အန်းဒရိယ ဗီဆေးလိယပ်
From Wikipedia, the free encyclopedia
Remove ads
ဘယ်လ်ဂျီယမ်လူမျိုး ခန္ဓာဗေဒပညာရှင် အန်းဒရိယ ဗီဆေး လိယပ်(ခရစ် ၁၅၁၄-၁၅၆၄)သည် ယခုခေတ် ခန္ဓာဗေဒ ပညာရေးစံနစ်ကို စတင် တီထွင်သူ ဖြစ်သည်။ ဗီဆေးလိယပ်ကို ၁၅၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဖွားမြင်သည်။ လူးဗန်း၊ ကိုလုန်း၊ မွန့်ပဲလီးယေးနှင့် ပါရီမြို့များတွင် ပညာသင်ယူရာ ရူပဗေဒနှင့် ခန္ဓာဗေဒ ပညာရပ်တို့၌ ထူးချွန်သဖြင့် ကျော်ကြား သည်။ ပါရစ်မြို့တွင် ဆီလဗိယပ်၊ ယိုဟန်းနက်ဂွန်တာ စသော ဆေး ပညာရှင်ကြီးများထံ၌ ဆေးပညာကို ခဲခဲယဉ်းယဉ်း သင် ယူပြီးနောက် လူးဗန်းမြို့သို့ ပြောင်းရွေ့နေထိုင်သည်။ ထိုနောက် ဂျာမန်ဧကရာဇ်၏ တပ်မတော်၌ ဝင်ရောက် အမှုထမ်းရင်း အီတလီနိုင်ငံ ဗင်းနစ်မြို့သို့ ရောက်ရှိသွားလေသည်။ ဗင်းနစ်တက္ကသိုလ်တွင် ဝင်ရောက်၍ ဆေးပညာကို ဆက်လက်သင်ယူ ရာ ၁၅၃၇ ခုနှစ်တွင် အမ်ဒီခေါ် ဆေးပညာဘွဲ့ထူးကို ဆွတ်ခူး ရရှိသည်။

၁၅၃၈ ခုနှစ်တွင် ဗီဆေးလိယပ်သည် ခန္ဓာဗေဒပညာဆိုင်ရာ ဇယား ၆ ခုကို ရေးသားထုတ်ဝေသည်။ ၁၅၄ဝ ပြည့်နှစ်တွင် ပါဗီယာတက္ကသိုလ်၌ ခန္ဓာဗေဒပညာ ပါမောက္ခအဖြစ် ခန့်ထားခြင်းခံရပြီးနောက် ၁၅၄၃ ခုနှစ်တွင် ဗလုံးညားတက္ကသိုလ်၌လည်းကောင်း၊ မကြာမီ ပီဆာတက္ကသိုလ် ၌လည်းကောင်း ပါမောက္ခအဖြစ် ဆောင်ရွက်ရသည်။ ဗီဆေး လိယပ်သည် တက္ကသိုလ်တွင် စာပေပို့ချစဉ် လူ့ခန္ဓာကိုယ်ကို ခွဲစိတ်ပြသ၍ လက်တွေ့သင်ကြားပြသသော စံနစ်ကို စတင် တီထွင်သည်။ ၁၅၄၃ ခုနှစ်တွင် သူ၏အထင်ရှားဆုံးလက်ရာ ဖြစ်သည့် ဒီကော်ပိုရစ် ဟျူမင်နီဖဲဗရစ်ကာခေါ် အနာတမီ ပညာဆိုင်ရာကျမ်းကြီးကို ရေးသားထုတ်ဝေရာ ပညာရှင် အပေါင်းတို့က ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်သော ကျမ်းကြီးအဖြစ် ချီးကျူးအသိအမှတ်ပြုကြရလေသည်။ ယခင်က တိရစ္ဆာန်ခန္ဓာကိုယ်များကို ခွဲစိတ်ရာမှ ရရှိသော ဗဟုသုတများ ဖြင့် လူ့ခန္ဓာကိုယ်အကြောင်း မှတ်ချက်ချနေသည့် ခန္ဓာဗေဒပညာရှင် ဂလင်းစသည်တို့၏ ယူဆချက်များ မှားယွင်းပုံကို ထုတ်ဖော်ရေးသားရာ ရေးသားသူ ဗီဆေးလိယပ်၏ ဂုဏ်သတင်း ကြီးမြင့်လာသလောက် အတိုက်အခံနှင့် ကန့်ကွက်သူ အတော်များများနှင့် ရင်ဆိုင်ရသည်။
၁၅၄၄ ခုနှစ်ခန့်တွင် ဗီဆေးလိယပ်သည် ဧကရာဇ်ဘုရင်ပဉ္စမချား၏ သမားတော်ချုပ် အဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် သားတော် ဒုတိယဖိလစ်ဘုရင် လက်ထက်တွင်ပါ ဆက်လက်ဆောင်ရွက်ရသည်။ သာသနာရေးဆိုင်ရာ တရားရုံးတော်က ဗီဆေးလိယပ်အား မိစ္ဆာဒိဋ္ဌိအဖြစ် စွဲချက်တင်ကာ သတ်ရန် အမိန့်ချလိုက်သော်လည်း ဧကရာဇ်ဘုရင်က လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ဟိုးလီး ဆီပါးလခါးသို့ ဘုရားဖူး လွှတ်လိုက်သည်။ ဘုရားဖူးရာမှ အပြန် ဇန်တီကျွန်းအနီး၌ သင်္ဘောမှောက်သဖြင့် ၁၅၆၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကွယ်လွန်သည်။ ဗီဆေးလိယပ် ပြုစုခဲ့သော လက်ရာများကို စုပေါင်း၍ ၁၇၂၅ ခုနှစ်တွင် စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေလေသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads