ဝရဒမုဒြာ

From Wikipedia, the free encyclopedia

ဝရဒမုဒြာ
Remove ads

ဝရမုဒြာ-ဝရဒမုဒြာ

Thumb

ကောင်းချီးပေးဟန်, ဆုပေးဟန်ဟု ခေါ်သည်။

ဝရမုဒြာ, ဝရဒမုဒြာ, ဒါနမုဒြာ, ဝရဒဟတ္ထဟူ၍ ပရိယာယ်ပုဒ် အမျိုးမျိုးဖြင့် ခေါ်ဝေါ်တတ် ကြသည်။ ပါဋိဟာရိယ-ဝရဒမုဒြာမျိုးလည်း ရှိသေးသည်။

လက်ျာဘက်လက်ကို အောက်သို့ချကာ လက်ဝါးကို အပြင်ဘက်လှည့်ပြီး လက်ချောင်းများကို ဖြန့်ချထားသော ဟန်ဖြစ်သည်။ တခါတရံ လက်နှင့် လက်ချောင်းကလေးများကို ခပ်ကွေး ကွေးထားပြီးလျှင် ဖူးမြင်လာသူအား တစုံတခု ပေးတော့မည်ဟန် ပြင်ထားသည်ကိုလည်း တွေ့ရသည်။ လက်ဝဲလက်ကို ပေါင်ခွင်ပေါ်တွင် တင်ထားသည်။

လိုသောဆုများနှင့် တလုံးဝတည်း ပြည့်စုံကြပါစေဟု ဆိုလိုသော အနက်သဘောကို ဆောင်ပေသည်။ ထို့ကြောင့် ဆုတောင်းပြည့် ဘုရားများတွင် ဤ ဝရဒမုဒြာမျိုးကို တွေ့ရတတ်သည်။ သားဆုတောင်းလျှင် ရရှိနိုင်သည်ဟု ကိုးကွယ်ယုံကြည် ထားကြသော နတ်များ ဘုရားများ, သိကြားမင်းစသည်များ၏ ရုပ်ပွါးဆင်းတုတို့တွင် ဤမုဒြာကို တွေ့ရှိနိုင်ပေသည်။ ပါဋိဟာရိယမုဒြာတွင် လက်မနှင့် လက်ညှိုးကြား၌ ဇမ္ဗုသပြေသီး သျှစ်သျှားသီး, ဖန်းခါးသီး, သရက်သီး ကသစ်ပွင့် တခုခုကို ကိုင်ထားသည်။

တခါတရံ လက်မနှင့်လက်ညှိုးကြားတွင် ရတနာ တခုခုကို ထည့်ပေးထားတတ်သည်။ ဤပုံမှာ ရတနသမ္ဘဝဘုရားပုံဖြစ်သည်။

ခဒိရဝဏီ၏ မဟောဗပုံတွင် ဤမုဒြာကို တွေ့ရတတ်သည်။ ရတနသံယုတ္တ ဝရဒမုဒြာဟု အထူး ဝိသေသအားဖြင့် ခေါ်ကြသည်။

တခါတရံ လက်ဝဲလက်ဝါးကို ဖူးမြင်သူအား လှန်ပြကာ အောက်သို့ ချ၍ လက်ချောင်းများကို ဖြန့်ချပြထား တတ်ပေသည်။ လက်ဝဲတွင် ဘာမျှ မပါဘဲလျက်၎င်း, တစုံတခုကို ဆုအဖြစ် ကိုင်တွယ်လျက်၎င်း ပြထားတတ်သည်။

ပုဗ္ဗေ စ ကတပုညတာ မင်္ဂလာ, ဒါန မင်္ဂလာ, ဉာတကာနံ သင်္ဂဟ မင်္ဂလာ, ပုတ္တဒါရဿ သင်္ဂဟ မင်္ဂလာများကို သရုပ်ဆောင်ရသည်။

ကရုဏာရသ, ဟဿရသတို့ကို ပေါ်လွင်စေသည်။

ဒါနပါရမီ, မေတ္တာပါရမီ စခန်းများသို့ ရည်ညွှန်းထားလေသည်။

ဝရဒမုဒြာကို ဂေါတမဗုဒ္ဓဆင်းတုများ, မန်လရုပ်ဟု, ကရာဖြူ တာရာစိမ်း ဆင်းတုရုပ်ပွါး များတွင် တွေ့ရှိနိုင်ပေသည်။

ဝရဒမုဒြာပါရှိသော ရုပ်ပွါးဆင်းတုများကို ကိုးကွယ်ပူဇော်သူသည် ကောင်းချီးမင်္ဂလာဆု လာဘ်များကို ရရှိခြင်းဆုတောင်းပြည့်ခြင်း, ဆန္ဒအတိုင်း ကိစ္စပြီးမြောက်ခြင်း, လိုအင်ဆန္ဒတလုံး တဝတည်းပြီးပြည့်စုံခြင်း, သားဆုကို ရရှိခြင်း, သစ္စာအဓိဋ္ဌာန်ပြုရာ၌ ထိရောက်ခြင်း, ဓာတ်သက်ဝင်ခြင်း, ဓာတ် စည်းခြင်း, ရာထူးဌာနန္တရ တိုးတက်ခြင်း, စည်းစိမ် တိုးပွါးခြင်း, ကုန်ရောင်း ကုန်ဝယ် မြတ်စွန်းခြင်း, ကစား လောင်းကစားရာ၌ ဆောင်နိုင်ခြင်း, စစ်ချီ စစ်တက်ရာ၌ အောင်မြင်ခြင်း, ပူဇော်သက္ကာရကို ရရှိခြင်း, လက်ဆောင်ပဏ္ဏာ ခွန်တုပ်များ ရရှိခြင်း, ခြွေရံသင်းပင်း ပေါများကြွယ်ဝခြင်း စသော အကျိုးထူးများကို ရနိုင်သည်ဟု တန္တရာယာန ကျမ်းဂန်များ၌ ဖွင့်ဆိုထားပါသည်။ [][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads