ်းပခုံးပေါ်က လက်ဆွဲသေတ္တာငယ်တွင်းတွေ့ရှိရသည်ဟု သတင်းက ဖော်ပြထားသည်။[၆၂]
  • ရှန်နန်မာရီယာဂီးလ်ဘာ့တ် (၁၉၈၆ အောက်တိုဘာ ၂၄ - ၂၀၁၀ မေ ၁) သည် ကြေးကြီးအပျော်မယ်ဖြစ်ကာ လောင်းအိုင်လန် ကွင်းဆက်လူသတ်သမား၏ သားကောင်ဖြစ်ဖွယ်ရှိသည်။ ၂၀၁၀ မေ ၁ ရက် ညသန်းခေါင်ကျော်တွင် အုတ်ခ်ကမ်းခြေရှိ ဖောက်သည်၏ နေအိမ်သို့ထွက်သွားခဲ့သည်။ နံနက် ၄ နာရီ ၅၁ တွင် နိုင်းဝမ်းဝမ်းအဖွဲ့က ဂီးလ်ဘာ့တ်ထံမှ ကြောက်လန့်ထိတ်လန့်စွာ ဖုန်းခေါ်ဆိုမှု ရရှိခဲ့ပြီး တစ်ယောက်ယောက်က သူမနောက်လိုက်နေကြောင်း၊ သူမအား သတ်ရန်ကြိုးစားနေကြောင်း တိုင်ကြားခဲ့သည်။ သူမအား ညအမှောင်ထဲ ထွက်မပြေးခင် နယ်ခံ အိမ်တံခါးများကို ထုနှက်နေပြီး အကူအညီအော်ဟစ်တောင်းနေသည်ကို နောက်ဆုံးတွေ့မြင်ခဲ့ရသည်။[၆၃] ၁၉ လ ကြာ အောင် ရှာဖွေခဲ့ပြီးနောက် သူမအားနောက်ဆုံးမြင်တွေ့ခဲ့ရာ နေရာမှ မိုင်ဝက်ခန့်အကွာ နွံတောတွင် သူမ၏ ကြွင်းကျန်ရုပ်အလောင်းကို ရဲများက တွေ့ရှိခဲ့သည်။[၆၄] နွံတောတွင်း ဝင်ရောက်ခဲ့ပြီးနောက် မတော်တဆရေနစ် သေဆုံးသည်ဟူသော ယူဆချက်ကို ဆပ်ဖော့ခ်ကောင်တီ ဆေးဘက်ဆိုင်ရာစစ်ဆေးသူများက ၂၀၁၂ မေတွင် ပယ်ချခဲ့သည်။ ဆေးဝါးကြောင့် အကြောက်လွန်နေပြီး "မှားယွင်းလွဲချော်မှုကြောင့် သေဆုံးမှု" သို့မဟုတ် "မရေရာ"ဟု ၎င်းတို့က ကောက်ချက်ချခံရသည်။ သူမ အသတ်ခံရသည်ဟု မိသားစုက ယုံကြည်သည်။[၆၅] သူမပျောက်ဆုံးသွားသည့် ညက ဖြစ်ပျက်ခဲ့ပုံကို ပိုသိရှိရရေး မျှော်လင့်ချက်ဖြင့် သူမ၏ မိခင် မာရီဂီးလ်ဘာ့တ်က ဆပ်ဖော့ခ် ကောင်တီ ရဲဌာနကို ၂၀၁၂ နိုဝင်ဘာ ၁၅ ရက်နေ့က တရားစွဲဆိုခဲ့သည်။[၆၆] ဂီလ်ဘာ့တ် သေဆုံးမှုနှင့်ပတ်သက်သည့် အငြင်းပွားဖွယ်ရာများကြောင့် သေဆုံးသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိနိုင်ရေးအတွက် ဂီလ်ဘာ့တ်၏ ရုပ်ကြွင်းအား အနှောင်အဖွဲ့ကင်းသော အလောင်းခွဲစိတ်စစ်ဆေးမှု တစ်ရပ် ပြုလုပ်ရန် နာမည်ကျော် အလောင်းခွဲစိတ်စစ်ဆေးမှု ပညာရှင် ဒေါက်တာ မိုက်ကယ်ဘေးဒန်က သဘောတူခဲ့သည်။[၆၇]  အလောင်းစစ်ဆေးမှုမှ သံခွာပုံလည်ပင်းရိုးတွင် ဒဏ်ရာတွေ့ရှိရသဖြင့် လည်ညှစ်သတ်ခံရဖွယ်ရာ ရှိသည်။ အလောင်းမှာ ပက်လက်အနေအထားဖြင့် တွေ့ရှိရသည်ဖြစ်ရာ ရေနစ် သေဆုံးမှုများတွင် တွေ့ရလေ့မရှိဟု ဘေးဒန် က မှတ်ချက်ပြုသည်။ မည်သို့ပင်ရှိစေ သူမ၏ သေဆုံးမှုကို မတော်တဆမှုအဖြစ် ရဲဌာနက တရားဝင် မှတ်တမ်းပြုထားဆဲဖြစ်သည်။[၆၈] ၂၀၁၆ ဇူလိုင် ၂၃ တွင် မာရီဂီးလ်ဘာ့တ်မှာ သူမနေအိမ်ရှိရာ နယူးယောက် အယ်လန်ဗီးလ်တွင် အသတ်ခံရပြီး ထိုနေ့နှောင်းပိုင်းတွင်ပင် သူမ၏ ညီမဖြစ်သူ ဆာရာအဲလစ်ဇဘက်သ် ဂီးလ်ဘာ့တ်ကို သူမမိခင်အား ဓားထိုးသတ်မှုဖြင့် ဖမ်းဆီး တရားစွဲဆိုလိုက်သည်။[၆၉]
  • အွိုင်စတာဘေးအနီး လက်တင်းတန်ရှိ ကမ်းခြေတလျောက် သဲထူထပ်ရာဧရိယာပေါ်က ခြုံငယ်တစ်ခုအတွင်း တမင်မြုပ်နှံထားသည့် လူ့အလောင်းအကြွင်းအကျန်များကို ၂၀၁၃ ဇန်နဝါရီ ၂၃ ၌ ခွေးကျောင်းထွက်လာသည့် အမျိုးသမီး တစ်ဦးကတွေ့ရှိသည်။ အသက် ၂၀ နှင့် ၃၀ အကြား အာရှအမျိုးသမီးဖြစ်ဖွယ်ရှိသူ၏ ရုပ်အလောင်းဟု ယုံကြည်ရသည်။ အချို့ အာရှယဉ်ကျေးမှုအရ "ဝက်နှစ်ဖွား" ကို ဖော်ညွှန်းသည့် ဝက်ရုပ်ပုံဆွဲသီးပါ ၂၂ ကာရက် ရွှေဆွဲကြိုးကို ဝတ်ဆင်ထားသည်။ ထို့အတွက်ကြောင့်ပင် သူမအား အသက် ၂၉ နှစ်ရှိမည်ဟု အချို့က ယုံကြည်ကြသည်။ အရိုးများတွင် ဒဏ်ဖြစ်နေသည်ကိုတွေ့ရပြီး ဟာရီကန်းဆန်ဒီ မတိုက်မီ သူမအလောင်းအား မြုပ်နှံထားခြင်း ဖြစ်မည်ဟု စုံစမ်းသူများက ထင်မြင်သည်။ ဂီလ်ဂိုကမ်းခြေ အနီးတဝိုက် ၃၂ မိုင်ပတ်လည်တွင် ရှာတွေ့သော အခြားအလောင်း ၁၀ လောင်းနှင့် ဆက်ဆိုင်နိုင်ဖွယ်ရာရှိသည်။[၇၀]
  • ၂၀၁၃ မတ်လ ၁၆ ရက်၌ နောင်တွင် နာတာရှာဂျူဂိုအဖြစ် ဖော်ထုတ်နိုင်သည့် အသက် (၃၁) နှစ် အရွယ် အမျိုးသမီးတစ်ဦး ကွင်းစ်ကောင်တီ၊ အဲလီပွန်းပါ့ခ် အနီး သူမနေအိမ်မှ ထွက်ခွာသွားသည်ကို နောက်ဆုံးမြင်တွေ့ရ သည်။ အိုးရှင်းဥယျာဉ်ပတ်လမ်းအနီးတွင် သူမ၏ ကားကိုလည်းကောင်း ၊ ဂီလ်ဂိုကမ်းခြေအနီး သဲသောင်ပေါ်တွင် အဝတ်အစားများနှင့် ပစ္စည်းပစ္စယများကို နောက်တစ်ရက်တွင် တွေ့ရှိသည်။ အရပ် ၅ ပေ ၇ လက်မ၊ အလေးချိန် ပေါင် ၁၂၀ ၊ အညိုရောင်မျက်ဝန်း နှင့် ရွှေရောင်ဆံပင်ပိုင်ရှင် ဖြစ်သည်။ အနက်ရောင်ခြုံထည်၊ ပန်းရောင် ညအိပ်ဝတ်စုံ၊ မီးခိုးရောင် ခေါင်းစွပ်ဆွယ်တာ၊ အနက်ရောင် ကုတ်အင်္ကျီ၊ အနက်ရောင်ဘွတ်ဖိနပ်တို့ကို ဝတ်ဆင်လျက် နောက်ဆုံးတွေ့မြင်ရသည်။ LISK သားကောင်များနှင့် ဆက်စပ်မှုရှိမရှိ ဆိုသည်ကား ရဲများအနေဖြင့် သေချာရေရာမှုမရှိပေ။ သူမနောက် နောက်ယောင်ခံလိုက်သူများ ရှိသည်ဟု  တွေးတောတတ်သည့် ရာဇဝင် ရှိဖူးကြောင်း သူမမိသားစုဝင်များက ပြောဆိုသည်။[၇၁][၇၂] ၂၀၁၃ ဇွန် ၂၄ ရက်တွင် ဂီလ်ဂိုကမ်းခြေပေါ် ဂျူဂို၏ ရုပ်အလောင်း တင်ကျန်ရစ်သည်။[၇၃]
Remove ads

ကိုးကား

ဆက်လက်ဖတ်ရှုရန်

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads