အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု
From Wikipedia, the free encyclopedia
Remove ads
အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု (အင်္ဂလိပ်: Civil disobedience) ဆိုသည်မှာ အစိုးရတစ်ရပ်၏ အချို့သော ဥပဒေများ၊ တောင်းဆိုချက်များနှင့် အမိန့်ပြန်တမ်းများကို နိုင်ငံသားပြည်သူတစ်ယောက်အနေဖြင့် လိုက်နာရန်ငြင်းဆန်ခြင်းပင်ဖြစ်သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုတို့သည် အကြမ်းဖက်နည်းလမ်းများကို ရှောင်ရှားခြင်းဖြင့် အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှု (Civil Disobedience) ဖြစ်ရန် လိုအပ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထို့ကြောင့် ဤလှုပ်ရှားမှုများကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု၊ အကြမ်းမဖက်ဆန့်ကျင်လှုပ်ရှားမှုများနှင့် တူညီသည်ဟု သတ်မှတ်ကြသည်။[၁][၂]
ဤလှုပ်ရှားမှု၏ အခြေခံအယူအဆကို ကျင့်သုံးခဲ့သည်မှာ ရှေးယခင်ကတည်းကပင်ဖြစ်သော်လည်း ဟင်နရီဒေးဗစ်သော်ရိုး (Henry David Thoreau) ၏ အက်ဆေးဖြစ်သည့် Civil Disobedience ဖြင့် အမေရိကန်ပြည်ထောင်စုတွင် စတင်လူသိများလာခဲ့ခြင်းဖြစ်သည်။ ဤအခြေခံအယူအဆများသည် ၁၈၀၀ ပြည့်နှောင်းပိုင်းနှစ်များတွင် အမေရိကန်ပြည်ထောင်စုတွင် အမျိုးသမီးများမဲပေးပိုင်ခွင့်လှုပ်ရှားမှုမှ Susan B. Anthony၊ ဗြိတိသျှသိမ်းပိုက်မှုကို ဆန့်ကျင်သည့် ၁၉၁၉ ခုနှစ် အီဂျစ်တော်လှန်ရေးကို ဖြစ်ပေါ်လာရန် ၁၉၁၀ ပြည့်နှစ်များတွင် Saad Zaghloul နှင့် ဗြိတိသျှအုပ်ချုပ်မှုအောက်မှ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရရှိစေခဲ့သည့် ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပေါ်လာစေရန် ၁၉၂၀ ပြည့်နှစ်များတွင် မဟတ္တမဂန္ဓီ စသည့် ခေါင်းဆောင်များအပေါ် လွှမ်းမိုးမှုရှိခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များတွင် အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှု (Civil Rights Movement) အတွင်း မာတင်လူသာကင်းဂျူနီယာ နှင့် ဂျိမ်းစ်ဘီဗဲလ် တို့၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများတွင်လည်း အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှု၏ အရေးပါသည့် အယူအဆအချို့ပါဝင်ခဲ့သည်။[၃]
Remove ads
သမိုင်းကြောင်း
သော်ရိုး၏ ၁၈၄၉ ခုနှစ်ရေးအက်ဆေးဖြစ်သည့် Civil Disobedience သည် နောင်ကာလများတွင် အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှုပြုသူများအပေါ် ကျယ်ကျယ်ပြန့်ပြန့်ပင် လွှမ်းမိုးမှုရှိခဲ့သည်။ အဆိုပါအက်ဆေးဖြစ်ပေါ်လာစေသည့် အဓိကအယူအဆမှာ နိုင်ငံသားများအနေဖြင့် ရန်ပြုကျူးလွန်သူများကို အထောက်အပံ့ပြုစေရန် တရားဥပဒေအရ ပြဋ္ဌာန်းထားသည့်တိုင်အောင် အထောက်အပံ့ပြုခဲ့ပါက ကျင့်သုံးလိုက်နာရမည့် ကိုယ်ကျင့်တရားအရ ၎င်းတို့တွင် တာဝန်မကင်း ဟူသည့် အချက်ပင်ဖြစ်သည်။ ထိုအက်ဆေးတွင် သော်ရိုးက ကျွန်စနစ်နှင့် မက္ကဆီကန် အမေရိကန်စစ်ပွဲကို ဆန့်ကျင်ဆန္ဒပြသည့် လုပ်ရပ်တစ်ခုအဖြစ် ၎င်းအနေဖြင့် အခွန်ပေးဆောင်ခြင်းမပြုရသည့် အကြောင်းရင်းကို ရှင်းပြခဲ့သည်။
၁၈၅၀ ပြည့်နှစ်များရောက်သော် အမေရိကန်ပြည်ထောင်စု ရှိလူနည်းစုအဖွဲ့များဖြစ်သည့် အာဖရိကနွယ်ဖွား အမေရိကန်လူမျိုးများ၊ ဂျူးလူမျိုးများ၊ သတ္တမနေ့နှစ်ခြင်းဂိုဏ်းဝင်များ၊ ကက်သလစ်ဂိုဏ်းဝင်များနှင့် အခြားအဖွဲ့များသည် ၎င်းတို့အပေါ်တွင် မျိုးနွယ်စုအရေး၊ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်စေရန် အားပေးအားမြှောက်ပြုနေသည့် ဥပဒေပြဋ္ဌာန်းချက်များကို တိုက်ဖျက်နိုင်ရန်အတွက် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုနည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ ခေတ်သစ်အမေရိကန် လူနည်းစုအခွင့်အရေးဆိုင်ရာ နိုင်ငံရေးကဏ္ဍတွင် ပြည်သူလူထုအခြေပြုကာ ငြိမ်းချမ်းသောအသွင်ဆောင်သည့် နိုင်ငံရေးအာဏာကို ခုခံတွန်းလှန်မှုသည် အဓိကကျသည့်နည်းဗျူဟာတစ်ခုအဖြစ် တွေ့ရဆဲဖြစ်သည်။[၄]
အီဂျစ်တွင်လည်း အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုကို ၁၉၁၄ ခုနှစ်မှစတင်ခဲ့ကာ ၁၉၁၉ အီဂျစ်တော်လှန်ရေးအဖြစ် အထွတ်အထိပ်သို့ ရောက်စေခဲ့သည့် နိုင်ငံတစ်ဝန်းလုံးပါဝင်လှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့သည်။ အဆိုပါ အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုကြီး၏ နောက်ကွယ်မှ စီစဉ်ဖန်တီးခဲ့သူဖြစ်သည့် Zaghloul Pasha သည် ဒေသခံလူလတ်တန်းစား၊ အလ်အဇ်ဟာတက္ကသိုလ်ဘွဲ့ရ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ တရားသူကြီးတစ်ဦးတစ်ဖြစ်လဲ အစိုးရအဖွဲ့ဝန်ဟောင်း ဝန်ကြီးတစ်ဦးဖြစ်ပြီး သူ၏ခေါင်းဆောင်မှုဖြင့် ခရစ်ယာန်နှင့် မွတ်ဆလင်အသိုင်းအဝိုင်းများသာမက အမျိုးသမီးများကိုပါ အကြီးအကျယ် ဆန့်ကျင်ဆန္ဒပြမှုများတွင် ပါဝင်လာစေခဲ့သည်။ သူနှင့်အတူ Wafd Party မှ လုပ်ဖော်ကိုင်ဖက်များကြိုးပမ်းမှုဖြင့် အီဂျစ်နိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၂၃ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့သည်။
အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှုသည် ပြည်သူအများအနေဖြင့် ၎င်းတို့အတွက်မျှတခြင်းမရှိဟု လက်ခံယူဆသည့် ဥပဒေများကို တော်လှန်ပုန်ကန်ကြရန် အသုံးပြုသည့်နည်းလမ်းများစွာအနက်မှ တစ်ခုပင်ဖြစ်သည်။ ဤကဲ့သို့လှုပ်ရှားမှုများကို အိန္ဒိယနိုင်ငံတွင် ဗြိတိသျှအင်ပါယာလက်အောက်မှ လွတ်လပ်ရေးရရှိရန်အတွက် မဟတ္တမဂန္ဓီ ဦးဆောင်ခဲ့သည့် လှုပ်ရှားမှုများ၊ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ၏ ကတ္တီပါတော်လှန်ရေး (Velvet Revolution)၊ ပါကစ္စတန်နိုင်ငံ၏ ဖိနှိပ်မှုအောက်မှ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးကြိုးပမ်းမှု၏ အစောပိုင်းကာလများနှင့် အရှေ့ဂျာမဏီတွင် ကွန်မြူနစ်အစိုးရပြုတ်ကျရေးလှုပ်ရှားမှုများကဲ့သို့သော အကြမ်းမဖက်ဆန့်ကျင်လှုပ်ရှားမှုများစွာတို့တွင် အသုံးပြုခဲ့ကြသည်။[၅]
ဤလှုပ်ရှားမှုများတွင်သာမက တောင်အာဖရိကနိုင်ငံတွင် အပါသိဒ် ခေါ် လူမျိုးရေးခွဲခြားမှုစနစ်တစ်ရပ်အား တွန်းလှန်ပယ်ဖျက်ရာတွင်လည်းကောင်း၊ အမေရိကန်နိုင်ငံ၏ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုတွင်လည်းကောင်း၊ ဆိုဗီယက်ပြည်ထောင်စုလက်အောက်မှ ဘော်လတစ်နိုင်ငံများအား လွတ်မြောက်စေခဲ့သည့် သီဆိုဟစ်ကြွေးတော်လှန်ရေး (Singing Revolution) တွင်လည်းကောင်း၊ မကြာသေးမီကဆိုလျှင် ဂျော်ဂျီယာနိုင်ငံ၏ ၂၀၀၃ ခုနှစ် နှင်းဆီတော်လှန်ရေးနှင့် ယူကရိန်းနိုင်ငံ၏ ၂၀၀၄ ခုနှစ် လိမ္မော်ရောင်တော်လှန်ရေးများတွင်သာမက အခြားသောကမ္ဘာတစ်ဝန်းမှ လှုပ်ရှားမှုမျိုးစုံတွင် တွေ့မြင်နိုင်သည်။[၆]
Remove ads
လှုပ်ရှားမှုလုပ်ရန် နည်းစနစ်များ
လှုပ်ရှားမှုအမျိုးအစား ရွေးချယ်ခြင်း
တရားမဝင် သပိတ်မှောက်ခြင်း၊ အခွန်ပေးဆောင်ရန် ငြင်းဆန်ခြင်း၊ စစ်မှုထမ်းမှုမှ ရှောင်လွှဲခြင်း၊ ဝက်ဘ်ဆိုဒ် သို့မဟုတ် ကွန်ယက်တို့ကို တိုက်ခိုက်ခြင်း (DDoS)၊ အများမြင်နိုင်သောနေရာများတွင် ထိုင်ရာမထ ဆန္ဒပြခြင်း (Sit-in) ကဲ့သို့သော အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများသည် စနစ်တစ်ခုကို လည်ပတ်ရန် ပိုမိုခက်ခဲစေသည်။ ဤနည်းများအားဖြင့် အာဏာရှင်တို့ကို အတင်းအကျပ် စဉ်းစားဆွေးနွေးခြင်းပြုအောင် ဖိအားပေးနိုင်သည်။ ဘရောင်းလီ (Brownlee)က "အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု ပြုသူများသည် အကျင့်သိက္ခာရှိသော အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ရန် ရည်ရွယ်ချက်ရှိသဖြင့် အလွန်အမင်း အတင်းအကျပ်ဖိအားပေးမှု မပြုရန် လူ့ကျင့်ဝတ်ဆိုင်ရာ ကန့်သတ်ချက်ရှိသော်လည်း၊ မည်သို့ပင်ဖြစ်စေ လိုအပ်ချက်များကို ဆွေးနွေးစားပွဲပေါ်သို့ ရောက်ရှိလာစေရန် အတိုင်းအတာတစ်ခုအထိ ဖိအားပေးရန် လိုအပ်သည်ကို တွေ့ရှိရကြောင်း" မှတ်ချက်ချသည်။[၇]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads