ဗစိန် (သခင်)
From Wikipedia, the free encyclopedia
Remove ads

တို့ဗမာ အစည်းအရုံး ပထမဆုံး ဥက္ကဋ္ဌ ဖြစ်သူ သခင် ဗစိန်
၁၉၃ဝ ပြည့်နှစ်တွင် တက္ကသိုလ် ကျောင်သား ဘဝ၌ပင် မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များ အသင်း တည်ထောင်ရာတွင် တဦး အပါအဝင် ဖြစ်ခဲ့သည်။ ယင်းနှစ်၌ပင် သခင်အမည် ခံယူကာ သခင် ဗစိန် အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ သခင် ဗစိန်တို့နှင့် အတူ ပထမဆုံး အလုပ် အမှုဆောင်များမှာ (၁) ဆရာတင့် မြို့မကျောင်း ဥက္ကဋ္ဌ၊ (၂) ကိုနု တက္ကသိုလ် ကျောင်သား အတွင်းရေးမှူး၊ (၃) ကိုခန့် (ပန်းတနော်) တွဲဖက်အတွင်းရေးမှူး၊ (၄) ကိုစံသိမ်း တက္ကသိုလ် ကျောင်သား ငွေထိန်း၊ (၅) ဆရာ ဟိန် မြို့မကျောင်း ပြန်ကြားရေးမှူး၊ (၆) အမှုဆောင်များ (၁) သခင် ဘသောင်း၊ (၂) သခင် လေးမောင်၊ (၃) သခင် ဗစိန်၊ (၄) ဘတင်၊ (၅) ကိုအုန်း စသော တက္ကသိုလ် ကျောင်းသားများ ဖြစ်ကြသည်။
သခင် ဗစိန်သည် ၁၉၃၁ ခုနှစ်တွင် ရေနံချောင်းမြို့ ၌ သခင် ဘသောင်းတို့နှင့် အတူ ပထမဆုံး တို့ဗမာ တရားကို ဟောပြောခဲ့သည်။ ၁၉၃၃ ခု၊ ဒီဇင်ဘာလမှာ ရွှေဘို အရှေ့ပိုင်း မဲဆန္ဒနယ် ကြားဖြတ် ရွေးကောက်ပွဲတွင် တို့ဗမာ အစည်းအရုံးမှ သခင် ဘသောင်း ဝင်ရောက် အရွေးခံပြီး၊ ရွှေဘိုနယ်တွင် တရားပွဲများ ကျင်းပလေရာ တို့ဗမာ ဝါဒ ပြန့်ပြီးလျှင် လူသိများလာသည်။ ရွေးကောက်ပွဲ ပြီသည်နှင့် တပြိုင်နက် တရားဟောကြသည့် သခင် ဘသောင်း၊ သခင် ဗစိန်၊ သခင် သိန်းမောင်နှင့် သခင် ထွန်းရွှေတို့အား ရွှေဘိုနယ်မှ ၂၄ နာရီ အတွင်း ထွက်ရန် ရွှေဘို တရားသူကြီးက နှင်မိန့် ထုတ်ပြန်သော်လည်း၊ မနာခံသဖြင့် အဖမ်းခံကြရသည်။ သခင် ဘသောင်း အနေနှင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ဤကဲ့သို့ အဖမ်းခံရခြင်းကြောင့် တို့ဗမာ အစည်းအရုံး မှာ ပိုမို ထင်ရှားလာသည်။
၁၉၃၅ ခုနှစ်၊ မတ်လ ၃ဝ ရက် (မြန်မာ့ သက္ကရာဇ် ၁၂၆၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက်) နေ့တွင် တို့ဗမာ အစည်းအရုံး၏ ပထမဆုံး ဥက္ကဋ္ဌ အဖြစ် ရွှေးကောက် တင်မြှောက်ခြင်း ခံရသည်။ ယင်းအစည်းအရုံး၏ ဗဟို အလုပ်အမှုဆောင်များမှာ (၁) သခင်ဗစိန် ဥက္ကဋ္ဌ၊ (၂) သခင် လေးမောင် ဒုဥက္ကဋ္ဌ၊ (၃) သခင် စိန်မောင် အတွင်းရေးမှူး၊ (၄) သခင် ထွန်းအုပ် တွဲဖက်အတွင်းရေးမှူး၊ (၅) သခင် ထွန်းခင် ငွေထိန်း၊ (၆) သခင် ညီ ပြန်ကြားရေးမှူး၊ (၇) အလုပ်အမူဆောင် အဖွဲ့ဝင်များမှာ (၁) သခင် ဟန်၊ (၂) သခင် ထွန်းရွှေ၊ (၃) သခင် ဗဗတို့ ဖြစ်ကြသည်။
သခင် ဗစိန်သည် သခင်အမည် ခံယူကာ နိုင်ငံရေးကို ခြေစုံပစ် လုပ်ကိုင်ခဲ့၏။ တို့ဗမာ သတင်း စာစောင်ကို စတင် ထုတ်ဝေခဲ့၏။ ၁၉၃၅ ခုနှစ်၊ ဇွန်လတွင် အိန္ဒိယနိုင်ငံ ကလကတ္တားမြို့သို့ အိန္ဒိယ ကွန်ဂရက်အသင်း လူကြီးများနှင့် နိုင်ငံရေး ပြဿနာ ဆွေးနွေးရန် သွားခဲ့သည်။ မြန်မာပြည် အရပ်ရပ်သို့ လှည့်လည်ကာ နိုင်ငံရေး တရားများ ဟောပြောခဲ့မှုကြောင့် ထောင် ၃ ကြိမ် ကျခဲ့ဖူး၏။ ထိုစဉ် သခင် ဗစိန်သည် လျှမ်းလျှမ်းတောက် နိုင်ငံရေးသမား တယောက် ဖြစ်ခဲ့၏။
သခင် ဗစိန်ကား မျိုးချစ်စိတ် ပြင်းထန်သူ ဖြစ်၏။ မြန်မာနိုင်ငံကို ဗြိတိသျှတို့ လက်အောက်မှ လွက်မြောက်ရန် လျှို့ဝှက် လုပ်ဆောင်မှု ပြုခဲ့သောသူ တဦး ဖြစ်သည်။ သူ့နည်း သူ့ဟန်ဖြင့် နိုင်ငံခြား အကူအညီ ယူရန် အားထုတ် လုံးပန်းခဲ့သူလည်း ဖြစ်သည်။ သူ့ အဖွဲ့အစည်းမှ နိုင်ငံခြားသို့ လူငယ်များ စစ်ပညာ သင်ယူရာတွင် အတော်များများ ပါဝင် ဆောင်ရွက်ခဲ့သည်။
၁၉၄ဝ ပြည့်နှစ်တွင် သခင် ဗစိန်သည် နိုင်ငံကူး လက်မှတ် အတုဖြင့် ဂျပန်ပြည်သို့ သွားရန် ကုန်းလမ်းခရီးမှ ကြိုးပမ်းခဲ့ရာ ယိုးဒယား နယ်စပ်အနီး မယု တောင်တန်းပေါ်တွင် အဖမ်းခံ ခဲ့ရသည်။ ဂျပန်လက်အောက် စစ်အစိုးရ လက်ထက်တွင် လမ်းပန်း ဆက်သွယ်ရေး၊ အလုပ်သမားရေးနှင့် ဆည်မြောင်း တာတမံဌာန ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းနောက် မန်ချူးကိုး (ကိုးရီးယား) သံအမတ် အဖြစ် ခန့်အပ်ခြင်း ခံရပြီး စင်ကာပူသို့ ပြည်နှင်ဒဏ် ခံခဲ့ရသည်ဟု ဆိုသည်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသော အခါ သခင် ဗစိန်သည် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ယာယီ အစိုးရ လက်ထက်တွင် ဝန်ကြီး တဦး အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ် အောင်ဆန်းတို့နှင့် အတူ ခြောက်ဦး ကိုယ်စားလှယ် အဖြစ် ဘိလပ်သို့ သွားရောက်ခဲ့ရသည်။ သို့သော် ယင်းဆွေးနွေးပွဲ ရလဒ် အဖြစ် တနှစ် အတွင်း မြန်မာနိုင်ငံကို လုံးဝ လွတ်လပ်ရေး ပေးရေး အတွက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် အက်တလီတို့ သဘောတူ ချုပ်ဆိုကြသော အခါ၊ အောင်ဆန်း - အက်တလီ စာချုပ်ကို ဂဠုန် ဦးစော နှင့် အတူ ကန့်ကွက်ခဲ့သည်။
ထို့ကြောင့် တနှစ် အတွင်း မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရယူနိုင်ရေး အတွက် ဖဆပလ ဦးဆောင်တဲ့ ကြားဖြတ် အစိုးရ ပုံစံမျိုး ပြန်လည် ဖွဲ့စည်းသည့် အခါ သခင် ဗစိန်နှင့် ဂဠုန်ဦးစောတို့ အစိုးရ အဖွဲ့တွင် ပြန်လည် ပါဝင်ခြင်း မရှိတော့ပေ။
လွတ်လပ်ရေး ရပြီးနောက် ဗမာပြည် ဒီမိုကရက်တစ် ပါတီကို ဖွဲ့စည်းပြီး ပါတီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ကာ နိုင်ငံရေးမှာ ပြန်လည် လှုပ်ရှားခဲ့သော်လည်း လူထု၏ ထောက်ခံမှု မရသဖြင့် မယ်မယ်ရရ လှုပ်ရှားနိုင်ခြင်း မရှိပေ။ ယင်းနောက် စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်ပြီး ကိုယ်ပိုင် ဘားမားဂျာနယ် ကို တည်ထောင်ကာ ထုတ်ဝေခဲ့သည်။ ထိုအပြင့် ကမ္ဘာ့ ကွန်မြူနစ် ဆန့်ကျင်ရေး အဖွဲ့ချုပ် မြန်မာနိုင်ငံ အဖွဲ့ခွဲ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ရင်း ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။
Remove ads
ကိုးကား
- တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ၊ ရွှေဥဩ၊ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ၊ စပယ်ဦး စာပေ ဖြန့်ချိရေး၊ တတိယ အကြိမ်၊ ‘သခင်ဗစိန်’ (စာမျက်နှာ ၁၂၇ - ၁၂၉)။
- သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ် (ပွင့်ပွင့်လင်းလင်း သတင်းစာ ဖြတ်ပိုင်းများ)၊ သိန်းဖေမြင့်၊ ၂ဝဝဝ၊ ဇွန်၊ စာအုပ်ဈေး၊ ပထမ အကြိမ်၊ ‘ကွယ်လွန်သူ သခင်ဗစိန်’ (စာမျက်နှာ ၉၃ - ၉၆)။
- သိန်းဖေမြင့်ရဲ့ ‘သူတို့ခေတ် သူတို့အတိတ် သူတို့အရိပ်၊ ပွင့်ပွင့်လင်းလင်း သတင်းစာ ဖြတ်ပိုင်းများ’ စာအုပ် (၂ဝဝဝ ဇွန်လမှာ စာအုပ်ဈေး စာအုပ်တိုက်က ပထမ အကြိမ်)
- ရွှေဥဩ၏ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ်(၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလစပယ်ဦး စာပေ တတိယ အကြိမ်)
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads