မြောက်အမေရိကရှိ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ From Wikipedia, the free encyclopedia
အမေရိကန်ပြည်ထောင်စု (အင်္ဂလိပ်: The United States of America) ကို ပုံမှန်အားဖြင့် United States, the U.S., the U.S.A., the States, the America စသည်ဖြင့် ရည်ညွှန်းခေါ်ဆိုလေ့ရှိကြကာ ဖွဲ့စည်းပုံအရ ဖက်ဒရယ်ဒီမိုကရက်တစ်(Federal Democratic) သမ္မတနိုင်ငံဖြစ်ပြီး ပြည်နယ် (၅၀)နှင့် ပြည်ထောင်စုနယ်မြေ (၁)နယ် ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုသည် မြောက်အမေရိကအလယ်ပိုင်းတွင် အဓိကတည်ရှိပြီး ထိုနေရာတွင် တဆက်တည်းဖြစ်နေသော ပြည်နယ် (၄၈)ခုနှင့် အုပ်ချုပ်ရေးဆိုင်ရာမြို့တော် ဝါရှင်တန်ဒီစီ တို့သည် ပစိဖိတ် နှင့် အတ္တလန္တိတ် သမုဒ္ဒရာတို့ကြားတွင် မြောက်ဘက်တွင် ကနေဒါနိုင်ငံနှင့် တောင်ဘက်တွင် မက္ကဆီကိုနိုင်ငံတို့ဖြင့် ဝိုင်းရံ၍ တည်ရှိသည်။ အလက်စကာပြည်နယ်သည် တိုက်ကြီး၏ အနောက်မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး အရှေ့ဘက်တွင် ကနေဒါနှင့် အနောက်ဘက် ဘဲရင်းရေလက်ကြား (Bering Strait)ကို ဖြတ်၍ ရုရှားနိုင်ငံတို့ ရှိကြသည်။ ဟာဝိုင်အီပြည်နယ်သည် ပစိဖိတ်သမုဒ္ဒရာအလယ်တွင် ရှိသော ကျွန်းစုဖြစ်သည်။ အမေရိကန်သည် ကာရစ်ဘီယန် နှင့် ပစိဖိတ်ဒေသအနှံ့အပြားတို့တွင် နယ်မြေများနှင့် ကျွန်းများကိုလည်း ပိုင်ဆိုင်သည်။
အမေရိကန်ပြည်ထောင်စု United States of America | |
---|---|
ဆောင်ပုဒ်: In God We Trust (ကျွန်ုပ်တို့ယုံကြည်ရာ ဘုရားသခင်ထံမှာ) | |
နိုင်ငံတော် သီချင်း: The Star-Spangled Banner | |
မြို့တော် | ဝါရှင်တန်ဒီစီမြို့ |
အကြီးဆုံးမြို့ | နယူးယောက်မြို့ |
ရုံးသုံး ဘာသာစကားများ | အင်္ဂလိပ်ဘာသာ |
လူမျိုးစု | လူဖြူ (၆၅.၁%)၊ လက်တင် (၁၄.၈%)၊ အာဖရိကန်(၁၂.၈%)၊ အာရှ (၄.၄%)၊ မူရင်းအမေရိကန်တိုင်းရင်သား (၁.၂%)၊ ကပြား (၁.၆%) |
ကိုးကွယ်မှု | ခရစ်ယာန် (၇၈.၅%)၊ ဘာသာမဲ့ (၁၂.၁%)၊ အခြား (၂.၅%)၊ ရဟူဒီ (၁.၇%)၊ ဗုဒ္ဓ (၀.၇%)၊ အစ္စလာမ် (၀.၆%) |
အမျိုးအစား | ဖက်ဒရယ် သမ္မတစနစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သမ္မတနိုင်ငံ |
အစိုးရ | |
• သမ္မတ | ဂျိုး ဘိုင်ဒင် |
• ဒု သမ္မတ | ကာမလာ ဟဲရစ် |
ဥပဒေပြုလွှတ်တော် | အမေရိကန်ပြည်ထောင်စု ကွန်ဂရက် |
ဆီးနိတ် | |
ကိုယ်စားလှယ်များလွှတ်တော် | |
တည်ထောင် | |
၄ ဇူလိုင် ၁၇၇၆ ခုနှစ် | |
• လွတ်လပ်ရေးသတ်မှတ် | ၃ စက်တင်ဘာ ၁၇၈၃ |
• အုပ်ချုပ်မှုဥပဒေကာလပေါ် | ၂၁ ဇွန် ၁၇၈၈ |
ဧရိယာ | |
• စုစုပေါင်း | ၉,၈၂၆,၆၃၀ km² (၃,၇၉၄,၀၆၆ sq mi) (အဆင့်: ၃/၄) |
• ရေထု (%) | ၆.၇၆ |
လူဦးရေ | |
• ခန့်မှန်း | ၃၀၄,၆၀၉,၀၀၀ (၂၀၀၇) (အဆင့် - ၃) |
• သိပ်သည်းမှု | ၃၁/km² (၈၀/sq mi) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | $၁၅.၀၉၄ ထရီလီယံ (အဆင့် - ၁) |
• Per capita | $၄၈,၃၈၆ (အဆင့် - ၈) |
HDI | ၀.၉၁၀ အလွန်မြင့် · ၄ |
ငွေကြေး | အမေရိကန်ဒေါ်လာ (USD "$") |
တယ်လီဖုန်းကုဒ် | +၁ |
Internet TLD | .us .gov .mil .edu |
အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၃.၇၉ သန်း (စတုရန်း ကီလိုမီတာ ၉.၈၃ သန်း) နှင့် လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့်အတွက် အမေရိကန်ပြည်ထောင်စုတွင် ကမ္ဘာပေါ်တွင် စုစုပေါင်း အကျယ်အဝန်းအားဖြင့် စတုတ္တမြောက် အကြီးဆုံးနှင့် ကုန်းမြေအကျယ်အဝန်းနှင့် လူဦးရေအားဖြင့် တတိယမြောက် အကြီးမား အများပြားဆုံး ဖြစ်သည်။ နိုင်ငံအများအပြားမှ လူအများအပြား ရွှေ့ပြောင်းနေထိုင်ကြသဖြင့် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် လူမျိုးစု အများဆုံး ရောထွေးနေထိုင်ပြီး ယဉ်ကျေးမှုအစုံလင်ဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ အမေရိကန်၏ စီးပွားရေးသည် ကမ္ဘာပေါ်တွင် အကြီးဆုံး စီးပွားရေးဖြစ်ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) အမေရိကန် ဒေါ်လာ ၁၄.၃ ထရီလီယံ မျှရှိသည်။ (nominal GDP အားဖြင့် တစ်ကမ္ဘာလုံး၏ ၂၃ ရာခိုင်နှုန်းဖြစ်ပြီး တစ်ကမ္ဘာလုံး ဝယ်ယူသည့်တန်ဖိုး၏ ၂၁ ရာခိုင်နှုန်းဖြစ်သည်။)
အမေရိကန်သည် အတ္တလန္တိတ်ကမ်းရိုးတန်းတလျှောက်တွင်ရှိသော ဗြိတိန်နိုင်ငံ၏ ကိုလိုနီနယ်မြေ (၁၃)ခု ပူးပေါင်း၍ စတင်တည်ထောင်ခဲ့သည်။ ၁၇၇၆-ခုနှစ် ဇူလိုင်လ (၄)ရက်တွင် လွတ်လပ်ရေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ထိုစာတမ်းမှ အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးကို ကြေညာခဲ့ပြီး ကွန်ဖယ်ဒရေးရှင်းဟုခေါ်သည့် ပြည်နယ်များကိုပူးပေါင်းထားသော ပြည်ထောင်စုကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် ပထမဆုံးစစ်ပွဲဖြစ်သော အမေရိကန်တော်လှန်ရေးစစ်အတွင်း ၌ ပုန်ကန်ထကြွသော ပြည်နယ်တို့သည် ဗြိတိန်တို့ကို ခြေမှုန်းအောင်နိုင်ခဲ့သည်။ ဖက်ဒရယ်ညီလာခံမှ အမေရိကန်ပြည်ထောင်စု၏ ယခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၇၈၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် စတင် ကျင့်သုံးခဲ့သည်။ နောက်နှစ်များတွင် ထပ်မံအတည်ပြုချက်အရ ပြည်နယ်များကို ဗဟိုအစိုးရမှ ချုပ်ကိုင်မှု အားကောင်းသော နိုင်ငံ၏အစိတ်အပိုင်းအဖြစ် သတ်မှတ်သည်။ ပြည်သူတို့၏ အခြေခံအခွင့်အရေး အများအပြား နှင့် လွတ်လပ်မှုကို အာမခံချက်ပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၀ ချက်ပါဝင်သည်။ အခွင့်အရေးဆိုင်ရာဥပဒေ (The Bill of Rights) ကို ၁၇၉၁ တွင် အတည်ပြုခဲ့သည်။
၁၉ရာစုတွင် အမေရိကန်ပြည်ထောင်စုသည် ပြင်သစ်၊ စပိန်၊ အင်္ဂလန်၊ မက္ကဆီကိုနှင့် ရုရှားနိုင်ငံတို့မှ နယ်မြေများကို ရယူခဲ့ပြီး တက္ကဆက်နိုင်ငံ နှင့် ဟာဝိုင်အီနိုင်ငံတို့ကို ပြည်ထောင်စု အတွင်းသို့ ထည့်သွင်းခဲ့သည်။ ပြည်နယ်အခွင့်အရေးနှင့် ပတ်သက်၍ အမေရိကန် တောင်ပိုင်းနှင့် စက်မှုထွန်းကားသော အမေရိကန် မြောက်ပိုင်းတို့ အငြင်းပွားကြခြင်းနှင့် ကျွန်စနစ်ကို ချဲ့ထွင်ခြင်းတို့ကြောင့် ၁၈၆၀ နှစ်များတွင် အမေရိကန် ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ မြောက်ပိုင်းမှ အနိုင်ရရှိခဲ့ခြင်းကြောင့် နိုင်ငံပြိုကွဲမည့်အရေးကို တားဆီးနိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် တရားဝင် ကျွန်စနစ်ကို ချုပ်ငြိမ်းစေခဲ့သည်။ စပိန်-အမေရိကန် စစ်ပွဲ နှင့် ပထမကမ္ဘာစစ်တို့မှ အမေရိကန်အား စစ်အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် စေခဲ့သည်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်ပြည်ထောင်စုသည် နျူးကလီးယား လက်နက်ပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကုလသမ္မဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ နှင့် နေတိုးကို စတင်တည်ထောင်သည့် နိုင်ငံဖြစ်လာခဲ့သည်။ ၂၀ရာစုနှောင်းပိုင်းတွင် စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်းက အမေရိကန်ပြည်ထောင်စုအား တစ်ခုတည်းသော မဟာအင်အားကြီး နိုင်ငံတစ်ခု အဖြစ် ကျန်ရစ်ခဲ့စေသည်။ အမေရိကန်၏ စစ်သုံးစရိတ်သည် တကမ္ဘာလုံးစစ်သုံးစရိတ်၏ ၅၀ ရာခိုင်နှုန်းမျှရှိပြီး ကမ္ဘာပေါ်တွင် စီးပွားရေး၊ နိုင်ငံရေး နှင့် ယဉ်ကျေးမှုအရ ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။
အနောက်ကမ္ဘာခြမ်းမှမြေကို ခေါ်ဆိုသော အမေရိကား (America) ဆိုသည့်စကားလုံးမှာ အီတလီလူမျိုး စူးစမ်းရှာဖွေသူ နှင့် မြေပုံဆွဲသူ အမေရိဂို ဗက်စပူချီ ကို အစွဲပြု၍ ၁၅၀၇ ခုနှစ်ကပင် တီထွင် အသုံးပြုခံသည် ဟု ယုံကြည်ယူဆရသည်။ နိုင်ငံ၏အမည်အပြည့်အစုံကို ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က "အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်များ" က ထုတ်ပြန်ခဲ့သော လွတ်လပ်ရေးကြေညာစာတမ်းတွင် ပထမဆုံးအကြိမ် အသုံးပြုခဲ့ပြီး "အမေရိကန် ပြည်ထောင်စု ၁၃ ခုမှ တညီတညွတ်တည်း ထုတ်ပြန်ကြေညာချက်" ဟု ဖော်ပြခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ တဆက်တည်းဖြစ်နေသော ကုန်းမြေဧရိယာသည် ၁.၉ ဘီလီယံ ဧက (ဟက်တာ သန်းပေါင်း ၇၇၀) ခန့်မျှ ရှိသည်။ တဆက်တည်း တည်ရှိနေသော အမေရိကန်ပြည်ထောင်စုမှ ကနေဒါနိုင်ငံ ခြားနားနေသော အလက်စကာပြည်နယ် မှာ ဧကပေါင်း ၃၆၅ သန်း (ဟက်တာ သန်းပေါင်း ၁၅၀) ရှိပြီး အကြီးဆုံးပြည်နယ် ဖြစ်သည်။ ပစိဖိတ် အလယ်ပိုင်းရှိ ကျွန်းစုများတွင် တည်ရှိသော ဟာဝိုင်ယီပြည်နယ် မှာ ဧကပေါင်း ၄သန်း (ဟက်တာ ၁.၆သန်း) မျှသာရှိသည်။ [၁] အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် စုစုပေါင်း ဧရိယာ (မြေနှင့်ရေ နှစ်ခုပေါင်း) တတိယမြောက် သို့ စတုတ္ထမြောက် အကြီးဆုံးဖြစ်ပြီး ရုရှားနိုင်ငံ နှင့် ကနေဒါ နိုင်ငံတို့၏ နောက်မှ လိုက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် မတိမ်းမယိမ်း ရှိသည်။ ထိုသို့ အဆင့် အတိအကျ သတ်မှတ်နိုင်ခြင်း မရှိရခြင်းမှာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့၏ အငြင်းပွားနေဆဲဖြစ်သော နယ်မြေများကို ထည့်သွင်း ရေတွက်ခြင်း ရှိမရှိ နှင့် သက်ဆိုင်ပြီး အမေရိကန်ပြည်ထောင်စု၏ အရွယ်အစားကို မည်သို့ တွက်ချက်သည်နှင့်လည်း သက်ဆိုင်သည်။ စီအိုင်အေ ကမ္ဘာ့အချက်အလက်စာအုပ် (World Factbook) အရ စုစုပေါင်း အရွယ်အစားကို ၃,၇၉၄,၁၀၁ စတုရန်းမိုင် (၉,၈၂၆,၆၇၅ စတုရန်းကီလိုမီတာ)ဟု ဖော်ပြထားပြီး [၂] ကုလသမဂ္ဂ စာရင်းအင်းမှ ၃,၇၁၇,၈၁၃ စတုရန်းမိုင် ( ၉,၆၂၉,၀၉၁ စတုရန်းကီလိုမီတာ) ဟု ဖော်ပြကာ [၃] ဘရစ်တန်နီကာ စွယ်စုံကျမ်းမှ ၃,၆၇၆,၄၈၆ စတုရန်းမိုင် ( ၉,၅၂၂,၀၅၅ စတုရန်းကီလိုမီတာ) ဟု ဖော်ပြထားသည်။[၄] ကုန်းမြေ ဧရိယာကိုသာလျှင် တွက်မည် ဆိုပါက အမေရိကန်ပြည်ထောင်စုသည် ရုရှား နှင့် တရုတ်တို့၏ နောက် တတိယနေရာတွင် ရှိပြီး ကနေဒါနိုင်ငံ ထက် အနည်းငယ်မျှ သာလွန်သည်။[၅]
အတ္တလန္တိတ်ကမ်းရိုးတန်းမှ စတင်လာသော ကမ်းရိုးတန်းလွင်ပြင်သည် ကုန်းတွင်းပိုင်းရှိ ရွက်ကြွေတောများနှင့် ပိုင်မောင့် (Piedmont )ရှိ တောင်ကုန်းများ ဆီသို့ ဖြန့်ကျက် ဝင်ရောက်သွားသည်။ အပါလေချန် တောင်တန်းများသည် အရှေ့ဘက်ကမ်းရိုးတန်းဒေသ နှင့် အမေရိကန်ပြည်ထောင်စု အနောက်ဘက် အလယ်ပိုင်း ရှိ မြက်ခင်းပြင်များ၊ ရေကန်ကြီးများတို့အား ပိုင်းခြားပေးထားသည်။ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အရှည်လျားဆုံး ဖြစ်သည့် မစ္စစ္စပီ-မစ်ဆိုရီမြစ်သည် မြောက်မှတောင်သို့ စီးဆင်း၍ နိုင်ငံ၏ ဗဟိုချက်မသို့ ဦးတည်သွားသည်။ ပြန့်ပြူးပြီး မြေဩဇာကောင်းမွန်သည့် ဂရိတ်ပလိန်း (Great Plains) ဒေသရှိ ပရေရီမြက်ခင်းများသည် အနောက်ဘက်သို့ ဖြန့်ကျက်သွားသည်မှာ အရှေ့တောင်ဘက်ရှိ ကုန်းမြေမြင့်ဒေသ အထိ ပင်ဖြစ်သည်။ ဂရိတ်ပလိန်း၏ အနောက်ဘက် အစွန်ရှိ ရော့ကီး တောင်တန်း သည် နိုင်ငံအတွင်း မြောက်မှတောင်သို့ ကန့်လန့်ဖြတ်တည်ရှိသည်။ ထိုတောင်တန်းများသည် ကော်လိုရာဒိုပြည်နယ်တွင် ပေ ၁၄,၀၀၀ (၄,၃၀၀ မီတာ) အထိ မြင့်သည်။ အနောက်ဘက်သို့ ဆက်သွားလျှင် ကျောက်တောင်ထူထပ်သော ဂရိတ်ဘေစင် (Great Basin) ဒေသ နှင့် မိုဟားဗီး (Mojave) သဲကန္တာရ ကဲ့သို့သော ကန္တာရများ ရှိသည်။ ဆီးရီးယား နီဗားဒါး (Sierra Nevada) နှင့် ကက်စကိတ် တောင်တန်းတို့သည် ပစိဖိတ်ကမ်းရိုးတန်းနှင့် နီးကပ်စွာ သွယ်တန်းနေကြသည်။ အလက်စကာပြည်နယ်တွင် ရှိသော မောင့်မက်ကင်လေ မှာ ၂၀၃၂၀ ပေ (၆၁၉၄ မီတာ) မြင့်ပြီး နိုင်ငံအတွင်း နှင့် မြောက်အမေရိကတွင် အမြင့်ဆုံးတောင်ဖြစ်သည်။ ရှင်သန်နေဆဲ မီးတောင်များမှာ အလက်စကာရှိ အလက်ဇန္ဒားကျွန်းများ နှင့် အာလူးရှန်(Aleutian) ကျွန်းများ တို့တွင် အများအပြား တွေ့ရပြီး ဟာဝိုင်ယီကျွန်းများတွင် မီးတောင်ကျွန်းများ ပါဝင်သည်။ ရော့ကီးတောင်တန်းများတွင် ပါဝင်ပြီး ရဲလိုးစတုန်း အမျိုးသားဥယျာဉ်၏ အောက်တွင်ရှိနေသော စူပါမီးတောင်သည် မြောက်အမေရိကတိုက်တွင် အကြီးဆုံးမီးတောင် ဖြစ်သည်။[၆]
အရွယ်အစားအားဖြင့် ကြီးမားပြီး ပထဝီ အနေအထားမျိုးစုံရှိသော အမေရိကန်ပြည်ထောင်စုတွင် ရာသီဥတု အမျိုးအစား အများစုကို တွေ့ရသည်။ မယ်ရီဒီယမ် ၁၀၀ ဒီဂရီ လောင်ဂျီကျုမျဉ်း၏ အရှေ့ဘက်တွင် မြောက်ဘက်ပိုင်းရှိ စိုထိုင်းသော ကွန်တီနန်တယ် ရာသီဥတုမှစ၍ တောင်ဘက်ပိုင်းရှိ စိုထိုင်းသော မုတ်သုံတစ်ပိုင်း ရာသီဥတု အထိ တွေ့ရသည်။ ဖလော်ရီဒါပြည်နယ်၏ တောင်ဘက် အစွန်အဖျား နှင့် ဟာဝိုင်ယီတို့မှာ မုတ်သုံရာသီဥတု ဖြစ်သည်။ မယ်ရီဒီယမ် ၁၀၀ ဒီဂရီမျဉ်း၏ အနောက်ဘက်ရှိ ဂရိတ်ပလိန်း လွင်ပြင်ကျယ်များမှာ တစိတ်တပိုင်း မိုးခေါင်ခြောက်သွေ့သော ရာသီဥတုမျိုး ရှိသည်။ အနောက်ဘက်ရှိ တောင်ကုန်းများမှာ ကုန်းမြင့် ရာသီဥတု ရှိသည်။ ဂရိတ်ဘေဆင် ဒေသနှင့် အနောက်တောင်ဘက်ရှိ ကန္တာရဒေသများမှာ မိုးခေါင်ခြောက်သွေ့သည်။ ကယ်လီဖိုးနီးယား ကမ်းရိုးတန်းဒေသတွင် မြေထဲပင်လယ် ရာသီဥတုရှိပြီး အော်ရီဂွန် ကမ်းရိုးတန်း ဒေသ၊ ဝါရှင်တန်ပြည်နယ် နှင့် အလက်စကာတောင်ဘက်ပိုင်းတို့တွင် သမုဒ္ဒရာ ရာသီဥတု ရှိသည်။ အလက်စကာ၏ ဒေသ အတော်များများမှာ အန္တာတိကဆန်သော ရာသီဥတု နှင့် ဝင်ရိုးစွန်း ရာသီဥတုများ ရှိကြသည်။ ပြင်းထန်သော ရာသီဥတုမှာ အထူးအဆန်း မဟုတ်ပေ။ မက္ကဆီကို ပင်လယ်ကွေ့နှင့် ထိစပ်နေသော ပြည်နည်များတွင် ဟာရီကိန်းမုန်တိုင်း မကြာခဏ တိုက်ခတ်လေ့ ရှိပြီး ကမ္ဘာပေါ်ရှိ လေဆင်နှာမောင်း အတော်များများမှာ ဤနိုင်ငံတွင် ဖြစ်ပွားလေ့ ရှိသည်။ အထူးသဖြင့် အနောက်ဘက် အလယ်ပိုင်းရှိ လေဆင်နှာမောင်း တောင်ကြား (Tornado Alley) ဟုခေါ်သော ဒေသတွင် ဖြစ်သည်။[၇]
အမေရိကန်ပြည်ထောင်စု၏ ဂေဟစနစ်သည် အလွန်အမင်းကျယ်ပြော (megadiverse) သည်။ တဆက်တည်းဖြစ်နေသော အမေရိကန်ပြည်ထောင်စု နှင့် အလက်စကာပြည်နယ်တို့တွင် ရေသောက်မြစ်ရှိသော အပင် (vascular plants) မျိုးကွဲပေါင်း ၁၇,၀၀၀ ခန့် ရှိသည်။ ဟာဝိုင်အီ ကျွန်းများတွင် ပန်းပွင့်သော အပင် (flowering plant) မျိုးကွဲပေါင်း ၁၈၀၀ ကျော် ရှိပြီး ၎င်းတို့ထဲမှ အနည်းငယ်ကိုသာ ကုန်းမကြီးပေါ်တွင် တွေ့ရသည်။[၈] အမေရိကန်ပြည်ထောင်စုသည် အလွန်ကျယ်ပြန့်သဖြင့် တိရစ္ဆာန်များသည် အရေအတွက် များပြား၍ အမျိုး လည်း ကွဲပြားကြ၏။ သမင်၊ ဒရယ်၊ မုစကောင်၊ ဝက်ဝံ၊ ပြောင်၊ တောင်ခြင်္သေ့၊ တောကြောင်မြီးတို၊ အမေရိကန် ကျားသစ်၊ ဝံပုလွေ၊ မြေခွေး၊ တောင်ဆိတ်၊ သိုး၊ ပရေရီခွေး၊ အမေရိကန်ဖျံ၊ ရှဉ့်၊ ယုန်၊ ပင်လယ်ဖျံ၊ ပင်လယ်လိပ်နှင့် အခြားတိရစ္ဆာန် အမျိုးပေါင်းများစွာ ရှိလေသည်။ ငှက်မျိုး ထဲမှလည်း ရစ်ပုမျိုး၊ ရိုးရိုးရစ်၊ စွန်၊ သိမ်းငှက်၊ သစ်တောက် ငှက်၊ ငှက်ပြာ၊ သပိတ်လွယ်ရင်အုပ်နီ၊ သပိတ်လွယ်၊ ကြိုးကြာ နီ၊ မြေလူးငှက်၊ မြေလူးငှက်ဝါ၊ ဝံပိုငှက် စသည်ဖြင့် အမျိုးမျိုး ရှိသည်။ [၉] နို့တိုက်သတ္တဝါ မျိုးကွဲပေါင်း ၄၀၀ ကျော်၊ ငှက်မျိုးကွဲပေါင်း ၇၅၀ ကျော်၊ တွားသွားသတ္တဝါ နှင့် ကုန်းနေရေနေ သတ္တဝါ မျိုးကွဲပေါင်း ၅၀၀ ကျော် တို့ နေထိုင်ရာ ဒေသဖြစ်သည်။[၁၀] အင်းဆက် မျိုးကွဲပေါင်း ၉၁,၀၀၀ ကျော်ကို အမျိုးအစားခွဲခြား တွေ့ရှိပြီး ဖြစ်သည်။[၁၁] ၁၉၇၃ ခုနှစ် မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် သတ္တဝါများ ဥပဒေဖြင့် မျိုးသုဉ်းပျောက်ကွယ်မည်ကို စိုးရိမ်ရသည့် သတ္တဝါတို့နှင့် ၎င်းတို့နေထိုင်ကျက်စားရာ နေရာများကို ထိန်းသိမ်းစောင့်ရှောက်ထားပြီး အမေရိကန်ပြည်ထောင်စု ငါး နှင့် တောရိုင်းတိရစ္ဆာန်ဌာန က စောင့်ကြပ်ကြည့်ရှုလျက် ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် အမျိုးသားဥယျာဉ် ၅၈ ခုနှင့် ဖက်ဒရယ် အစိုးရမှ စီမံခန့်ခွဲသော အခြားဥယျာဉ်များ၊ သစ်တောများ၊ လူအရောက်ပေါက်နည်းသော နေရာများ ရာပေါင်းများစွာ ရှိသည်။ [၁၂]
အားလုံးပေါင်းမည်ဆိုလျှင် အစိုးရသည် နိုင်ငံ မြေဧရိယာ၏ ၂၈.၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။[၁၃] ထိုနေရာ အများစုမှာ ကာကွယ် ထိန်းသိမ်းထားပြီး အချို့ကိုမူ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရန်၊ သတ္တုတူးဖော်ရန်၊ သစ်ထုတ်လုပ်ရန် နှင့် ကျွဲနွားတိရစ္ဆာန်များ မွေးမြူရန် အငှားချထားသည်။ ၂.၄ ရာခိုင်နှုန်းမှာ စစ်ရေးအတွက် အသုံးပြုသည်။[၁၃]
အမေရိကန်ပြည်ထောင်စုသည် မြောက်သမပိုင်းဇုန်တွင် ကျရောက်နေ၍ မြောက်လတ္တီတွဒ် ၂၄ ဒီဂရီ ၂ဝ မိနစ် မှ ၄၉ ဒီဂရီ နှင့် အနောက်လောင်ဂျီတွဒ် ၆၆ ဒီဂရီ ၅၅ မိနစ် မှ ၁၂၄ ဒီဂရီ ၄၅ မိနစ် အကြားတွင် တည်ရှိသည်။
အရှေ့ဘက်သမုဒ္ဒရာမှ အနောက်ဘက်သမုဒ္ဒရာအထိ မိုင်ပေါင်း ၃၁ဝဝ ရှည်လျား၍ မြောက်မှတောင်သို့ အဝေးဆုံးနေရာမှာ မိုင်ပေါင်း ၁၇၈ဝ ရှည်လေသည်။ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းသည် အကွေ့အကောက် ပေါများသောကြောင့် သင်္ဘောဆိပ်ကောင်း များ ရှိလေသည်။ ကမ်းရိုးတန်းသည် တောင်ဘက် ဗော့စတန် မြို့အထိ ကျောက်ဆောင်ထူထပ်၍ ဗော့စတန်မှ လွန်သွာသော် နိမ့်၍ သဲမြေများရှိရာဒေသသို့ ရောက်၏။ ဗော့စတန်မြို့မြောက် ဘက် မိန်းပြည်နယ်၌ ပင်လယ်အော်များနှင့် ရေလက်ကြား အမြောက်အမြား ရှိလေသည်။ နယူးယောက် သင်္ဘောဆိပ်သည် အမေရိကန်ပြည်ထောင်စုအဖို့ အထူးအရေးကြီး အသုံးဝင်သော ဌာနတစ်ခုဖြစ်၏။ အနောက်ဘက်ကမ်းရိုးတန်းမှာလည်း အရှေ့ ဘက်နည်းတူ မညီညွတ်သဖြင့် သင်္ဘောဆိပ်ကောင်းများ ရှိလေ သည်။ ဆန်ဖရန်စစ္စကိုနှင့် ဆန်ဒီယေးဂိုးတို့သည် နာမည်ကျော် ဆိပ်ကမ်းကောင်းများ ဖြစ်ကြ၏။ အရှေ့အတ္တလန္တိတ်ကမ်းရိုး၌ ကျွန်းစုကလေး မြောက်မြားစွာရှိသည့်အနက် ထင်ရှားသော ကျွန်းများမှာ မောင့်ဒဲဆတ်၊ နန့်တပ်ကက်၊ ဗလော့ကျွန်း၊ စတက်တင်ကျွန်းတို့ ဖြစ်လေသည်။ တောင်ဘက် ဖလော်ရီဒါ ကမ်းရိုး၌ကား ဘဟားမားနှင့် ကျူးဗားကျွန်းစုများရှိ၍ အနောက် ဘက်၌ ဆန်တာ ကက်တလီးနားနှင့် ဆန်တာ ဘာဘရာကျွန်းစု များ ရှိသည်။
အမေရိကန်ပြည်ထောင်စု၏ မြေမျက်နှာပြင်မှာ သဘာဝအတိုင်း အရှေ့အတ္တလန္တိတ် ကမ်းရိုးတန်းဒေသ၊ အက်ပလက် ချီယန်တောင်တန်းဒေသ၊ ကျယ်ပြန့်သော အလယ်ပိုင်းလွင်ပြင်၊ အတွင်းကျသော ကုန်းမြင့်ပိုင်းနှင့် အနောက်ဘက် ကော်ဒီလား ရားတောင်တန်းဒေသဟူ၍ ပိုင်းခြားလျက်သား ဖြစ်နေသည်ကို တွေ့ရ၏။ အရေးအကြီးဆုံးမှာ အတ္တလန္တိတ် ကမ်းရိုးဒေသ ဖြစ်သည်။ ဤကမ်းရိုးဒေသ၏ အနောက်ဘက်၌ မြောက်ပိုင်း အယ်လဗားမားပြည်နယ်မှ ပြည်ထောင်စု၏ အရှေ့မြောက်ဘက် ထောင့်စွန်းအထိ ကျယ်ပြန့်သော အက်ပလက်ချီယန်တောင် တန်းဒေသ ရှိ၏။ ထိုဒေသ၌ ပင်လယ်နှင့် အလွန်နီးသောနေရာ များမှာ လွန်စွာအေး၏။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၌ ကား မာကျောသော ကျောက်တောင်ကြီးများသည် မြင့်မားစွာ တည်ရှိနေကြသည်။ မစ်ချဲ့တောင်သည် အမြင့် ပေ ၆၆၈၄ ရှိ ၏။ မြောက်ပိုင်းတွင် သလင်းကျောက်တောင် ခါးပန်းကြီးများ ဖြင့် ပိုင်းခြားထား၏။ ယင်းတို့မှာ နယူးဟမ်ရှိုင်းယာ၌ ဝှိုင် တောင်၊ မက်ဆာချူးဆက်၌ ဗတ်ရှိုင်ယာနှင့် ဗားမောင့်ရှိ ဂရင်းတောင်များ ဖြစ်ကြ၏။
အမေရိကန်ပြည်ထောင်စု အရှေ့ဘက် အက်ပလက်ချီယန် တောင်တန်းများနှင့် အနောက်ဘက် ကော်ဒီလားရားတောင် တန်းဒေသနှစ်ခုစပ်ကြား၌ ကျယ်ပြန့်ညီညာသော လွင်ပြင်ကြီး များ ရှိ၏။ မစ္စစ္စပီ၊ အိုဟိုင်းအိုး နှင့် မစ်ဇူးရီမြစ်တို့သည် လွင်ပြင်ကြီးများကို ဖြတ်၍ စီးဆင်းကြသောကြောင့် မြေဩဇာ ထက်သန် ကောင်းမွန်သဖြင့် ထိုဒေတွင် နေထိုင်ကြသော လူ များသည် လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်ကြလေသည်။ အရှေ့ဘက်၌ ရေကောင်းစွာရ၍ မြေဩဇာကောင်းသောမြေများ၊ မြက်ခင်းပြင်ကြီးများရှိ၍ မြောက်ပိုင်း၌ ရှေးအခါက ရေခဲပြင်ကြီး တိုက်စားသွားခဲ့သော မြေဟောင်းများ ရှိလေသည်။ စစ္စကွန်းဆင်၊ မစ်ရှီဂန်နှင့်မင်နီ ဆိုးတား ပြည်နယ်များ၌ အဖိုးတန် ကြေးနီနှင့် သံတွင်းများ ရှိ၏။ တောင်ဘက်ရှိ ပရေရီ မြက်ခင်းပြင်သည် မက္ကဆီကို ပင်လယ်ကွေ့မှ အရှေ့တောင်ဘက် အတ္တလန္တိတ် ကမ်းရိုးတန်းအထိ ကျယ်ပြန့် ရှည်လျားလေသည်။
အမေရိကန်ပြည်ထောင်စု၏ အနောက်ဘက် သုံးပုံတစ်ပုံမှာ ကား ယေဘုယျအားဖြင့် တောတောင် ထူထပ်၏။ ထိုဒေသမှ ရော့ကီးတောင်တန်းကြီးသည် အရှေ့ဘက် ကျယ်ပြန့်သော လွင်ပြင်ပိုင်းမှစ၍ တက်သွားရာ တောင်တန်းများ အသွယ်သွယ် ဖြာထွက်ပြီးနောက် ကော်လိုရားဒိုး ပြည်နယ်၌ အမြင့်ဆုံး ဖြစ်သွား၏။ သို့ရာတွင် ဝိုင်အိုးမင်း အလယ်ပိုင်း၌ နိမ့်ကျ သွားပြီးလျှင် တစ်ဖန် မွန်တာနာနှင့် အိုက်ဒဟိုး ပြည်နယ် များတွင် မြင့်တက်သွားပြန်လေသည်။ ထိုတောင်တန်း၏ အနောက်ဘက်၌ကား မြင့်မားသော ကုန်းပြင်မြင့်ကြီးများ ရှိ၏။ တောင်ဘက်၌ ကော်လိုရာဒို ကုန်းပြင်မြင့်ရ