လေးမျက်နှာ ပုထိုးတော်ကြီး
From Wikipedia, the free encyclopedia
Remove ads
လေးမျက်နှာပုထိုးတော်ကြီးသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ အထင်ကရပုထိုးတော်တစ်ဆူ ဖြစ်သည်။ ထုက္ကံသိမ် ပုထိုးတော်ကြီး အနီးတွင် တည်ရှိသည်။ မြို့တည်ဘုရား ငါးဆူ အနက် တစ်ပါးအဝင်ဖြစ်သည်။ ဤပုထိုးတော်ကို မင်းစောမွန် ဘုရင်က ကောဇာ ၇၉၂ ခု ခရစ် ၁၄၃၀၌ တည်ထားခဲ့သည်။ မင်းစောမွန်အား မြောက်ဦးမြို့တည် မင်းတရားအဖြစ် အရပ်လေးမျက်နှာ၌ ရှိကြသော တိုင်းပြည်တို့အား သိစေခြင်းငှာ အရပ်လေးမျက်နှာသို့ မုခ်လေးခု ဖွင့်လှစ်တည်ဆောက်ခဲ့သည်။ ထို့ကြောင့် မုခ်လေးတန်ပုထိုးဟုလည်း ခေါ်သည်။ ဤပုထိုးမှရသော ဌာပနာဖုံး ကျောက်ပြားတစ်ချပ်၌ ကျောက်စာ များရေးထိုးပါရှိသည်။ သို့သော် သက္ကရာဇ် ၇၉၂ ခု ဟူသော စာကြောင်းမှအပ ကျန်စာကြောင်းများ မှုန်ဝါးကာ ဖတ်မရတော့ပေ။ လေးမျက်နှာဘုရားတံတိုင်းထဲ၌ ပိဋကတ်တိုက်တစ်လုံး တည်ရှိခဲ့သည်။

လေးမျက်နှာပုထိုးတော်ကြီးကို ကျောက်အုတ်များဖြင့် တည်ဆောက်ထားသည်။ ပုထိုးအောက်ခြေသည် စတုရန်းပုံဖြစ်၍ မုခ်လေးခုဖွင့်ထားသည်။ ပုထိုးတော်၏ထောင့်များတွင် စေတီတစ်ဆူစီ၊ ပေါင်းလေးဆူနှင့် အလယ်တွင် စေတီကြီးတစ်ဆူ ရှိသည်။ စေတီများပုံသဏ္ဌာန်မှာ ဝေသာလီခေတ် စတူပါ ကျောက်စေတီငယ်များ ပုံစံအတိုင်းဖြစ်သည်။ မုခ်လေးခုမှ တဆင့်ဝင်သွားပါက လှိုဏ်ဂူတော်သို့ရောက်သည်။ အလယ်မဏ္ဍိုင်တွင် ဘုရားဆင်းတုရှစ်ဆူ ကျောချင်းကပ်တည်ရှိပြီး မျက်နှာချင်းဆိုင်နံရံတွင်လည်း ဂူပေါက်ငယ်များ ရှိကာ ဆင်းတုအဆူ ၂၀ ကိန်းဝပ်သည်။ စုစုပေါင်း ဆင်းတု နှစ်ဆယ့်ရှစ်ဆူ တိတိ လေးမျက်နှာပုထိုးတွင် စံပါယ်သည်။ ဆင်းတုတော်များ၏ပလ္လင်များတွင် ကျောက်ဆစ်လက်ရာများရှိသည်။ လေနှင့်အလင်းရောင်ရရှိရန် နံရံတွင် အလင်းပေါက်များ ဖောက်ထားသည်။
လေးမျက်နှာပုထိုးတော်ကြီးသည် ရိုးစင်းသောပိသုကာဟန်ဖြင့်တည်ဆောက်ထားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads