သိန်းဖေမြင့်

မြန်မာစာရေးဆရာ From Wikipedia, the free encyclopedia

သိန်းဖေမြင့်
Remove ads

သိန်းဖေမြင့် (၁၉၁၄ ဇူလိုင် ၁၀ – ၁၉၇၈ ဇန်နဝါရီ ၁၅) သည် မြန်မာနိုင်ငံသား ဩဇာညောင်းသော နိုင်ငံရေးသမား၊ စာရေးဆရာနှင့် သတင်းစာဆရာတစ်ဦးဖြစ်သည်။ သူသည် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ စာအုပ်များစွာကို ရေးသားခဲ့ပြီး ဗိုလ်တထောင် သတင်းစာကို တည်ထောင်ခဲ့သူဖြစ်သည်။ သိန်းဖေမြင့်သည် မာက်စ်ဝါဒဆိုင်ရာ အသိပညာရှင် ခေါင်းဆောင်တစ်ဦးအဖြစ် မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုနှင့် စစ်ပြီးခေတ်နိုင်ငံရေးတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။

အချက်တိုများ သိန်းဖေမြင့်, မွေးဖွား ...
Remove ads

အစောပိုင်းဘဝ

သိန်းဖေမြင့်ကို (အမည်ရင်း သိန်းဖေ) ကို အထက်မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် မွေးဖွားခဲ့သည်။ သူသည် စာပေစတင်ရေးသားချိန်မှစ၍ ငယ်အမည်ဖြစ်သော "သိန်းဖေ" တွင် မိခင်၏အမည် ဒေါ်မြင့်မှ "မြင့်" ကိုယူကာ ကလောင်အမည်ကို သိန်းဖေမြင့် ဟု ပေါင်းထည့်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ ရရှိခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ခင်ကြည်ကြည်နှင့် အိမ်ထောင်ကျကာ သားသမီးလေးယောက် ထွန်းကားခဲ့သည်။

နိုင်ငံရေး လှုပ်ရှားမှု သက်တမ်း

၁၉၃၀ ပြည့်နှစ်များ အလယ်ပိုင်းတွင် သိန်းဖေမြင့်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးအဖြစ် နိုင်ငံရေးတွင် စတင်ပါဝင်ခဲ့သည်။ ၁၉၃၂-၃၃ ခုနှစ်တွင် မန္တလေးဥပစာကောလိပ်၌ ပညာသင်ကြားစဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အမှတ်ကောင်းသဖြင့် ဥပစာတန်းကို တစ်နှစ်တည်း တက်ရောက်ခွင့် ရရှိခဲ့သည်။ ဥပစာတန်းတွင် ပညာသင်ကြားစဉ် အစိုးရက မန္တလေးကောလိပ်ကို ပိတ်ရန် စီစဉ်ခဲ့ရာ၊ ကိုကျော်ငြိမ်း (နောင် ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်း)၊ ကိုခင်မောင်လေး (နောင် ဝန်ကြီး ဗိုလ်ခင်မောင်လေး)၊ ကိုသီဟန် (နောင် ဝန်ကြီးဦးသီဟန်) တို့နှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သည်။ ဥပစာတန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ပညာသင်ယူခဲ့သည်။

ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၁၉၃၄-၃၅ ခုနှစ်၌ ကိုကျော်ငြိမ်းနှင့်အတူ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။ ထိုနှစ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌမှာ ကိုဖိုးအေး (နောင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးဝန် ဒေါက်တာဖိုးအေး) ဖြစ်သည်။ သိန်းဖေမြင့်သည် ဥက္ကဋ္ဌကို ဆန့်ကျင်ကာ တက္ကသိုလ်အာဏာပိုင်များကို အတိုက်အခံပြုခဲ့သည်။ တက္ကသိုလ်တွင် သခင်ဗစိန်နှင့် ပူးပေါင်း၍ ဒိုင်အာခီအုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့ပြီး ၁၉၃၅ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

ဘွဲ့ရပြီးနောက် သိန်းဖေ (အမည်ရင်းအတိုင်း လူသိများဆဲ) သည် ဗြိတိသျှကိုလိုနီဆန့်ကျင်ရေးအသင်းကြီးဖြစ်သည့် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ဤအဖွဲ့အစည်းတွင် သခင်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း၊ သခင်ရှုမောင် (နောင်တွင် ဦးနေဝင်း) ကဲ့သို့သော မြန်မာ့နိုင်ငံရေးလွတ်လပ်ရေး ကြိုးပမ်းမှုမှ ထင်ရှားသည့် ခေါင်းဆောင်များ ပါဝင်ခဲ့သည်။

သူ၏ နိုင်ငံရေးဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက "ထိန်းမရသိမ်းမရ သိန်းဖေ" ဟု ကင်ပွန်းတပ်ခဲ့သည်။ ဦးနုကမူ

"သိန်းဖေမြင့်သည် မြန်မာစာပေလောကတွင်သာမက ကမ္ဘာလောကတွင်ပါ ထိပ်ဆုံးသို့ရောက်နိုင်သော အရည်အချင်းများနှင့် ပြည့်စုံသည့် စာရေးဆရာတစ်ဦးဖြစ်သည်။ သို့သော် ၎င်းကို အကြိမ်ကြိမ်အဖန်ဖန် ငြင်းဆန်ပယ်ထုတ်ခဲ့သော နိုင်ငံရေးလောကကိုသာ အာသာငမ်းငမ်းတက် စွဲလန်းကာ၊ နိုင်ငံရေးလောကသို့ ဝင်နိုင်ရန် မလျော့တမ်း ကြိုးစားလျက်ရှိသူ"

ဟု မှတ်ချက်ချခဲ့သည်။ စာရေးဆရာ ဒဂုန်တာရာကမူ သိန်းဖေမြင့်၏ နိုင်ငံရေးရပ်တည်ချက်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ဝေဖန်ခဲ့သည်-

"သူ၌ ကိုယ်ပိုင်ထင်မြင်ယူဆချက် ရှိသည်။ သူသည် သူ၏ကိုယ်တိုင်ယုံကြည်ချက်ကို တင်ပြလေ့ရှိသည်။ သို့သော် ပါတီတစ်ရပ်လုံး လိုက်နာအောင် မစည်းရုံးနိုင်၊ မလှုံ့ဆော်နိုင်ခဲ့ပါ။ ပါတီနိုင်ငံရေးသဘောကား မိမိယုံကြည်ချက်ကို ပါတီတစ်ရပ်လုံး ယုံကြည်ချက်နှင့် ညှိရေး ဖြစ်၏။ ပါတီက ယုံကြည်လာအောင် လုပ်ရသော အတတ်ပညာဖြစ်၏။ မိမိကြိုးက သိပ်တင်းနေလျှင်သော်လည်းကောင်း၊ လျော့နေလျှင်သော်လည်းကောင်း၊ တေးသံမထွက်လာပေ။ ကြိုးညီမှ တီး၍ရကာ ဂီတသံထွက်လာပေမည်။ သူသည် သူ့ကြိုးကိုသူ ညှိသဖြင့် အခြားအသံများနှင့် ပဋိပက္ခဖြစ်ကာ ကင်းကွာလာခဲ့ရ၏။ သိန်းဖေမြင့်၏လမ်းစဉ်သည် ပါတီ၏လမ်းစဉ်ဖြစ်လာအောင် တိုက်နိုင်မည်ဆိုလျှင် ယနေ့တိုင် ကွန်မြူနစ်ပါတီနှင့် သူသည် တသားတည်းနေမည်ဖြစ်သည်။ သူသည် မတိုက်မဟုတ်။ တိုက်၏။ အနုပညာသည်လည်း သူ၏လက်နက်ကောင်းတစ်ခု ဖြစ်၏။ သို့သော် အတိုက်သမားအဖြစ်ကား လန်၍လန်၍ကျခဲ့သည်။ အရေးနိမ့်ခဲ့ရသည်။"

သိန်းဖေမြင့်သည် မြန်မာနိုင်ငံတွင် လက်ဝဲလှုပ်ရှားမှု၏ ဦးဆောင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် လျင်မြန်စွာရောက်ရှိခဲ့သည်။ သူသည် ၁၉၃၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဗြိတိသျှကိုလိုနီအစိုးရကို သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြပွဲများနှင့် ၁၉၃၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော "၁၃၀၀ ပြည့်အရေးတော်ပုံ" တွင် ထင်ရှားသော ကျောင်းသားခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။[]

Remove ads

နိုင်ငံရေးသမားအဖြစ်မှ စာနယ်ဇင်းသမားအဖြစ်သို့

ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားချိန်တွင် သိန်းဖေမြင့်သည် ဖက်ဆစ်ဂျပန်တို့နှင့် မဟာမိတ်ပြုမည်ဆိုခြင်းကို ငြင်းဆန်သော မြန်မာ့လွတ်လပ်ရေး ဦးဆောင်လှုပ်ရှားသူ လူနည်းစုဝင်တစ်ဦးဖြစ်သည်။ အောင်ဆန်းကဲ့သို့သော ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်အများစုနှင့် သဘောထားကွဲလွဲကာ ဗြိတိသျှတို့ကို မနှစ်မြို့သော်လည်း မဟာမိတ်ဖွဲ့ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်အင်ပါယာမှ မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်သောအခါတွင် မြေအောက်တော်လှန်ရေးလှုပ်ရှားမှုများကို စတင်လုပ်ကိုင်ခဲ့သည်။

ဂျပန်တို့၏ အုပ်ချုပ်မှုသည် ရက်စက်ကြမ်းကြုတ်ကြောင်း သိလာရသောအခါတွင် ဂျပန်တို့နှင့် မဟာမိတ်ပြုမည်ကို ငြင်းဆန်ခဲ့သော သိန်းဖေမြင့်၏ အယူအဆများ မှန်ကန်ကြောင်း သိသာထင်ရှားလာခဲ့သည်။ ဂျပန်တို့နှင့် ထိုအချိန်ထိ မဟာမိတ်ဖွဲ့ထားသော ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့ကို တိုက်ထုတ်ရန်အတွက် မဟာမိတ်များထံမှ အကူအညီရယူရန် သိန်းဖေမြင့်ကို အိန္ဒိယနိုင်ငံသို့ သံတမန်အဖြစ် စေလွှတ်ခဲ့သည်။ စစ်ပွဲကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မြန်မာခေါင်းဆောင်အချို့နှင့် ဗြိတိသျှစစ်တပ် တပ်ဖွဲ့ ၁၃၆၊ အထူးစစ်ဆင်ရေးနှင့် ထောက်လှမ်းရေးယူနစ်တို့အကြားတွင် ဖက်ဆစ်ဆန့်ကျင်ရေး ဝါဒဖြန့်ချိမှုလုပ်ငန်းများ၊ သတင်းအချက်အလက်စုဆောင်းရေးနှင့် ဆက်ဆံရေးလုပ်ငန်းဆောင်တာများကို အဓိကအခန်းကဏ္ဍမှ ဆောင်ရွက်ခဲ့သည်။

စစ်ပြီးခေတ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ တရုတ်ဗမာချစ်ကြည်ရေးအသင်း၊ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့အစည်း၊ ဗမာပြည်စာရေးဆရာများအဖွဲ့အစည်းများ အပါအဝင် အသင်းအဖွဲ့များနှင့် ပါတီများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခုနှစ် စစ်ပွဲကာလအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းအစိုးရလက်အောက်ရှိ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာန၏ ပထမဆုံးဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သူသည် ထောင်ချခံရပြီး ၁၉၄၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက်တွင် သိန်းဖေမြင့်သည် နိုင်ငံရေးသမားအဖြစ်မှ ထောက်ခံအားပေးသော စာနယ်ဇင်းသမားအဖြစ်သို့ ပြောင်းလဲခဲ့သည်။

စာရေးဆရာနှင့် သတင်းစာဆရာအဖြစ် လုပ်ဆောင်မှု

သိန်းဖေမြင့်သည် ၁၉၃၇ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝကပင် နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ်အတွင်း စာပေစတင်ရေးသားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ထုတ်ဝေသော သူ၏ လက်ရာဖြစ်သည့် "တက်ဘုန်းကြီး" မှာ အချို့သော ဗုဒ္ဓဘာသာဘုန်းကြီးများ၏ လူမှုရေးဖောက်ပြန်မှုနှင့် အဂတိလိုက်စားမှုတို့၏ အရှက်ရဖွယ်ရာကောင်းပုံကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားသော စာပေဖြစ်သည်။ သူ၏မိတ်ဆွေဖြစ်သော တို့ဗမာအစည်းအရုံးဝင် သခင်နုက ထိုစာအုပ်တွင် အမှာစာရေးသားခဲ့သည်။ ဤစာအုပ်ကြောင့် ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသော ဗမာပြည်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပညာတတ်လက်ဝဲဂိုဏ်းဝင် ကောလိပ်ကျောင်းသားတို့က ဗမာလူထု၏ ရှေးထုံးတမ်းအစဉ်အလာနှင့် ပတ်သက်ပြီး ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှုကြီးတစ်ရပ်အဖြစ် ဖြစ်စေခဲ့သည်။ ထိုစာအုပ်သည် ရဟန်းပျိုများအသင်း၏ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းကိုလည်း ခံခဲ့ရပြီး စာရေးသူနှင့် ထုတ်ဝေသော စာအုပ်တိုက်ပါမကျန် ခြိမ်းခြောက်မှုများ ခံခဲ့ရသည်။ သို့သော်လည်း ခေတ်စမ်းစာပေဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ဇော်ဂျီသည် အားပေးလက်ခံခဲ့သည်။ ထို့နောက် သိန်းဖေမြင့်အား တက်ဘုန်းကြီး သိန်းဖေ ဟူ၍ လူသိလာခဲ့သည်။

သူ၏ ထင်ရှားသော စာပေလက်ရာများမှာ-

  • တက်ဘုန်းကြီး (ခေတ်သစ် ဘုန်းကြီး)
  • တက်ခေတ် နတ်ဆိုး (ခေတ်သစ်အတွင်းမှ နတ်ဆိုး)
  • သပိတ်မှောက် ကျောင်းသား
  • သခင် ကိုယ်တော်မှိုင်း (သခင်ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိ)
  • အရှေ့က နေဝန်းထွက်သည့်ပမာ (မြန်မာစာပေဆုရ)
  • ချင်းပြည် သမိုင်း (မြန်မာစာပေဆုရ)

"What Happened in Burma" နှင့် "Over the Ashes" အပါအဝင် စာအုပ်များစွာကို သူသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ သူ၏ လက်ရာများစွာမှာ ယနေ့ခေတ်တိုင်အောင် ပြန်လည်ထုတ်ဝေနေရဆဲဖြစ်ပြီး ၎င်းတို့အနက်မှ "စစ်အတွင်းခရီးသည်" သည် အရောင်းရဆုံး စာအုပ်အဖြစ် ဆက်လက်တည်ရှိနေသည်။ ဤစာအုပ်ကို ဒေါက်တာ ရောဘတ် အိပ်ခ်ျ တေလာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ သူသည် "ယောက်ျားဂုဏ်ရည်" ရုပ်ရှင်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ သူသည် နဂါးနီစာအုပ်တိုက်တွင် အလုပ်လုပ်ခဲ့ပြီး ပြဇာတ်များစွာကို ရေးသားခဲ့သည်။

၁၉၅၈ ခုနှစ်တွင် သိန်းဖေမြင့်သည် ဗိုလ်တထောင် သတင်းစာ ကို တည်ထောင်ခဲ့သည်။ (သူသည် ၁၉၃၀ ပြည့်နှစ် နှောင်းပိုင်းနှစ်များတွင် မြန်မာ့အလင်းသတင်းစာ၏ သတင်းထောက်ဟောင်းတစ်ဦးလည်းဖြစ်သည်။) ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော ဆိုရှယ်လစ်အစိုးရသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် သူ၏သတင်းစာကို ပြည်သူပိုင်သိမ်းခဲ့သော ၁၉၆၄ ခုနှစ်အထိ သူသည် လက်ဝဲဝါဒ လွှမ်းမိုးသော သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၇၅ ခုနှစ်အထိ ဗိုလ်တထောင်သတင်းစာ (ပွင့်ပွင့်လင်းလင်း ပြောပါရစေ) ကဏ္ဍ၏ ပင်တိုင်ဆောင်းပါးရှင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနှစ် မေလတွင် သမ္မတ ဦးနေဝင်း၏ လစာကိစ္စကို (လမ်းစဉ်ပါတီခေတ်တွင် အကြံပေးအဖွဲ့ဝင်ဖြစ်ပါလျက်) ပွင့်ပွင့်လင်းလင်းကဏ္ဍမှ ရေးသားခဲ့ရာ ထိုစဉ်က ပြန်ကြားရေးဝန်ကြီး ဦးလွင်က သူ့ကလောင်အား ပိတ်ခဲ့ပြီး စာပေစိစစ်ရေးဌာနသည် ထုတ်ဝေမည့် စာမူများအားလုံးကို ထုတ်တင်စနစ်မှ တင်ထုတ်စနစ်သို့ ပြောင်းလဲကာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။[]

Remove ads

ကွယ်လွန်ခြင်း

သိန်းဖေမြင့်သည် ၁၉၇၈ ခုနှစ်၊ အသက် ၆၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။









မှတ်စု

A.^ ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ အစည်းအရုံး ဝါဒဖြန့်ဌာန တွဲဖက် အတွင်းရေးမှူး
B.^ နဂါးနီ စာအုပ်သင်း ပညာရေးအဖွဲ့ဝင် အမှုဆောင်
C.^ ၁၉၃၉ ဇန်နဝါရီ တွင် ထောင်နှစ်ပတ် ကျခဲ့
D.^ တက္ကသိုလ်ကျောင်းသားဘဝကပင် ဦးသိန်းဖေမြင့်သည် စာပေဝါသနာထုံ၍ စာရေးဆရာအဖြစ် ပထမဆုံး ပုံနှိပ်ခံရသည့် ဆောင်းပါးမှာ ၁၉၃၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် သူရိယ သတင်းစာပါ “မန္တလေး အင်တာမီဒီးယိတ်ကောလိပ် ခေါ် ဥပစာကျောင်း၌ အပိုမြန်မာစာ သင်ပြပို့ချသင့်ကြောင်း” ဆောင်းပါးဖြစ်သည်။ ကလောင်အမည်ကို ‘ဝနေငဖေ (ဘုတလင်)’ ဟူ၍ ယူခဲ့သည်။ []
E.^ ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့်ဝတ္ထုတိုမှာ ၁၉၃၃ ခုနှစ် စက်တင်ဘာလထုတ် ဒဂုန် မဂ္ဂဇင်းပါ ‘ခင်မျိုးချစ်’ ဝတ္ထုဖြစ်သည်။ ကလောင်အမည်ကိုလည်း ဝနေငဖေ (ဘုတလင်)ဟူ၍ပင် ပေးခဲ့သည်။[]
F.^ နဂါးနီ စာအုပ်တိုက် ဟူ၍ တိုးတက်သော စာပေများ၊ မာ့က်စ်ဝါဒဘာသာပြန်များ ဖြန့်ချိရန် လူငယ်တစု စတင်ကြံစည်စက ‘သိန်းဖေ’ ဟူသော နာမည်ရင်းဖြင့် ‘တက်ဘုန်းကြီး’ ဝတ္ထု ထွက်လာလေ၏။ ထိုအခါက ကိုသိန်းဖေမှာ ကာလကတ္တားတွင် အမ်အေတက်နေသည်ဟု သိရ၏။ []
G.^ သခင်သန်းထွန်း၊ သခင်စိုးနှင့်အတူ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ကို တည်ထောင်ခဲ့သည်။
Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads