နယူးယောက်မြို့
နယူးယောက်ပြည်နယ်၏ အကြီးဆုံးမြို့ From Wikipedia, the free encyclopedia
Remove ads
နယူးယောက်စီးတီး သို့မဟုတ် နယူးယောက်ဟု ခေါ်ဆိုလေ့ ရှိကြသော နယူးယောက်မြို့သည် အမေရိကန်ပြည်ထောင်စုရှိ လူဦးရေ အများဆုံး မြို့တစ်မြို့ ဖြစ်သည်။ [၁]၂၀၁၈ ခုနှစ် ခန့်မှန်းခြေ လူဦးရေ ၈,၃၉၈,၇၄၈ ဦး ရှိပြီး[၂] ကုန်းမြေဧရိယာ ၃၀၂.၆ စတုရန်းမိုင် (၇၈၄ စတုရန်း ကီလိုမီတာ) ပေါ်တွင် နေထိုင်ကြသည်။[၃][၄] အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးများထဲမှ လူဦးရေ အထူထပ်ဆုံး မြို့တစ်မြို့လည်း ဖြစ်သည်။ [၅] နယူးယောက်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးတွင် တည်ရှိသော နယူးယောက်မြို့သည် ကမ္ဘာပေါ်တွင် မြို့ပြဧရိယာအားဖြင့် အကြီးဆုံး မက်ထရိုပိုလစ်တန်ဒေသဖြစ်သော နယူးယောက် မက်ထရိုပိုလစ်တန်ဒေသ၏ ဗဟိုအချက်အချာတွင် တည်ရှိပြီး[၆] ကမ္ဘာပေါ်တွင် လူဦးရေ အထူထပ်ဆုံး မဂ္ဂါစီးတီးမြို့တော်ကြီးများတွင် တစ်ခု အပါအဝင် ဖြစ်သည်။[၇][၈] ၂၀၁၈ ခုနှစ် မက်ထရိုပိုလစ်တန် စာရင်းအင်း ဒေသတွင် လူဦးရေ ၁၉,၉၇၉,၄၇၇ ဦး ရှိပြီး ပေါင်းစပ် မက်ထရိုပိုလစ်တန် စာရင်းအင်းဒေသတွင် လူဦးရေ ၂၂,၆၇၉,၉၄၈ ဦး ရှိသည်။[၉][၁၀] ကမ္ဘာလုံး ဆိုင်ရာ မြို့တော် တစ်ခု ဖြစ်ပြီး [၁၁] နယူးယောက်မြို့တော်အား ကမ္ဘာ၏ ယဉ်ကျေးမှုဆိုင်ရာ ၊ [၁၂][၁၃][၁၄][၁၅][၁၆] ငွေကြေးဆိုင်ရာ [၁၇][၁၈] နှင့် မီဒီယာဆိုင်ရာ [၁၉][၂၀] မြို့တော် တစ်ခု အဖြစ် သတ်မှတ်ကြပြီး ကူးသန်းရောင်းဝယ်ရေး၊ [၁၈] ၊ ဖျော်ဖြေရေး၊ သုတေသန၊ နည်းပညာ၊ ပညာရေး၊ နိုင်ငံရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ အနုပညာ၊ ဖက်ရှင် နှင့် အားကစားတို့အပေါ်တွင် သိသာထင်ရှားသော ရိုက်ခတ်လွှမ်းမိုးမှု ရှိသော မြို့တစ်မြို့ ဖြစ်သည်။ မြို့တော်အတွင်း လျင်မြန်စွာ လှုပ်ရှား ပြုမှုနေကြခြင်းကြောင့် [၂၁][၂၂][၂၃] နယူးယောက်မိနစ် ဆိုသော စကား ဖြစ်ပေါ်လာခဲ့သည်။ [၂၄] ကမ္ဘာ့ ကုလသမဂ္ဂ ရုံးချုပ် တည်ရှိရာ မြို့ ဖြစ်သဖြင့် [၂၅] နယူးယောက်မြို့သည် နိုင်ငံတကာ သံတမန်ရေးရာအတွက် အရေးပါသော နေရာဌာန တစ်ခု ဖြစ်သည်။[၂၆][၂၇]
ကမ္ဘာပေါ်တွင် အကြီးဆုံးသော သဘာဝဆိပ်ကမ်း တစ်ခုပေါ်တွင် တည်ရှိသော [၂၈][၂၉] နယူးယောက်မြို့တွင် ဘားရာ ဟု ခေါ်သော ဒေသအပိုင်းအခြား ၅ ခု ပါဝင်ပြီး ထိုဒေသ ၅ ခုစလုံးသည် နယူးယောက်ပြည်နယ်၏ သီးခြား ကောင်တီတစ်ခုစီ ဖြစ်သည်။[၃၀] ထိုဘားရာ ငါးခုမှာ ဘရောင့်စ်၊ ဘရွတ်ကလင်၊ မန်ဟတ်တန်၊ ကွင်းစ် နှင့် စတေတန်အိုင်းလန်း တို့ ဖြစ်ကြပြီး ၁၈၉၈ ခုနှစ်တွင် မြို့တစ်မြို့တည်း အဖြစ် စုစည်းခဲ့သည်။[၃၁] မြို့တော် နှင့် ၎င်း၏ မက်ထရိုပိုလစ်တန် ဒေသတို့သည် အမေရိကန်ပြည်ထောင်စုသို့ တရားဝင် ဝင်ရောက်ရာ ထိပ်တန်း လူဝင်မှုကြီးကြပ်ရေးဝင်ပေါက် တစ်ခု ဖြစ်သည်။[၃၂] နယူးယောက်မြို့တွင် ဘာသာစကား ၈၀၀ ကျော်ကို ပြောဆိုလျက် ရှိကြ သဖြင့်[၃၃][၃၄][၃၅] ကမ္ဘာပေါ်တွင် ဘာသာစကားအားဖြင့် အကွဲပြားဆုံး မြို့တော်အဖြစ် တည်ရှိသည်။[၃၄][၃၆][၃၇] နယူးယောက်မြို့တော်သည် အမေရိကန်ပြည်ထောင်စု ပြင်ပတွင် မွေးဖွားသော လူ ၃.၂ သန်းကျော်တို့ နေထိုင်ရာမြို့ ဖြစ်သဖြင့်[၃၈] ကမ္ဘာပေါ်တွင် နိုင်ငံခြားတွင် မွေးဖွားသူ အများဆုံး နေထိုင်ရာ မြို့တစ်မြို့လည်း ဖြစ်သည်။[၃၉] ၂၀၁၉ ခုနှစ်တွင် နယူးယောက် မက်ထရိုပိုလစ်တန် ဒေသ၏ စုစုပေါင်း မက်ထရိုပိုလစ်တန် ဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၁.၉ ထရီလီယံ မျှ ရှိသည်။[၄၀] အကယ်၍ နယူးယောက်မြို့တော်သာ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့မည် ဆိုပါက ကမ္ဘာပေါ်တွင် ဂျီဒီပီအားဖြင့် ၁၂ ခုမြောက် အမြင့်ဆုံး နိုင်ငံ တစ်ခု ဖြစ်ပေလိမ့်မည်။[၄၁] နယူးယောက်သည် ကမ္ဘာပေါ်ရှိ မြို့တော်များတွင် ဘီလီယံနာ သူဌေး အများဆုံး မြို့ဖြစ်သည်။[၄၂]
နယူးယောက်မြို့၏ မူလအစကို ခြေရာခံကြည့်မည် ဆိုပါက ၁၆၄၂တွင် ဒတ်ချ်သမ္မတနိုင်ငံမှ ကိုလိုနီသမားတို့ မန်ဟတ်တန်အောက်ပိုင်းဒေသတွင် တည်ထောင်ခဲ့သော ကုန်သွယ်ရေး စခန်းတစ်ခု ဖြစ်သည်။ ထိုနေရာအား ၁၆၂၆တွင် နယူးအမ်စတာဒမ်ဟု အမည်ပေးခဲ့သည်။ .[၄၃]၁၆၆၄ တွင် မြို့တော်နှင့် ပတ်ဝန်းကျင်ဒေသတို့ အင်္ဂလိပ်တို့၏ ထိန်းချုပ်မှု အောက်သို့ ရောက်ရှိခဲ့ပြီး[၄၃] အင်္ဂလန်ရှိ ဒုတိယမြောက် ချားလ်ဘုရင်မှ ၎င်း၏ ညီအစ်ကို တော်စပ်သူ ယောက်မြို့စားကြီး အား ပေးအပ်ရာမှ နယူးယောက်ဟု အမည် ပြောင်းလဲခဲ့သည်။[၄၄]နယူးယောက်သည် ၁၇၈၅ မှ ၁၇၉၀ အထိ အမေရိကန်ပြည်ထောင်စု၏ မြို့တော် ဖြစ်ခဲ့သည်။ [၄၅] ၁၇၉၀ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံ၏ အကြီးဆုံးမြို့အဖြစ် တည်ရှိခဲ့သည်။[၄၆] ၁၉ ရာစုနှောင်းပိုင်း နှင့် ၂၀ ရာစု အစောပိုင်းတို့တွင် အမေရိကန်သို့ သင်္ဘောဖြင့် ရောက်ရှိလာကြသည့် သန်းပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူများအား လေဘာတီ ရုပ်တုမှ နှုတ်ခွန်းဆက်သခဲ့ပြီး။[၄၇]၎င်းသည် နိုင်ငံတကာအတွက် အမေရိကန်၏ သင်္ကေတတစ်ခု ဖြစ်ရုံသာမက လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။ [၄၈] ၂၁ရာစုတွင် နယူးယောက်သည်တီထွင်ဆန်းသစ်မှု နှင့် စွန့်ဦးတီထွင် လုပ်ကိုင်ဆောင်ရွက်မှု၊ [၄၉]လူမှုရေးဆိုင်ရာ သည်းခံမှုနှင့် [၅၀]သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်မျှော်ရည်ထိန်းသိမ်းနိုင်မှု[၅၁][၅၂] တကမ္ဘာလုံး၏ ဆုံချက်တစ်ခု ဖြစ်ရုံသာမက လွတ်လပ်မှု နှင့် ယဉ်ကျေးမှု ပေါင်းစုံ ကွဲပြားခြားနားနေမှု၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။[၅၃]၂၀၁၉ ခုနှစ်တွင် တကမ္ဘာလုံးရှိ မြို့ကြီးပေါင်း ၄၈မြို့မှ လူပေါင်း ၃၀,၀၀၀ တို့အား စစ်တမ်းကောက်ခံရာတွင် မြို့တော်၏ ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားမှုများကြောင့် ကမ္ဘာပေါ်တွင် အကြီးကျယ် အခမ်းနားဆုံး မြို့အဖြစ် မဲပေး ရွေးချယ်ခြင်း ခံရသည်။[၁၂]
နယူးယောက်မြို့ရှိ ရပ်ကွက်များနှင့် အထိမ်းအမှတ်အဆောက်အဦးများကို အပြင်လူများက ကောင်းစွာ သိရှိကြကာ ၂၀၁၃ ခုနှစ် ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီးသွား အများဆုံး သွားရောက်လည်ပတ်သော နေရာ ၁၀ ခုအနက် ၃ ခုသည် နယူးယောက်မြို့တွင် ရှိပြီး[၅၄] ၂၀၁၇ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားဦးရေ ၆၂.၈ သန်း လာရောက်လည်ပတ်ခဲ့သည်။[၅၅]အချို့သူများက နယူးယောက်အား ကမ္ဘာပေါ်တွင် ဓာတ်ပုံအများဆုံး ရိုက်ကူးရာ နေရာ အဖြစ် မှတ်တမ်းတင်ကြသည်။[၅၆] ကမ္ဘာ၏ နှလုံးသားဟု တင်စားခေါ်ဝေါ်ကြသော တိုင်းမ်စကွဲယား နှင့် [၅၇] ၎င်းနှင့် လမ်းဆုံရာတွင် ရှိသော [၅၈] မီးများ ထိန်ထိန်ညီးအောင် ထွန်းညှိထားသော ဘရော့ဒ်ဝေး ဇာတ်ရုံရပ်ကွက်[၅၉] တို့သည် ကမ္ဘာပေါ်တွင် ခြေလျင်ခရီးသွား အများပြားဆုံး လူသွားလမ်းဆုံ တစ်ခု ဖြစ်ကာ[၆၀][၆၁] ကမ္ဘာ့ဖျော်ဖြေရေး လုပ်ငန်းများ၏ အဓိက နေရာတစ်ခု ဖြစ်သည်။[၆၂] မြို့တော်၏ အထိမ်းအမှတ် အဆောက်အဦးများ၊ မိုးမျှော်တိုက်များ [၆၃] နှင့် ပန်းခြံများ၏ အမည်များကို ကမ္ဘာအနှံ့အပြားတွင် သိရှိကြသည်။ မန်ဟတ်တန်၏ အိမ်ခြံမြေဈေးသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ဖြစ်သည်။[၆၄][၆၅] နယူးယောက်သည် အာရှ၏ ပြင်ပတွင် တရုတ်လူမျိုးအများဆုံး နေထိုင်ရာ နေရာဖြစ်ပြီး[၆၆][၆၇] မြို့အနှံ့တွင် တရုတ်တန်းအဖြစ် နေရာအများအပြားကို ဖော်ဆောင်လျက် ရှိကြသည်။[၆၈][၆၉][၇၀] ၂၄ နာရီ ၇ ရက် ဆက်တိုက် ဝန်ဆောင်မှု ပေးနေသော[၇၁] နယူးယောက် မြေအောက်ရထားသည် ကမ္ဘာပေါ်တွင် အော်ပရေတာ တစ်ဦးတည်းမှ ဝန်ဆောင်မှု ပေးနေသော အမြန်ရထားစနစ် ဖြစ်ပြီး ဘူတာရုံပေါင်း ၄၇၂ ခု ရှိသည်။[၇၂][၇၃][၇၄]နယူးယောက်မြို့တွင် ကောလိပ်နှင့် တက္ကသိုလ်ပေါင်း ၁၂၀ ကျော် ရှိပြီး ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ရာတွင် ထိပ်ဆုံး၌ ပါဝင်သော[၇၅][၇၆] ကိုလံဘီယာတက္ကသိုလ်၊ နယူးယောက်တက္ကသိုလ် နှင့် ရော့ခ်ဖဲလား တက္ကသိုလ်တို့ ပါဝင်သည်။ ဝေါလမ်းမှ ထိန်းချုပ်စုစည်းထားသော မန်ဟတ်တန်အောက်ပိုင်းရှိ ငွေကြေးရပ်ကွက်ကြောင့် နယူးယောက်သည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ ဩဇာတိက္ကမ အကြီးမားဆုံး နှင့် ကမ္ဘာပေါ်ရှိ ဦးဆောင်ဦးရွက် ငွေကြေးဌာန အဖြစ် ခေါ်ဝေါ်ကြကာ[၁၈][၇၇][၇၈][၇၉] ကမ္ဘာပေါ်တွင် စုစုပေါင်း ဈေးကွက်ဝေစုအရ အကြီးဆုံးဖြစ်သော စတော့ခ်အိတ်ချိန်း နှစ်ခု ဖြစ်သည့် နယူးယောက် စတော့ခ် အိတ်ချိန်း နှင့် နတ်ဇ်ဒတ်ဇ် စတော့ခ်အိတ်ချိန်း တို့ သည်လည်း နယူးယောက်မြို့တွင် ရှိသည်။[၈၀][၈၁]
Remove ads
သမိုင်းကြောင်း
ပထဝီဝင်
လူဦးရေ ပျံ့နှံ့နေထိုင်မှု
စီးပွားရေး
ပညာရေး နှင့် ပညာရပ်ဆိုင်ရာ လုပ်ဆောင်ချက်များ
လူ့စွမ်းအား အရင်းအမြစ်
ယဉ်ကျေးမှုနှင့် ခေတ်ပြိုင် လူနေထိုင်မှုဘဝ
သယ်ယူပို့ဆောင်ရေး
သဘာဝပတ်ဝန်းကျင်
အစိုးရ နှင့် နိုင်ငံရေး
မှတ်သားလောက်စရာ ပြည်သူများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads